ဇာခရိ ၁၃:၁-၉
၁၃ “အဲဒီနေ့မှာ အပြစ်နဲ့ မစင်ကြယ်မှုကို သန့်စင်ပေးဖို့ ဒါဝိဒ်အမျိုးနဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေအတွက် ရေတွင်းတစ်တွင်း တူးထားမယ်။+
၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– “အဲဒီနေ့ရောက်ရင် တိုင်းပြည်မှာရှိတဲ့ ရုပ်တုတွေကို ဘယ်သူမှ အမှတ်မရတော့အောင် ငါ အကုန်အစင် ဖယ်ရှားမယ်။+ ပရောဖက်တွေကိုရော ညစ်ညူးတဲ့စွမ်းအားကိုပါ တိုင်းပြည်ကနေ ပယ်ရှင်းမယ်။+
၃ တစ်ယောက်ယောက်က ထပ်ပြီး ပရောဖက်ပြုဦးမယ်ဆိုရင် သူ့ကိုမွေးထုတ်တဲ့ မိဘက ‘ယေဟောဝါဘုရားရဲ့ နာမည်ကိုသုံးပြီး လိမ်ညာဟောတဲ့အတွက် မင်း အသက်မရှင်ရဘူး’ လို့ ပြောလိမ့်မယ်။ ပြီးတော့ ပရောဖက်ပြုတဲ့သူ့ကို မိဘက ထိုးသတ်လိမ့်မယ်။+
၄ “အဲဒီနေ့မှာ ပရောဖက်တွေက ပရောဖက်ပြုရင်းနဲ့ မြင်ရတဲ့ စိတ်အာရုံကြောင့် အရှက်ကွဲရလိမ့်မယ်။ လူတွေကို လှည့်စားဖို့ သားမွေးထည် ပရောဖက်ဝတ်ရုံကို+ ဝတ်ရတော့မှာ မဟုတ်ဘူး။
၅ သူတို့က ‘ကျွန်တော် ပရောဖက် မဟုတ်ပါဘူး။ လယ်သမားပါ။ ကျွန်တော့်ကို ငယ်ငယ်ကတည်းက ကျွန်အဖြစ် ဝယ်ထားတာ’ လို့ပြောလိမ့်မယ်။
၆ ‘မင်းကိုယ်ပေါ်က* ဒဏ်ရာတွေ ဘယ်လိုရခဲ့တာလဲ’ လို့ မေးကြတဲ့အခါ ‘မိတ်ဆွေရဲ့အိမ်မှာ ရခဲ့တဲ့ ဒဏ်ရာတွေပါ’ လို့ဖြေလိမ့်မယ်။”
၇ “အို ဓား၊ နိုးထပါတော့။
ငါ့သိုးထိန်းကို+ တိုက်ခိုက်ပါတော့၊ ငါ့မိတ်ဆွေကို တိုက်ခိုက်ပါတော့။
သိုးထိန်းကို ရိုက်သတ်လိုက်။+ သိုးတွေ ကွဲလွင့်သွားပါစေ။+
အရေးမပါတဲ့သူတွေကို ရိုက်ဖို့ ငါ့လက်ကို ရွယ်မယ်။” ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။
၈ ယေဟောဝါ ပြောတာက–
“တစ်ပြည်လုံးမှာ လူသုံးပုံနှစ်ပုံ ပယ်ရှင်းခံရပြီး သေဆုံးသွားမယ်။
တစ်ပုံပဲ ကျန်လိမ့်မယ်။
၉ ငါက အဲဒီတစ်ပုံကို မီးထဲ ဖြတ်ခိုင်းမယ်။
ငွေကို သန့်စင်သလို သူတို့ကို သန့်စင်ပေးမယ်။
ရွှေကို စစ်သလို စစ်ဆေးမယ်။+
သူတို့က ငါ့နာမည်ကိုခေါ်ပြီး ဆုတောင်းကြမယ်။
ငါလည်း အဖြေပေးမယ်။
‘သူတို့ဟာ ငါ့လူတွေပဲ’+ လို့ ငါပြောမယ်။
သူတို့ကလည်း ‘ယေဟောဝါဟာ ငါတို့ရဲ့ဘုရားသခင်ပဲ’ လို့ပြောကြလိမ့်မယ်။”
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “လက်နှစ်ဖက်ကြားက။” ရင်ဘတ်ပေါ်၊ ကျောပေါ်က။