ဇာခရိ ၅:၁-၁၁

  • စိတ်​အာ​ရုံ ၆– ပျံ​ဝဲ​နေ​တဲ့ စာ​လိပ် (၁-၄)

  • စိတ်​အာ​ရုံ ၇– ဧ​ဖာ​တောင်း (၅-၁၁)

    • ဆိုး​ညစ်​မှု​ကို ဆိုလို​တဲ့ မိန်း​မ ()

    • ရှိ​နာ​ပြည်​ကို ပါ​သွား​တဲ့ တောင်း (၉-၁၁)

 ပျံ​ဝဲ​နေ​တဲ့ စာ​လိပ်​တစ်​လိပ်​ကို စိတ်​အာ​ရုံ​ထဲ​မှာ ကျွန်​တော် မြင်​တယ်။ ၂  ကောင်း​ကင်​တ​မန်​က “ဘာ​မြင်​ရလဲ” လို့​မေး​တဲ့​အခါ၊ ကျွန်​တော်​က “ပျံ​ဝဲ​နေ​တဲ့ စာ​လိပ်​ကို မြင်​ပါ​တယ်။ အလျား​အတောင်* ၂၀၊ အနံ ၁၀ တောင်​ရှိ​ပါ​တယ်” လို့​ဖြေတယ်။ ၃  ဒါ​နဲ့ ကျွန်​တော့်​ကို သူ​ပြော​တယ်– “အဲဒီ​စာ​လိပ်​ဟာ မြေတစ်​ပြင်​လုံး​ပေါ် သွား​လာ​နေ​တဲ့ ကျိန်​စာ​ပဲ။ သူ​ခိုး​တွေ​ဟာ+ စာ​လိပ်​ရဲ့ ဒီ​ဘက်​ခြမ်း​မှာ ရေး​ထား​တဲ့ ကျိန်​စာ​အတိုင်း ပြစ်​ဒဏ်​မခံ​ရ​သေး​ဘူး၊ မဟုတ်​မမှန် ကျိန်​ဆို​သူ​က​လည်း+ စာ​လိပ်​ရဲ့ ဟို​ဘက်​ခြမ်း​မှာ ရေး​ထား​တဲ့ ကျိန်​စာ​အတိုင်း ပြစ်​ဒဏ်​မခံ​ရ​သေး​ဘူး။ ဒါ​ကြောင့် စာ​လိပ်​က အဲဒီ​လို သွား​လာ​နေ​တာ။ ၄  ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တာ​က ‘အဲဒီ​စာ​လိပ်​ကို ငါ​စေ​လွှတ်​လိုက်​ပြီ။ အဲဒီ​စာ​လိပ်​က သူ​ခိုး​ရဲ့​အိမ်၊ ငါ့​နာ​မည်​ကို​သုံး​ပြီး မဟုတ်​မမှန် ကျိန်​ဆို​သူ​ရဲ့​အိမ်​ထဲ ဝင်​သွား​လိမ့်​မယ်။ အဲဒီ​အိမ်​မှာ​နေ​ပြီး ပျဉ်​ချပ်​တွေ၊ ကျောက်​တွေ​ပါ​မကျန် ဝါး​မျို​လိမ့်​မယ်။’” ၅  ကျွန်​တော်​နဲ့​စကား​ပြော​နေ​တဲ့ ကောင်း​ကင်​တ​မန်​က အနား​လာ​ပြီး “ဟို​မှာ လွင့်​လာ​တာ ဘာ​လဲ၊ ကြည့်​လိုက်​ပါ​ဦး” လို့​ပြော​တယ်။ ၆  “အဲ​ဒါ ဘာ​ကြီး​လဲ” လို့ ကျွန်​တော်​မေး​တဲ့​အခါ၊ သူ​က “လွင့်​လာ​တဲ့ ဧ​ဖာ* တောင်း​ပဲ။ ဒါ​ဟာ မြေတစ်​ပြင်​လုံး​မှာ​ရှိ​တဲ့ လူ​တွေရဲ့ ပုံ​ပန်း​သဏ္ဌာန်​ပဲ” လို့​ဖြေတယ်။ ၇  ခဲ​နဲ့​လုပ်​ထား​တဲ့ တောင်း​အဖုံး ပွင့်​လာ​ပြီး တောင်း​ထဲ​မှာ မိန်း​မတစ်​ယောက် ထိုင်​နေ​တာ​ကို ကျွန်​တော်​မြင်​တယ်။ ၈  “အဲ​ဒီ​မိန်း​မက ဆိုး​ညစ်​မှု​ကို ဆိုလို​တယ်” လို့​သူ​ပြော​တယ်။ ပြီး​တော့ အဲဒီ​မိန်း​မကို ဧ​ဖာ​တောင်း​ထဲ ပြန်​တွန်း​ချ​ပြီး တောင်း​အဝ​ကို အဖုံး​နဲ့ ပြန်​ဖုံး​လိုက်​တယ်။ ၉  အဲဒီ​နောက် ကျွန်​တော် ကြည့်​လိုက်​တဲ့​အခါ မိန်း​မနှစ်​ယောက် ထွက်​လာ​တာ​ကို မြင်​တယ်။ သူတို့ လေ​ဟုန်​စီး​ပြီး ပျံ​ဝဲ​လာ​တယ်။ သူတို့​မှာ ငှက်​ကျား​လို အတောင်​တွေ​ရှိ​တယ်။ သူတို့​က အဲဒီ​တောင်း​ကို မိုး​နဲ့​မြေစပ်​ကြား​ကို ချီ​မသွား​တယ်။ ၁၀  ဒါ​နဲ့ ကျွန်​တော်​နဲ့​စကား​ပြော​နေ​တဲ့ ကောင်း​ကင်​တ​မန်​ကို “ဧ​ဖာ​တောင်း​ကို သူတို့ ဘယ်​ကို​သယ်​သွား​နေ​တာ​လဲ” လို့​မေး​တယ်။ ၁၁  သူ​က “ရှိ​နာ​ပြည်​ကို*+ သယ်​သွား​နေ​တာ။ တောင်း​ထဲ​က​မိန်း​မ​အတွက်​ အဲဒီ​မှာ အိမ်​ဆောက်​ပေး​မလို့။ အိမ်​ဆောက်​ပြီး​သွား​တဲ့​အခါ သူ့​ကို နေ​သင့်​တဲ့​အရပ်​မှာ နေ​ရာ​ချ​ထား​လိမ့်​မယ်” လို့​ဖြေတယ်။

အောက်ခြေမှတ်ချက်များ

တစ်​တောင်​က ၄၄.၅ စမ (၁၇.၅ လက်​မ) နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
တစ်​ဧ​ဖာ​က ၂၂ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ဗာ​ဗု​လုန်​ပြည်။