တမန်တော် ၂၅:၁-၂၇
၂၅ ဖေတ္တုက+ အဲဒီနယ်ကို ရောက်လာပြီး တာဝန်ဆက်ခံတယ်။ သုံးရက်ကြာတဲ့အခါ ကဲသရိမြို့ကနေ ဂျေရုဆလင်မြို့ကို တက်သွားတယ်။
၂ ပုရောဟိတ်မင်းတွေနဲ့ အထင်ကရ ဂျူးခေါင်းဆောင်တွေက ပေါလုအကြောင်း တိုင်တန်းကြတယ်။+ အဲဒီနောက်၊
၃ ဂျေရုဆလင်မြို့ဆီ ပေါလုကို ပို့ပေးဖို့ ဖေတ္တုကို သနားခံကြတယ်။ တကယ်တော့ သူ့ကို လမ်းခုလတ်မှာ ချောင်းမြောင်းလုပ်ကြံဖို့ စီစဉ်ထားကြတာ။+
၄ ဒါပေမဲ့ ဖေတ္တုက ပေါလုကို ကဲသရိမြို့မှာပဲ အကျဉ်းချထားမယ့်အကြောင်း၊ သူကိုယ်တိုင် ကဲသရိမြို့ကို ပြန်သွားတော့မယ့်အကြောင်း ပြောတယ်။
၅ “မင်းတို့ထဲက ခေါင်းဆောင်တချို့ ငါနဲ့အတူလိုက်ခဲ့။ အဲဒီလူမှာ ပြစ်မှုတစ်စုံတစ်ရာ ရှိတယ်ဆိုရင် စွဲချက်တင်ကြပေါ့”+ လို့လည်း ပြောတယ်။
၆ ဖေတ္တုက ဂျေရုဆလင်မြို့မှာ ၈ ရက်၊ ၁၀ ရက်လောက်ပဲ နေပြီးနောက် ကဲသရိမြို့ကို ပြန်ဆင်းသွားတယ်။ နောက်တစ်နေ့ရောက်တော့ တရားပလ္လင်ပေါ်မှာ ထိုင်ပြီး ပေါလုကို ခေါ် ခဲ့ဖို့ အမိန့်ပေးတယ်။
၇ ဂျေရုဆလင်မြို့ကနေ ဆင်းလာတဲ့ဂျူးတွေက ပေါလုဝင်လာတာနဲ့ ဝိုင်းအုံပြီး ကြီးလေးတဲ့စွဲချက်တွေ တင်ကြတော့တယ်။ သက်သေအထောက်အထားတော့ မပြနိုင်ကြဘူး။+
၈ ပေါလုက “ကျွန်တော်ဟာ ဂျူးတွေရဲ့ ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော်ကိုဖြစ်စေ၊ ဆီဇာ* ကိုဖြစ်စေ တစ်ခါမှ မပြစ်မှားခဲ့ဖူးပါဘူး”+ လို့ ချေပပြောဆိုတယ်။
၉ ဖေတ္တုက ဂျူးတွေရှေ့ မျက်နှာရချင်တဲ့အတွက်+ ပေါလုကို “ဒီအမှုအတွက် ဂျေရုဆလင်မြို့ကို သွားပြီး အစစ်ဆေးခံချင်သလား” လို့မေးတော့၊
၁၀ ပေါလုက “အခု ကျွန်တော်ဟာ ဆီဇာရဲ့ တရားပလ္လင်ရှေ့မှာ ရပ်နေပါတယ်။ ဒီမှာပဲ ကျွန်တော့်ကို စစ်ကြောစီရင်သင့်တယ်။ ဂျူးတွေကို ကျွန်တော် မပြစ်မှားခဲ့မှန်း မင်းကြီး ကောင်းကောင်းသိပါတယ်။
၁၁ သေထိုက်တဲ့ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့တာမှန်ရင်+ အသက်ချမ်းသာပေးဖို့ ကျွန်တော် အသနားခံနေမှာ မဟုတ်ဘူး။ စွဲချက်တွေ အထောက်အထား မခိုင်လုံဘဲ ဒီလူတွေ စိတ်ကျေနပ်ဖို့အတွက်နဲ့ ကျွန်တော့်ကို သူတို့လက်ထဲ ဘယ်သူမှ လွှဲအပ်ခွင့်မရှိဘူး။ ဆီဇာဆီမှာ ကျွန်တော်အယူခံဝင်မယ်”+ လို့ဖြေတယ်။
၁၂ ဖေတ္တုက အတိုင်ပင်ခံတွေနဲ့ ဆွေးနွေးပြီး “မင်း ဆီဇာဆီမှာ အယူခံဝင်လိုက်ပြီဆိုတော့ ဆီဇာဆီကိုပဲ သွားရမယ်” လို့ပြောတယ်။
၁၃ ရက်အတော်ကြာပြီးနောက် အဂရိပ္ပမင်းနဲ့ ဗေရနိတ်တို့က ချစ်ကြည်ရေးခရီးစဉ်အဖြစ် ကဲသရိမြို့မှာရှိတဲ့ ဖေတ္တုဆီ ရောက်လာတယ်။
၁၄ အဲဒီမှာ ရက်အတော်ကြာ ရှိနေတော့ ဖေတ္တုက အဂရိပ္ပမင်းကို ပေါလုရဲ့အမှုအကြောင်း ပြောပြတယ်–
“ဖေလဇ်မင်း အကျဉ်းချထားတဲ့ လူတစ်ယောက်ရှိတယ်။
၁၅ ဂျေရုဆလင်မြို့မှာ ကျုပ်ရှိနေတုန်း ပုရောဟိတ်မင်းတွေနဲ့ ဂျူးအကြီးအကဲတွေက အဲဒီလူအကြောင်း လာရောက်တိုင်တန်းပြီး+ သူ့ကို ပြစ်ဒဏ်စီရင်ပေးဖို့ တောင်းဆိုကြတယ်။
၁၆ ဒါပေမဲ့ စွဲချက်တင်သူတွေရှေ့မှာ ထုချေပြောဆိုခွင့် မရသေးတဲ့သူကို တစ်ယောက်ယောက် စိတ်ကျေနပ်ဖို့အတွက် ဘယ်သူ့ဆီကိုမှ မအပ်ရဘူးဆိုတဲ့ ရောမထုံးစံရှိတယ်လို့ ကျုပ်ပြန်ပြောတယ်။+
၁၇ ဒါကြောင့် ဒီကို သူတို့ရောက်လာတဲ့အခါ ကျုပ်လည်း အချိန်ဆွဲမနေတော့ဘဲ နောက်တစ်နေ့မှာပဲ တရားပလ္လင်ပေါ်မှာ ထိုင်ပြီး အဲဒီလူကို ခေါ်လိုက်တယ်။
၁၈ အဲဒီအခါ စွဲချက်တင်သူတွေက ထရပ်ပြီး စွပ်စွဲကြပေမဲ့ ကျုပ်ထင်ထားတဲ့ ဆိုးရွားတဲ့ပြစ်မှုတွေတော့ မဟုတ်ပါဘူး။+
၁၉ သူတို့ရဲ့ ဘာသာတရားနဲ့ပတ်သက်ပြီး၊*+ ယေရှုဆိုတဲ့ သေလွန်သူတစ်ယောက်နဲ့ပတ်သက်ပြီး အငြင်းပွားတာပဲရှိတယ်။ ပေါလုကတော့ အဲဒီယေရှုဟာ အသက်ရှင်နေတယ်လို့ အခိုင်အမာ ပြောနေပါတယ်။+
၂၀ ဒီအမှုကို ဘယ်လိုကိုင်တွယ်ရမှန်း မသိတာနဲ့ ကျုပ်လည်း ဂျေရုဆလင်မြို့ကို သွားပြီး စစ်ကြောစီရင်ခံချင်သလားလို့ မေးတယ်။+
၂၁ ဒါပေမဲ့ ပေါလုက ဘုရင်မင်းမြတ်ရဲ့* အဆုံးအဖြတ်ကို ခံယူမယ့်အချိန်ထိ သူ့ကို ထိန်းသိမ်းထားပေးဖို့ အသနားခံတဲ့အတွက်+ ကျုပ်လည်း သူ့ကို ဆီဇာဆီ မပို့မချင်း ချုပ်ထားဖို့ အမိန့်ချလိုက်တယ်။”
၂၂ အဲဒီအခါ အဂရိပ္ပမင်းက “သူပြောတာကို ငါကိုယ်တိုင် ကြားချင်တယ်”+ လို့ပြောတော့ ဖေတ္တုက “မနက်ဖြန် ကြားရပါမယ်” လို့ပြောတယ်။
၂၃ နောက်တစ်နေ့မှာ အဂရိပ္ပမင်းနဲ့ ဗေရနိတ်တို့က ခမ်းနားကြီးကျယ်တဲ့အဆောင်အယောင်နဲ့တကွ တပ်မှူးတွေ၊ မြို့မျက်နှာဖုံးတွေ ခြံရံပြီး ညီလာခံခန်းမထဲ ဝင်လာကြတယ်။ အဲဒီနောက် ဖေတ္တု အမိန့်ပေးလိုက်တဲ့အခါ ပေါလုကို ခေါ်ထုတ်လာကြတယ်။
၂၄ ဖေတ္တုက “အဂရိပ္ပမင်းနဲ့တကွ ရောက်ရှိလာသူအပေါင်းတို့၊ ဒီလူကို ကြည့်ပါ။ ဂျေရုဆလင်မြို့မှာရော ဒီမြို့မှာပါ ဂျူးလူထုတစ်ရပ်လုံးက ဒီလူ အသက်မရှင်ထိုက်ဘူး ဆိုပြီး အော်ဟစ်တိုင်တန်းနေကြတယ်။+
၂၅ သူက သေထိုက်တဲ့ပြစ်မှု မကျူးလွန်ခဲ့မှန်း ကျုပ်ကောင်းကောင်းသိတယ်။+ သူကိုယ်တိုင် ဧကရာဇ်မင်းဆီ အယူခံဝင်မှာဖြစ်လို့ သူ့ကိုပို့ဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်။
၂၆ ဒါပေမဲ့ ဧကရာဇ်မင်းဆီ သူနဲ့ပတ်သက်တဲ့ အစီရင်ခံစာရေးတဲ့အခါ ဘာရေးရမှန်း မသိဖြစ်နေတယ်။ သူ့ကို စစ်ကြောစီရင်ပြီးမှ အစီရင်ခံစာ ရေးနိုင်မှာဖြစ်လို့ ရောက်ရှိလာတဲ့ ဒီလူတွေရှေ့မှောက်၊ အထူးသဖြင့် အဂရိပ္ပမင်းရှေ့မှောက် သူ့ကို ခေါ်ထုတ်လာတာပါ။
၂၇ စွဲချက်တစ်စုံတစ်ရာ မဖော်ပြဘဲ အကျဉ်းသားတစ်ယောက်ကို ပို့လိုက်ဖို့ မသင့်တော်ဘူးလို့ ကျုပ်ယူဆတယ်” လို့ပြောတယ်။