တမန်တော် ၂၄:၁-၂၇
၂၄ ငါးရက်အကြာမှာ ပုရောဟိတ်မင်း အာနနိက+ ကဲသရိမြို့ကို ရောက်လာတယ်။ ပေါလုရဲ့အမှုကို ဘုရင်ခံဆီ+ စွဲချက်တင်ဖို့ ရှေ့နေ တေရတုလုနဲ့ အကြီးအကဲတချို့ကိုပါ ခေါ်လာတယ်။
၂ တေရတုလုကို ပြောဆိုခွင့်ပေးလိုက်တဲ့အခါ သူ စပြီး စွဲချက်တင်တော့တယ်–
“ကြီးမြတ်တဲ့ ဖေလဇ်မင်း၊ မင်းကြီးရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့ အေးချမ်းသာယာစွာ နေထိုင်နေရပါတယ်။ မင်းကြီးရဲ့ အမြော်အမြင် ကြီးမားမှုကြောင့် တိုးတက်ပြောင်းလဲမှုတွေကိုလည်း ဒီလူမျိုးတွေ ခံစားနေရပါတယ်။
၃ အဲဒီကျေးဇူးတွေကို အချိန်တိုင်း၊ နေရာတိုင်းမှာ ခံစားနေရလို့ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
၄ ဒါပေမဲ့ မင်းကြီးရဲ့ အချိန်တွေကို အလဟဿ မဖြစ်စေချင်လို့ အကျဉ်းချုံးပြီး လျှောက်လဲပါ့မယ်။ ကရုဏာရှေ့ထားပြီး ကြားနာပေးဖို့ ပန်ကြားအပ်ပါတယ်။
၅ ဒီလူဟာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဂျူးတွေ ပုန်ကန်ထကြွအောင် သွေးထိုးလှုံ့ဆော်ပေးတဲ့+ အဖျက်သမား*+ ဖြစ်နေမှန်း၊ နာဇရက်မြို့သားတွေရဲ့+ ဂိုဏ်းချုပ် ဖြစ်နေမှန်း ကျွန်တော်တို့ စစ်ဆေးတွေ့ရှိရပါတယ်။
၆ ဗိမာန်တော်ကိုလည်း ညစ်ညူးအောင်လုပ်ဖို့ ကြိုးစားတဲ့အတွက် သူ့ကို ဖမ်းဆီးလိုက်ပါတယ်။+
၇ *—
၈ သူ့ကို မင်းကြီးကိုယ်တိုင် စစ်ဆေးကြည့်ရင် ကျွန်တော်တို့ စွဲချက်တွေ မှန်မမှန် သိရပါလိမ့်မယ်။”
၉ ဂျူးတွေကလည်း အဲဒီစွဲချက်တွေ မှန်ပါတယ်ဆိုပြီး ထောက်ခံပြောဆိုကြတယ်။
၁၀ ဘုရင်ခံက ခေါင်းညိတ်ပြပြီး လျှောက်လဲခွင့်ပေးလိုက်တဲ့အခါ ပေါလုက–
“မင်းကြီးဟာ ဒီလူမျိုးကို နှစ်ပေါင်းများစွာ တရားစီရင်ခဲ့မှန်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ဝမ်းမြောက်ဝမ်းသာ ထုချေလျှောက်ထားပါမယ်။+
၁၁ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ ဂျေရုဆလင်မြို့ကို ကျွန်တော်တက်လာခဲ့တာ ၁၂ ရက် မကျော်သေးပါဘူး။+ ဒီအချက် မှန်မမှန် မင်းကြီးကိုယ်တိုင် စစ်ဆေးကြည့်လို့ ရပါတယ်။
၁၂ ဗိမာန်တော်မှာ တစ်ယောက်ယောက်နဲ့ ကျွန်တော် ငြင်းခုံနေတာ၊ တရားဇရပ်မှာဖြစ်စေ၊ မြို့ထဲမှာဖြစ်စေ လူအုပ်ကို ဆူပူအုံကြွလာအောင် ကျွန်တော်လုပ်နေတာ သူတို့ တစ်ခါမှ မတွေ့ဖူးပါဘူး။
၁၃ အခုစွဲချက်နဲ့ ပတ်သက်ပြီးတော့လည်း သက်သေအထောက်အထား မပြနိုင်ကြပါဘူး။
၁၄ ဒါပေမဲ့ ကျွန်တော်က ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေမှာ ရေးသားထားသမျှကို ယုံကြည်တဲ့အတွက်+ နာဇရက်မြို့သားတွေရဲ့ ဂိုဏ်းဆိုပြီး သူတို့ခေါ်တဲ့ လမ်းစဉ်အတိုင်း ဘိုးဘေးတို့ရဲ့ဘုရားသခင်ကို+ ဝတ်ပြုကြောင်း ဝန်ခံပါတယ်။
၁၅ ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ+ ရှင်ပြန်ထမြောက်လာမယ့်အကြောင်း+ သူတို့မျှော်လင့်သလို ကျွန်တော်လည်း ဘုရားသခင်ကို အမှီပြုပြီး မျှော်လင့်ပါတယ်။
၁၆ ဒါကြောင့် ကျွန်တော်က ဘုရားသခင်ရှေ့၊ လူရှေ့မှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိနိုင်ဖို့ အမြဲကြိုးစားပါတယ်။+
၁၇ တကယ်တော့ လူမျိုးချင်းတွေကို ပေးကမ်းဖို့၊+ ဘုရားသခင်ဆီ အလှူတွေဆက်သဖို့ ဂျေရုဆလင်ကို နှစ်အတော်ကြာပြီးမှ ရောက်လာတာပါ။
၁၈ အဲဒီကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း လူတွေအုပ်လိုက်နဲ့ လုပ်တာမျိုး၊ ရုန်းရင်းဆန်ခတ် ဖြစ်တာမျိုး မရှိခဲ့ပါဘူး။ မောရှေပညတ်မှာပါတဲ့အတိုင်း ဗိမာန်တော်မှာ ကျွန်တော် ကိုယ်ကိုသန့်စင်တာကိုပဲ သူတို့တွေ့ကြပါတယ်။+ ဒါပေမဲ့ အာရှနယ်ကလာတဲ့ ဂျူးတချို့တော့ ရှိပါတယ်။
၁၉ စွပ်စွဲစရာရှိတယ်ဆိုရင် အဲဒီဂျူးတွေလည်း မင်းကြီးရှေ့ ရောက်လာပြီး ကျွန်တော့်ကို စွပ်စွဲသင့်ပါတယ်။+
၂၀ ဒါမှမဟုတ် ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေရှေ့မှာ စစ်ဆေးတုန်းက ကျွန်တော့်မှာ ဘာအမှားတွေ့ခဲ့လဲဆိုတာ ဒီမှာရှိတဲ့လူတွေ ကိုယ်တိုင် လျှောက်လဲကြပါစေ။
၂၁ အဲဒီတုန်းက ‘လူသေတွေ ရှင်ပြန်ထမြောက်လာမယ့်အကြောင်းကို ကျွန်တော်ယုံကြည်လို့ အခုလို စစ်ကြောစီရင်ခံနေရတာပါ’+ လို့ပဲ ပြောမိပါတယ်” ဆိုပြီး ပြောတယ်။
၂၂ ဖေလဇ်မင်းက သခင်ရဲ့လမ်းစဉ်အကြောင်း+ အတော်များများ သိထားပေမဲ့ “တပ်မှူးလုသိ ရောက်လာမှ ဒီအမှုကို ငါစီရင်ဆုံးဖြတ်မယ်” လို့ပြောပြီး အမှုကို ဆိုင်းထားလိုက်တယ်။
၂၃ ပေါလုကို အကျယ်ချုပ်ထားပြီး သူ့လူတွေ လာရောက်ပြုစုတာကို မတားမြစ်ဖို့ တပ်စုမှူးကို အမိန့်ပေးလိုက်တယ်။
၂၄ ရက်အတန်ကြာတော့ ဖေလဇ်မင်းက ဂျူးလူမျိုး ကြင်ရာတော် ဒရုသိလနဲ့အတူ ရောက်လာပြီး ပေါလုကို လူလွှတ်ခေါ်တယ်။ ခရစ်တော်ယေရှုနဲ့ဆိုင်တဲ့ ယုံကြည်ခြင်းအကြောင်း သူဟောတာကို နားထောင်တယ်။+
၂၅ ဒါပေမဲ့ ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်း၊ ရောက်လာမယ့် တရားစီရင်ခြင်းအကြောင်းတွေကို+ ပေါလုဟောပြောတဲ့အခါ ဖေလဇ်မင်းက ကြောက်လန့်လာပြီး “အခုတော့ ပြန်လိုက်ဦး။ အခွင့်သာမှ ငါပြန်ခေါ်မယ်” လို့ပြောတယ်။
၂၆ ပြီးတော့ ဖေလဇ်မင်းက ပေါလု ငွေပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကို မကြာမကြာခေါ်ပြီး စကားစမြည်ပြောတယ်။
၂၇ နှစ်နှစ်ကြာတော့ ဖေလဇ်မင်းရဲ့ အရိုက်အရာကို ပေါကိဖေတ္တု ဆက်ခံတယ်။ ဖေလဇ်မင်းက ဂျူးတွေရှေ့မှာ မျက်နှာရချင်တော့+ ပေါလုကို ဆက်ပြီး အကျဉ်းချထားလိုက်တယ်။