ဇာခရိ ၆:၁-၁၅

  • စိတ်​အာ​ရုံ ၈– မြင်း​ရ​ထား​လေး​စီး (၁-၈)

  • ဘု​ရင်​နဲ့ ပု​ရော​ဟိတ်​ဖြစ်​လာ​မယ့် အတက် (၉-၁၅)

 ကြေး​နီ​တောင်​နှစ်​လုံး​ကြား​က​နေ မြင်း​ရ​ထား ၄ စီး ထွက်​လာ​တာ​ကို စိတ်​အာ​ရုံ​ထဲ​မှာ ကျွန်​တော်​မြင်​တယ်။ ၂  ပထ​မမြင်း​ရ​ထား​ကို မြင်း​နီ​တွေ၊ ဒုတိ​ယ​မြင်း​ရ​ထား​ကို မြင်း​နက်​တွေ၊+ ၃  တ​တိ​ယ​မြင်း​ရ​ထား​ကို မြင်း​ဖြူ​တွေ၊ စ​တုတ္ထ​မြင်း​ရ​ထား​ကို ရောင်​စုံ​ပါ​တဲ့​မြင်း​တွေ​နဲ့ အကွက်​အပြောက်​ပါ​တဲ့ မြင်း​တွေ​က ဆွဲ​လာ​တယ်။+ ၄  ကျွန်​တော်​နဲ့​စကား​ပြော​နေ​တဲ့ ကောင်း​ကင်​တ​မန်​ကို “သခင်၊ အဲဒီ​မြင်း​ရ​ထား​တွေ​က ဘာ​ကို​ဆိုလို​တာ​လဲ” လို့​မေး​လိုက်​တယ်။ ၅  ကောင်း​ကင်​တ​မန်​က “အဲဒီ​မြင်း​ရ​ထား​တွေ​ဟာ မြေတစ်​ပြင်​လုံး​ကို​ပိုင်​စိုး​တဲ့ သခင်​ရှေ့​မှာ ခစား​ပြီး+ ထွက်​လာ​တဲ့ ဝိညာဉ်​သတ္တ​ဝါ​လေး​ပါး​ပဲ။*+ ၆  မြင်း​နက်​တွေ​ဆွဲ​တဲ့ မြင်း​ရ​ထား​က မြောက်​အရပ်​မှာ​ရှိ​တဲ့ ပြည်​ဆီ ထွက်​သွား​တယ်။+ မြင်း​ဖြူ​တွေ​က ပင်လယ်​အနောက်​ဘက်​မှာ​ရှိ​တဲ့ ပြည်​ဆီ ထွက်​သွား​တယ်။ အကွက်​အပြောက်​ပါ​တဲ့ မြင်း​တွေ​က တောင်​အရပ်​မှာ​ရှိ​တဲ့ ပြည်​ဆီ ထွက်​သွား​တယ်။ ၇  ရောင်​စုံ​ပါ​တဲ့ မြင်း​တွေ​က မြေတစ်​ပြင်​လုံး​ကို လှည့်​လည်​သွား​လာ​ဖို့ စိတ်​ပြင်း​ပြနေ​တယ်” လို့​ပြော​တယ်။ အဲဒီ​နောက် သူ​က “မြေတစ်​ပြင်​လုံး​ကို လှည့်​လည်​သွား​လာ​ကြ” လို့​ပြော​တဲ့​အတွက် မြင်း​တွေ​က မြေတစ်​ပြင်​လုံး​ကို လှည့်​လည်​သွား​လာ​ကြ​တော့​တယ်။ ၈  ပြီး​တော့ သူ​က “ကြည့်​လိုက်​ပါ။ မြောက်​အရပ်​မှာ​ရှိ​တဲ့ ပြည်​ဆီ ထွက်​သွား​တဲ့ မြင်း​တွေ​ကြောင့် အဲဒီ​ပြည်​ကို ယေဟောဝါ​ဘု​ရား စိတ်​ပြေသွား​ပြီ” လို့ ကျွန်​တော့်​ကို ပြော​တယ်။ ၉  ယေဟောဝါ​က ကျွန်​တော့်​ကို ပြော​တယ်– ၁၀  “ပြည်​နှင်​ခံ​တွေရဲ့ အလှူ​ပစ္စည်း​ကို ဟေ​လ​ဒဲ၊ တော​ဘိ​ယ၊ ယေ​ဒါ​ယ​ဆီ​က​နေ ယူ​လိုက်​ပါ။ အဲဒီ​နေ့​မှာ ဗာ​ဗု​လုန်​က​လာ​တဲ့​သူ​တွေ​နဲ့​အတူ ဇေ​ဖနိ​ရဲ့​သား ယော​ရှိ​ရဲ့​အိမ်​ကို သွား​ပါ။ ၁၁  ပြီး​တော့ ရွှေ​ငွေ​တွေ ယူ​ပြီး သရ​ဖူ​လုပ်​ပါ။ အဲဒီ​သရ​ဖူ​ကို ယော​ဇ​ဒက်​ရဲ့​သား ပု​ရော​ဟိတ်​မင်း ယောရှု​ကို+ ဆောင်း​ပေး​ပါ။ ၁၂  သူ့​ကို ပြော​ရ​မှာ​က– “‘ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပြော​တယ်၊ “အတက်​ဆို​တဲ့+ နာ​မည်​ကို ရ​ထား​တာ ဒီ​လူ​ပဲ။ သူ​ဟာ သူ့​နေ​ရာ​က​နေ ပေါ်​ထွက်​လာ​မယ်။ ယေဟောဝါ​ရဲ့ ဗိမာန်​တော်​ကို တည်​ဆောက်​မယ်။+ ၁၃  ယေဟောဝါ​ရဲ့ ဗိမာန်​တော်​ကို သူ​တည်​ဆောက်​မယ်။ ခံ့​ညား​ထည်​ဝါ​မှု​ကို ပိုင်​ဆိုင်​မယ်။ ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​ပြီး ဘု​ရင်​အဖြစ် အုပ်​စိုး​မယ်။ ရာ​ဇ​ပလ္လင်​ပေါ်​မှာ ထိုင်​တဲ့ ပု​ရော​ဟိတ်​လည်း ဖြစ်​လာ​မယ်။+ အဲဒီ​တာဝန်​နှစ်​ခု​စ​လုံး​ကို သူ​ထမ်း​ဆောင်​တဲ့​အခါ ငြိမ်း​ချမ်း​ညီ​ညွတ်​လိမ့်​မယ်။ ၁၄  အဲဒီ​သရ​ဖူ​က ဟေလင်၊​ တော​ဘိ​ယ၊ ယေ​ဒါ​ယ​နဲ့+ ဇေ​ဖနိ​ရဲ့​သား ဟေ​န​တို့​လုပ်​ဆောင်​ခဲ့​တာ​တွေ​ကို ပြန်​အောက်​မေ့​စေ​တဲ့​အရာ​အဖြစ် ယေဟောဝါ​ရဲ့ ဗိမာန်​တော်​မှာ ရှိ​နေ​မယ်။ ၁၅  ရပ်​ဝေး​မှာ​ရှိ​တဲ့​လူ​တွေ ရောက်​လာ​ပြီး ယေဟောဝါ​ရဲ့​ဗိမာန်​တော် တည်​ဆောက်​ရေး​မှာ ပါ​ဝင်​ကြ​လိမ့်​မယ်။” ယေဟောဝါ​ဘု​ရားရဲ့ စကား​ကို ခင်​ဗျား​တို့ နား​ထောင်​မယ်​ဆို​ရင် ကျွန်​တော့်​ကို စေ​လွှတ်​တဲ့​သူ​ဟာ ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ပဲ​ဆို​တာ ခင်​ဗျား​တို့ သိ​ရ​လိမ့်​မယ်။’”

အောက်ခြေမှတ်ချက်များ

ကောင်း​ကင်​တ​မန်​အင်​အား ၄ စု​ကို ဆိုလို။