ဇာခရိ ၉:၁-၁၇

  • အိမ်နီးချင်းလူမျိုးတွေအတွက် တရားစီရင်ချက် (၁-၈)

  • ဇိအုန်ရဲ့ဘုရင် လာနေတယ် (၉၊ ၁၀)

    • နှိမ့်ချတဲ့ဘုရင်တစ်ပါး မြည်းစီးလာ ()

  • ယေဟောဝါရဲ့လူမျိုး လွတ်မြောက် (၁၁-၁၇)

၉  ဘုရားသခင်ရဲ့ တရားစီရင်ချက်– “ယေဟောဝါက ဟာဒရက်ပြည်ကို ပြစ်တင်ပြောဆိုတယ်။ ဒမတ်စကတ်မြို့ကို ဦးတည်ပြီး ပြောဆိုတယ်။+ လူသားတွေနဲ့ အစ္စရေးမျိုးနွယ်အားလုံးကိုယေဟောဝါ ကြည့်နေတယ်။+  ၂  နယ်ချင်းထိစပ်နေတဲ့ ဟာမတ်မြို့ကိုလည်း+ ပြစ်တင်ပြောဆိုတယ်။ တိုင်ရာနဲ့+ ဆိုင်ဒုန်မြို့ဟာ+ ဉာဏ်ပညာရှိလွန်းတဲ့အတွက်+ သူတို့ကိုလည်း ပြစ်တင်ပြောဆိုတယ်။  ၃  တိုင်ရာက ခံစစ်ကုန်းရိုးကို တည်ဆောက်တယ်။ ငွေကို မြေမှုန့်လို၊ရွှေကို လမ်းပေါ်က အမှိုက်လို စုပုံထားတယ်။+  ၄  ကြည့်ပါ။ သူ့စည်းစိမ်တွေကို ယေဟောဝါ သိမ်းယူလိမ့်မယ်။ သူ့စစ်တပ်ကို ပင်လယ်ထဲ ချပစ်မယ်။+ သူ့ကို မီးတွေ ဝါးမျိုမယ်။+  ၅  အာရှကေလုန်မြို့က အဲဒါကိုမြင်ပြီး ကြောက်သွားမယ်။ ဂါဇာမြို့က အကြီးအကျယ် ဝေဒနာခံစားရလိမ့်မယ်။ ဧကြုန်မြို့ကလည်း သူမျှော်လင့်အားထားရာ အရှက်ကွဲသွားလို့ အကြီးအကျယ် ဝေဒနာခံစားရလိမ့်မယ်။ ဂါဇာမြို့ရဲ့ဘုရင် ဖယ်ရှားခံရလိမ့်မယ်။ အာရှကေလုန်မြို့မှာ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+  ၆  တရားဝင်လက်မထပ်ဘဲ မွေးတဲ့သားက အာဇုတ်မြို့မှာ အခြေချလိမ့်မယ်။ ဖိလိတိရဲ့မာနကို ငါချိုးမယ်။+  ၇  သူ့ပါးစပ်ထဲက သွေးစွန်းနေတဲ့အရာတွေကို၊သွားကြားထဲက ရွံရှာစရာတွေကို ငါဆွဲထုတ်မယ်။ သူ့ဆီမှာ ကျန်ကြွင်းတဲ့သူတွေကို ဘုရားသခင် ပိုင်ဆိုင်ရလိမ့်မယ်။ သူဟာ ယုဒပြည်မှာ စော်ဘွားလို၊+ဧကြုန်မြို့သားတွေဟာ ယေဗုသိလူမျိုးလို ဖြစ်လာမယ်။+  ၈  ငါ့အိမ်တော်ကို ကာကွယ်ဖို့ အစောင့်လို တပ်ချနေမယ်။+ ဒါကြောင့် ဝင်ထွက်သွားလာသူ ရှိမှာမဟုတ်ဘူး။ အလုပ်ကြီးကြပ်သူတစ်ယောက်မှ ရောက်လာတော့မှာ မဟုတ်ဘူး။+ သူတို့ခံရတဲ့ ဒုက္ခကို ငါတပ်အပ်မြင်ပြီ။  ၉  ဇိအုန်သမီးပျို၊ အကြီးအကျယ် ဝမ်းမြောက်ပါ။ ဂျေရုဆလင်သမီးပျို၊ အောင်သံလွှင့်ပါ။ မင်းရဲ့ဘုရင်က မင်းဆီ လာနေတယ်။+ သူဟာ ဖြောင့်မတ်တယ်။ ကယ်တင်ခြင်းကို ယူဆောင်လာတယ်။ စိတ်နှိမ့်ချတယ်။+ မြည်းမရဲ့သား၊ မြည်းကလေးကို စီးပြီး လာနေတယ်။+ ၁၀  စစ်မြင်းရထားတွေကို ဧဖရိမ်ကနေ၊မြင်းတွေကို ဂျေရုဆလင်ကနေ ငါပယ်ရှင်းမယ်။ စစ်ပွဲမှာသုံးတဲ့ လေးတွေကိုလည်း ပယ်ရှင်းမယ်။ လူမျိုးတွေကို ငြိမ်းချမ်းရေးအကြောင်း သူကြေညာလိမ့်မယ်။+ သူ့ရဲ့အုပ်ချုပ်ခွင့်အာဏာဟာ ပင်လယ်တစ်ပြင်ကနေ တစ်ပြင်အထိ၊မြစ်ကြီး* ကနေ မြေကြီးစွန်းအထိ သက်ရောက်လိမ့်မယ်။+ ၁၁  အို အမျိုးသမီး၊ မင်းနဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ရဲ့သွေးကြောင့်မင်းရဲ့အကျဉ်းသားတွေကို ရေမရှိတဲ့ တွင်းထဲကနေ ငါလွှတ်ပေးမယ်။+ ၁၂  မျှော်လင့်ချက်ရှိတဲ့ အကျဉ်းသားတို့၊ ရဲတိုက်ဆီ ပြန်လာကြ။+ ငါအခုပဲ ပြောလိုက်မယ်– ‘အို အမျိုးသမီး၊ မင်းကို ကောင်းချီးနှစ်ဆ ငါပေးမယ်။+ ၁၃  ယုဒကို ငါ့ရဲ့ လေးအဖြစ် တင်မယ်။ အဲဒီလေးမှာ ဧဖရိမ်ဆိုတဲ့မြားကို တပ်မယ်။ အို ဇိအုန်၊ မင်းရဲ့သားတွေကို ငါနှိုးဆော်မယ်။ အို ဂရိ၊ မင်းရဲ့သားတွေကို ငါဆန့်ကျင်မယ်။ ဇိအုန်ကို စစ်သူရဲရဲ့ဓားလို ဖြစ်စေမယ်။’ ၁၄  ယေဟောဝါက လူမျိုးတော်နဲ့အတူ ရှိနေမှန်း ထင်ရှားပြလိမ့်မယ်။ ဘုရားရဲ့မြားဟာ လျှပ်စီးလို ပြေးလိမ့်မယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက တံပိုးမှုတ်ပြီး+ တောင်ဘက်ကနေ လေမုန်တိုင်းနဲ့အတူ စစ်ချီလိမ့်မယ်။ ၁၅  ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက သူတို့ကို ကာကွယ်ပေးမယ်။ လောက်လွှဲကျောက်တွေနဲ့ တိုက်ခိုက်လာတဲ့ ရန်သူတွေကို သူတို့ အနိုင်ရလိမ့်မယ်။+ ဝိုင်သောက်ပြီး ပျော်မြူးနေသူတွေလို ဖြစ်လိမ့်မယ်။ ပူဇော်ရာမှာသုံးတဲ့ ဇလုံတွေမှာ၊ပူဇော်ရာပလ္လင်ထောင့်တွေမှာ+ သွေးတွေလျှံသလို သူတို့ဆီမှာ ရွှင်လန်းခြင်း ပြည့်လျှံနေမယ်။ ၁၆  အဲဒီနေ့ရောက်တဲ့အခါ ယေဟောဝါဘုရားက မိမိရဲ့သိုးအုပ်ဖြစ်တဲ့ လူမျိုးတော်ကို ကယ်တင်မယ်။+ သူတို့ဟာ သရဖူပေါ်က ကျောက်မျက်တွေလို ဘုရားပိုင်တဲ့မြေမှာ ဖိတ်ဖိတ်တောက်နေလိမ့်မယ်။+ ၁၇  ဘုရားရဲ့ ကောင်းမြတ်ခြင်း ကျေးဇူး ကြီးမားလိုက်တာ။+ ဘုန်းကျက်သရေဟာလည်း ခံ့ညားလိုက်တာ။ လူပျိုတွေဟာ ကောက်နှံကြောင့် ကျန်းမာသန်စွမ်းလိမ့်မယ်။ အပျိုတွေက စပျစ်ဝိုင်အသစ်ကြောင့် ရွှင်လန်းကြလိမ့်မယ်။”+

အောက်ခြေမှတ်ချက်များ

ယူဖရေးတီးမြစ်။