တမန်တော် ၁၄:၁-၂၈
၁၄ ပေါလုနဲ့ ဗာနဗက အိကောနိမြို့ကို ရောက်လာတဲ့အခါ ဂျူးတရားဇရပ်ထဲ ဝင်ပြီး ထိထိရောက်ရောက် ဟောပြောတဲ့အတွက် ဂျူးနဲ့ဂရိလူမျိုး အတော်များများ ယုံကြည်သူတွေ ဖြစ်လာတယ်။
၂ မယုံကြည်တဲ့ ဂျူးတွေကတော့ လူမျိုးခြားတွေကို သွေးထိုးလှုံ့ဆော်ပြီး ပေါလုနဲ့ ဗာနဗကို လူတွေမုန်းအောင် ဆွပေးတယ်။+
၃ ဒါကြောင့် အဲဒီမှာ ရက်အတော်ကြာ နေထိုင်ပြီး ယေဟောဝါ* ပေးတဲ့ အခွင့်အာဏာနဲ့ ရဲရဲရင့်ရင့် သူတို့ ဟောပြောကြတယ်။ ဘုရားသခင်က သူတို့ကို အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ ပြုလုပ်နိုင်တဲ့အခွင့် ပေးသနားခြင်းအားဖြင့် မဟာကရုဏာတော်နဲ့ဆိုင်တဲ့ သတင်းတရားကို သက်သေခံတယ်။+
၄ ဒါပေမဲ့ မြို့သူမြို့သား အတော်များများ စိတ်ဝမ်းကွဲပြီး တချို့က ဂျူးတွေဘက်၊ တချို့က တမန်တော်တွေဘက်မှာ နေကြတယ်။
၅ လူမျိုးခြားတွေရော ဂျူးတွေ၊ ခေါင်းဆောင်တွေပါ တမန်တော်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြီး ကျောက်ခဲနဲ့ပေါက်ဖို့ လုပ်ကြတယ်။+
၆ အဲဒီသတင်းကို ကြားတဲ့အခါ သူတို့က လုကောနိပြည်မှာရှိတဲ့ လုတ္တရမြို့၊ ဒေရဗေမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေဆီ ထွက်ပြေးပြီး၊+
၇ အဲဒီမှာ သတင်းကောင်း ဆက်ဟောပြောကြတယ်။
၈ မွေးကတည်းက ခြေမသန်လို့ လမ်းမလျှောက်ဖူးတဲ့ လူတစ်ယောက် လုတ္တရမြို့မှာ ရှိနေတယ်။
၉ သူဟာ ပေါလုဟောတာကို ထိုင်ပြီး နားထောင်နေတယ်။ ပေါလုက သေချာကြည့်ပြီး သူ့မှာ ပြန်ကောင်းလာနိုင်တယ်လို့ ယုံကြည်ချက်ရှိတာကို မြင်တဲ့အခါ၊+
၁၀ “မတ်တတ်ရပ်ပါ” လို့ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။ ဒါနဲ့ အဲဒီလူ ထခုန်ပြီး လမ်းလျှောက်တော့တယ်။+
၁၁ လူတွေက ပေါလုလုပ်ပေးတာကို မြင်တဲ့အခါ “နတ်ဘုရားတွေ လူယောင်ဆောင်ပြီး ငါတို့ဆီ ဆင်းလာတာပဲ”+ ဆိုပြီး လုကောနိစကားနဲ့ အော်ပြောတယ်။
၁၂ ဗာနဗကို ဇုသနတ်ဘုရား၊ ဦးဆောင်ဟောပြောတဲ့ ပေါလုကို ဟေရမေနတ်ဘုရားလို့ ခေါ်ကြတယ်။
၁၃ မြို့အဝင် ဇုသဘုရားကျောင်းမှာနေတဲ့ ပုရောဟိတ်က ပေါလုနဲ့ ဗာနဗကို ပူဇော်ပသချင်လို့ နွားတွေ၊ ပန်းကုံးတွေကို မြို့တံခါးနား ယူလာတယ်။
၁၄ ဒါကို တမန်တော် ဗာနဗနဲ့ ပေါလု ကြားတဲ့အခါ အဝတ်ကိုဆွဲဆုတ်ပြီး လူအုပ်ကြားထဲ ပြေးဝင်တယ်။
၁၅ ပြီးတော့ “မိတ်ဆွေတို့၊ ဘာလို့ ဒီလိုလုပ်တာလဲ။ ကျွန်တော်တို့လည်း အမှားမကင်းတဲ့ လူသားတွေပါပဲ။+ ခင်ဗျားတို့ကို သတင်းကောင်း ဟောရတဲ့အကြောင်းရင်းက အချည်းနှီးဖြစ်တဲ့ ဒီအရာတွေကို စွန့်လွှတ်ပြီး ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနဲ့ အဲဒီမှာရှိသမျှကို ဖန်ဆင်းတဲ့အရှင်၊ အသက်ရှင်နေတဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ပါ။+
၁၆ အရင်တုန်းက ဘုရားသခင်ဟာ လူမျိုးအားလုံးကို ကိုယ့်လမ်းကိုယ် လျှောက်ခွင့်ပေးခဲ့တယ်။+
၁၇ ဒါပေမဲ့ ဘုရားသခင်က ခင်ဗျားတို့ကို အစားအစာ အလျှံပယ်ပေးဖို့၊ ရွှင်လန်းဝမ်းမြောက်စေဖို့+ မိုးကောင်းကင်ကနေ မိုးရွာစေတယ်၊ အသီးအနှံတွေ ဖြစ်ထွန်းစေတဲ့ ရာသီဥတုကို ပေးတယ်။+ ဒီနည်းနဲ့ ခင်ဗျားတို့အတွက် ကောင်းမှုပြုပြီး မိမိတည်ရှိကြောင်း မပျက်မကွက် သက်သေခံနေတယ်”+ လို့ ခပ်ကျယ်ကျယ် ပြောလိုက်တယ်။
၁၈ အဲဒီလိုပြောတာတောင် လူတွေက ပူဇော်ပသချင်နေလို့ မနည်းတားမြစ်ခဲ့ရတယ်။
၁၉ ဒါပေမဲ့ ဂျူးတွေက အန္တိအုတ်မြို့နဲ့ အိကောနိမြို့ကနေ ရောက်လာပြီး လူတွေကို သွေးထိုးတဲ့အတွက်+ ပေါလုကို ကျောက်ခဲနဲ့ပေါက်ကြတယ်။ သေပြီအထင်နဲ့ မြို့ပြင် ဆွဲထုတ်သွားတယ်။+
၂၀ တပည့်တွေ ဝိုင်းအုံလာတဲ့အခါ ပေါလုက ထပြီး မြို့ထဲ ပြန်ဝင်သွားတယ်။ နောက်တစ်နေ့မှာ ဒေရဗေမြို့ဆီ+ ဗာနဗနဲ့အတူ ထွက်သွားတယ်။
၂၁ အဲဒီမြို့မှာ သတင်းကောင်းဟောပြီး လူအတော်များများကို တပည့်ဖြစ်လာစေပြီးတဲ့နောက် လုတ္တရမြို့၊ အိကောနိမြို့၊ အန္တိအုတ်မြို့ဆီ ပြန်သွားကြတယ်။
၂၂ “ကျွန်တော်တို့က ဒုက္ခအများကြီးခံပြီးမှ ဘုရားသခင့် နိုင်ငံတော် ဝင်ရမယ်”+ လို့ပြောပြီး အဲဒီမြို့တွေမှာရှိတဲ့ တပည့်တွေကို ယုံကြည်ခြင်း ခိုင်ခံ့နေဖို့ အားပေးတိုက်တွန်းတယ်။+
၂၃ ဒါ့အပြင် သူတို့က အစာရှောင် ဆုတောင်းပြီးတဲ့နောက်+ အသင်းတော်တိုင်းမှာ အကြီးအကဲတွေ ခန့်အပ်တယ်။+ ယုံကြည်သူဖြစ်လာတဲ့ အဲဒီအကြီးအကဲတွေကို ယေဟောဝါဆီ* စိတ်ချလက်ချ အပ်နှံလိုက်တယ်။
၂၄ အဲဒီနောက် ပေါလုနဲ့ ဗာနဗက ပိသိဒိပြည်ကို ဖြတ်ပြီး ပံဖုလိပြည်ကို ရောက်လာတယ်။+
၂၅ ပေရေဂမြို့မှာ တရားစကား ဟောပြောပြီးနောက် အတ္တလိမြို့ဆီ ဆင်းသွားတယ်။
၂၆ အဲဒီကနေ အန္တိအုတ်မြို့ဆီ ရွက်လွှင့်ကြတယ်။ အခုပြီးစီးသွားတဲ့ အလုပ်အပေါ် ဘုရားသခင်ရဲ့ မဟာကရုဏာ သွန်းလောင်းဖို့ ညီအစ်ကိုတွေ သူတို့အတွက် ဆုတောင်းပေးခဲ့တဲ့မြို့ပဲ။+
၂၇ အန္တိအုတ်မြို့ကို ရောက်တဲ့အခါ အသင်းတော်ကို စုဝေးစေပြီး သူတို့ကတစ်ဆင့် ဘုရားသခင် လုပ်ဆောင်ခဲ့တာတွေအကြောင်း၊ လူမျိုးခြားတွေအတွက် ယုံကြည်ခြင်းတံခါး ဖွင့်ပေးခဲ့တဲ့အကြောင်း ပြန်ပြောပြကြတယ်။+
၂၈ အဲဒီနောက် တပည့်တွေနဲ့အတူ အချိန်အတော်ကြာ နေထိုင်တယ်။