ဇာခရိ ၁၀:၁-၁၂

  • မိုး​ရွာ​စေ​ဖို့ မှား​ယွင်း​တဲ့​ဘု​ရားတွေ​ဆီ မဟုတ်​ဘဲ ယေဟောဝါ​ဆီ ဆုတောင်း​ကြ (၁၊ ၂)

  • လူမျိုး​တော်​ကို ယေဟောဝါ ပြန်​စု​စည်း (၃-၁၂)

    • ယုဒ​အမျိုး​ထဲ​က အရေး​ပါ​အရာရောက်​သူ (၃၊ ၄)

၁၀  “နွေဦး​မိုး ရွာ​ရ​မယ့်​အချိန်​မှာ မိုး​ရွာ​စေ​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ကြ။ ယေဟောဝါ​က မိုး​တိမ်​တွေ​ကို ဖြစ်​ပေါ်​စေ​တယ်။ လူ​တွေ​အတွက် မိုး​ရွာ​စေ​တယ်။+ လူ​တိုင်း​အတွက် အပင်​တွေ ပေါက်​စေ​တယ်။  ၂  တေ​ရပ်​ရုပ်​တု​တွေ* ပြော​သမျှ​ဟာ လှည့်​စား​မှု​တွေ​ပဲ။ နတ်​ဆိုး​အတတ်​လိုက်​စား​သူ​တွေ မြင်​တဲ့ စိတ်​အာ​ရုံ​က​လည်း မဟုတ်​မမှန်​တာ​တွေ​ချည်း​ပဲ။ အဓိပ္ပာယ်​မရှိ​တဲ့ အိပ်​မက်​တွေ​အကြောင်း ပြော​ပြီး နှစ်​သိမ့်​ဖို့ ကြိုး​စား​ပေမဲ့ အချည်း​နှီး​ပါ​ပဲ။ ဒါ​ကြောင့် လူ​တွေ​ဟာ သိုး​တွေ​လို ခြေ​ဦး​တည့်​ရာ သွား​နေ​ရ​လိမ့်​မယ်။ သိုးထိန်း​မရှိ​တော့ ဒုက္ခရောက်ရ​လိမ့်​မယ်။  ၃  သိုးထိန်း​တွေ​ကို ငါ​အကြီး​အကျယ် အမျက်​ထွက်​တယ်။ ဖိ​နှိပ်​တဲ့​ခေါင်း​ဆောင်​တွေ​ကို ဖြေရှင်း​ချက်​တောင်း​မယ်။ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​က ငါ့​သိုး​အုပ်​ဖြစ်​တဲ့ ယုဒ​အမျိုး​ကို အာ​ရုံ​စိုက်​ပြီ။+ သူတို့​ကို ခံ့​ညား​ထည်​ဝါ​တဲ့ ငါ့​ရဲ့​စစ်မြင်း​လို ဖြစ်​စေ​ပြီ။  ၄  ယုဒ​အမျိုး​က​နေ အရေး​ပါ​အရာရောက်​သူ၊လက်​ထောက်​အုပ်​စိုး​ရှင်၊ စစ်​ပွဲ​မှာ​သုံး​တဲ့​လေး​နဲ့ ကြီး​ကြပ်​မှူး​တွေ ပေါ်​ထွက်​လာ​တယ်။ သူတို့​အားလုံး ယုဒ​အမျိုး​က​နေ ပေါ်​ထွက်​လာ​တယ်။  ၅  သူတို့​က စစ်​ပွဲ​မှာ လမ်း​ပေါ်​က​ရွှံ့​တွေ​ကို နင်း​ခြေ​တဲ့ စစ်​သူ​ရဲတွေ​လို ဖြစ်​လိမ့်​မယ်။ ယေဟောဝါ အတူ​ရှိ​နေ​တဲ့​အတွက် သူတို့ စစ်​ဆင်​နွှဲ​ကြ​လိမ့်​မယ်။+ ရန်​သူ့​ မြင်း​စီး​သူ​ရဲတွေ အရှက်​ကွဲ​သွား​မယ်။+  ၆  ငါ​က ယုဒ​အမျိုး​ကို သာ​လွန်​မြင့်မြတ်​စေ​မယ်။ ယော​သပ်​အမျိုး​ကို ကယ်​တင်​မယ်။+ သူတို့​ကို ကရု​ဏာ​ပြပြီး ပြန်​ထူ​ထောင်​ပေး​မယ်။+ ငါ တစ်​ခါ​မှ မစွန့်​ပစ်​ဖူး​တဲ့​သူ​တွေ​လို ဖြစ်​လိမ့်​မယ်။+ ငါ​ဟာ သူတို့​ရဲ့​ဘု​ရား ယေဟောဝါ​ဖြစ်​တဲ့​အတွက် သူတို့​ရဲ့​ဆုတောင်း​ချက်​ကို အဖြေပေး​မယ်။  ၇  ဧ​ဖရိမ်​လူ​တွေ​ဟာ ခွန်​အား​ကြီး​တဲ့ စစ်​သူ​ရဲ​လို ဖြစ်​လိမ့်​မယ်။ ဝိုင်​သောက်​ထား​သူ​တွေ​လို ဝမ်းမြောက်​နေ​လိမ့်​မယ်။+ သူတို့​ရဲ့​သား​တွေ​က​လည်း ဒါ​ကို​မြင်​ပြီး ဝမ်း​မြောက်​ကြ​လိမ့်​မယ်။ ယေဟောဝါ​ကြောင့် စိတ်​ရွှင်​လန်း​လိမ့်​မယ်။+  ၈  ‘ငါ​က သူတို့​ကို လေ​ချွန်​ခေါ်​ပြီး စုဝေး​မယ်။ သူတို့​ကို ရွေး​ယူ​မယ်။+ သူတို့ တိုး​များ​လာ​မယ်။ ဆက်​ပြီး တိုး​များ​နေ​လိမ့်​မယ်။  ၉  ငါ​က သူတို့​ကို လူ​တွေ​အလယ်​မှာ မျိုး​စေ့​လို​ကြဲ​ပေမဲ့ ဝေး​လံ​တဲ့​ဒေ​သတွေ​မှာ ငါ့​ကို သူတို့ သတိ​ရ​ကြ​လိမ့်​မယ်။ သူတို့​က သား​တွေ​နဲ့​အတူ အား​ပြည့်​ပြီး ပြန်​လာ​ကြ​လိမ့်​မယ်။ ၁၀  သူတို့​ကို အီဂျစ်​ပြည်​က​နေ ငါ​ပြန်​ခေါ်​လာ​မယ်။ အဆီး​ရီး​ယား​ပြည်​က​နေ+ ပြန်​စု​သိမ်း​မယ်။ ဂိလဒ်​ပြည်​နဲ့+ လက်​ဘ​နွန်​ပြည်​ဆီ ခေါ်​လာ​မယ်။ သူတို့​နေ​စ​ရာ​မြေဟာ မလောက်​နိုင်​အောင် ဖြစ်​လိမ့်​မယ်။+ ၁၁  ငါ​က ပင်လယ်​ကို ဖြတ်​သွား​တဲ့​အခါ မွှေ​နှောက်​မယ်။ ပင်လယ်​လှိုင်း​တွေ​ကို ဒဏ်​ခတ်​မယ်။+ နိုင်း​မြစ်​ရေ ခန်း​ခြောက်​သွား​မယ်။ အဆီး​ရီး​ယား​ရဲ့ မာ​န​ကို ချိုး​မယ်။ အီဂျစ်ရဲ့ ရာ​ဇ​လှံ​တံ​လည်း ကွယ်ပျောက်​လိမ့်​မယ်။+ ၁၂  ငါ​ယေဟောဝါ​က သူတို့​ကို သာလွန်​မြင့်မြတ်​စေ​မယ်။+ ငါ့​နာ​မည်​ကို​ခံ​ယူ​ပြီး သူတို့ အသက်​ရှင်​ကြ​လိမ့်​မယ်။’+ ဒါ​ဟာ ယေဟောဝါ​ပြော​တဲ့ စကား​ပဲ။”

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။