တမန်တော် ၂၇:၁-၄၄
၂၇ ဖေတ္တုက ကျွန်တော်တို့ကို ရေကြောင်းခရီးနဲ့ အီတလီပို့မယ်လို့ ဆုံးဖြတ်တဲ့အတွက်+ ပေါလုနဲ့ တခြားအကျဉ်းသားတွေကို ဧကရာဇ်တပ်ရင်းရဲ့* တပ်စုမှူး ယုလိလက်ထဲ အပ်လိုက်ကြတယ်။
၂ အာရှနယ် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ရွက်လွှင့်မယ့် သင်္ဘောကို အာဒြမုတ္တိမြို့ကနေ တက်စီးပြီး ရွက်လွှင့်သွားတယ်။ မက်ဆီဒိုးနီးယားပြည် သက်သာလောနိတ်မြို့သား အာရိတ္တာခုလည်း+ ကျွန်တော်တို့နဲ့အတူ ပါလာတယ်။
၃ နောက်တစ်နေ့ရောက်တော့ ဆိုင်ဒုန်မြို့မှာ သင်္ဘောဆိုက်တယ်။ ယုလိက ပေါလုကို စေတနာထားပြီး မိတ်ဆွေတွေဆီ သွားခွင့်ပေးတယ်။ ဒါကြောင့် မိတ်ဆွေတွေက ပေါလုကို ကူညီခွင့်ရကြတယ်။
၄ ဆိုင်ဒုန်မြို့ကနေ ပင်လယ်ဆီ ကျွန်တော်တို့ ပြန်ထွက်လာတဲ့အခါ လေဆန်ဖြစ်နေတော့ ဆိုက်ပရပ်ကျွန်းနား လေကွယ်ရာဘက်ကနေ ရွက်လွှင့်ကြတယ်။
၅ ကိလိကိပြည်နဲ့ ပံဖုလိပြည်တစ်လျှောက် ပင်လယ်ပြင်ကိုဖြတ်ပြီး လုကိပြည်၊ မုရမြို့ကို ရောက်လာတယ်။
၆ အဲဒီမှာ အလက်ဇန္ဒြီးယားမြို့ကနေလာတဲ့ သင်္ဘောကို တွေ့တယ်၊ အဲဒီသင်္ဘောက အီတလီပြည်ကို သွားမှာဖြစ်လို့ တပ်မှူးက ကျွန်တော်တို့ကို အဲဒီသင်္ဘောပေါ် တင်ပေးလိုက်တယ်။
၇ ကျွန်တော်တို့ ရက်အတန်ကြာ တဖြည်းဖြည်း ရွက်လွှင့်လာတဲ့အခါ ကနိဒ်မြို့ကို ခက်ခက်ခဲခဲ ရောက်လာတယ်။ လေကြောင်းမသင့်တဲ့အတွက် ရှေ့ဆက်မသွားနိုင်ဘူး။ ဒါကြောင့် သာလမုန်အငူနားကနေ ဖြတ်ပြီး ခရိကျွန်းနား လေကွယ်ရာဘက်ကနေ ရွက်လွှင့်သွားကြတယ်။
၈ ကမ်းရိုးတန်းတစ်လျှောက် ခက်ခက်ခဲခဲ ရွက်လွှင့်လာပြီးနောက် လာသဲမြို့နားက ဆိပ်ကမ်းသာလို့ခေါ်တဲ့ နေရာကို ရောက်လာကြတယ်။
၉ ရက်ပေါင်းများစွာ ကြာပြီးနောက် အပြစ်ဖြေရာနေ့+ အစာရှောင်ချိန်တောင် ကျော်လွန်သွားပြီးဖြစ်လို့ ရေကြောင်းခရီးသွားဖို့ အန္တရာယ်များလာတယ်။ ဒါကြောင့် ပေါလုက၊
၁၀ “မိတ်ဆွေတို့၊ ကျွန်တော်တို့ ခရီးဆက်မယ်ဆိုရင် သင်္ဘောရော ကုန်စည်တွေပါ ဆုံးရှုံးရုံမက လူတွေလည်းအသက်ဆုံးရှုံးမယ်ဆိုတာ ကျွန်တော်သိနေတယ်” လို့ အကြံပြုတယ်။
၁၁ ဒါပေမဲ့ တပ်စုမှူးက ပေါလုအကြံပေးတာကို လက်မခံဘဲ မာလိန်မှူးနဲ့ သင်္ဘောပိုင်ရှင်ပြောတာကိုပဲ နားထောင်တယ်။
၁၂ အဲဒီဆိပ်ကမ်းက ဆောင်းခိုဖို့ မသင့်တော်ဘူး။ ဒါကြောင့် အဲဒီကနေ ရွက်လွှင့်ပြီး ခရိကျွန်း၊ ဖိနိတ်ဆိပ်ကမ်းဆီအရောက်သွားမယ်ဆိုရင် ဆောင်းခိုလို့ ရနိုင်မယ်လို့ အများစုက အကြံပြုတယ်။ ဖိနိတ်ဆိပ်ကမ်းမှာ အရှေ့မြောက်နဲ့ အရှေ့တောင်ဘက်ကို မျက်နှာမူထားတဲ့ သင်္ဘောဆိပ်နှစ်ခု ရှိတယ်။
၁၃ တောင်လေ ညင်ညင်သာသာ တိုက်ခတ်လာတဲ့အခါ သူတို့က ဖိနိတ်ဆိပ်ကမ်းဆီ သွားနိုင်ပြီအထင်နဲ့ ကျောက်ဆူးကို ဆွဲတင်ပြီး ခရိကျွန်းကမ်းရိုးတန်းတစ်လျှောက် ကမ်းခြေနဲ့ကပ်နိုင်သမျှ ကပ်ပြီး ရွက်လွှင့်သွားကြတယ်။
၁၄ ဒါပေမဲ့ မကြာခင်မှာပဲ ဥရကုလုန်* လို့ခေါ်တဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်လာတယ်။
၁၅ ဒါကြောင့် သင်္ဘောက လေဟုန်မိပြီး လေဆန်မတက်နိုင်တော့ဘဲ လေနှင်ရာ ပါသွားတော့တယ်။
၁၆ ဒါနဲ့ ကောဒလို့ခေါ်တဲ့ ကျွန်းလေးကို လေရိပ်ခိုပြီး အမြန်ရွက်လွှင့်သွားကြတယ်။ ပဲ့ပိုင်းကသမ္ဗန်ကို* မပျက်စီးအောင် မနည်းထိန်းပြီး၊
၁၇ သင်္ဘောပေါ် ဆွဲတင်ကြတယ်။ သင်္ဘောဝမ်းကိုလည်း ကြိုးနဲ့ ပတ်ရစ်ချည်နှောင်ပြီး ခိုင်ခံ့အောင်လုပ်ကြတယ်။ သုရတိ* သောင်မှာ သင်္ဘောတင်မှာ စိုးရိမ်ပြီး ရွက်ကြိုးတန်ဆာတွေကို ဖြေလျှော့လိုက်တဲ့အခါ သင်္ဘောက လေတိုက်ရာ လွင့်ပါသွားတယ်။
၁၈ လှိုင်းလုံးတွေ အပြင်းအထန် ရိုက်ခတ်လို့ နောက်တစ်နေ့မှာ သင်္ဘောဝန်ပေါ့အောင် ကုန်စည်တွေကို ပစ်ချကြတယ်။
၁၉ သုံးရက်မြောက်နေ့မှာ သင်္ဘောတန်ဆာတွေကို ပစ်ချကြတယ်။
၂၀ နေနဲ့ ကြယ်တွေကို ရက်ပေါင်းများစွာ မမြင်ရဘူး။ မုန်တိုင်း ထန်သည်ထက် ထန်လာတဲ့အတွက် ကျွန်တော်တို့အားလုံး အသက်ရှင်ဖို့ လမ်းစမမြင်တော့ဘူး။
၂၁ အစာမစားဖြစ်တာလည်း ကြာလှပြီ။ ဒါနဲ့ ပေါလုက သူတို့အလယ်မှာ ထရပ်ပြီး “မိတ်ဆွေတို့၊ ကျွန်တော်အကြံပေးတာကို လက်ခံပြီး ခရိကျွန်းကနေ ရွက်မလွှင့်ခဲ့ရင် အခုလို ပျက်စီးဆုံးရှုံးမှာ မဟုတ်ဘူး။+
၂၂ ဘာပဲဖြစ်ဖြစ် အားတင်းထားကြဖို့ ကျွန်တော်အားပေးချင်တယ်။ ခင်ဗျားတို့တစ်ယောက်မှ အသက်ဆုံးရှုံးမှာ မဟုတ်ဘူး။ သင်္ဘောတော့ ပျက်စီးသွားမယ်။
၂၃ ကျွန်တော်ဝတ်ပြုတဲ့ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တစ်ပါးက+ ညတုန်းက ကျွန်တော့်အနားမှာ ပေါ်လာပြီး၊
၂၄ ‘ပေါလု၊ မကြောက်ပါနဲ့။ ဆီဇာ* ရှေ့မှောက်ကို မင်း ရောက်ရလိမ့်မယ်။+ ဘုရားသခင်က မင်းနဲ့အတူပါလာတဲ့ လူအားလုံးကို အသက်ချမ်းသာ ပေးမှာပါ’ လို့ပြောတယ်။
၂၅ ဒါကြောင့် မိတ်ဆွေတို့၊ အားတင်းထားကြ။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်တယ်။ ကျွန်တော့်ကို ဘုရားသခင် ပြောထားတာတွေ တကယ်ဖြစ်လာမယ်။
၂၆ ဒါပေမဲ့ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းမှာ ကျွန်တော်တို့ သောင်တင်လိမ့်မယ်”+ လို့ပြောတယ်။
၂၇ ဆယ့်လေးရက်မြောက် ညသန်းခေါင်အချိန်လောက်မှာ အာဒြိပင်လယ်ထဲ မျောနေတုန်း သင်္ဘောသားတွေက ကမ်းတစ်ခုခုနား ရောက်တော့မယ်လို့ ထင်ကြတယ်။
၂၈ ရေအနက်ကို တိုင်းကြည့်တဲ့အခါ အလံ ၂၀* နက်မှန်း သိလိုက်ရတယ်။ ရှေ့ဆက်တိုးသွားပြီး ရေအနက်ကို ပြန်တိုင်းကြည့်တဲ့အခါ ၁၅ လံ* ရှိတယ်။
၂၉ ကျောက်ဆောင်နဲ့ တိုက်မိမှာစိုးလို့ သင်္ဘောပဲ့ပိုင်းကနေ ကျောက်ဆူး လေးလက်ချပြီး မိုးလင်းမယ့်အချိန်ကို စောင့်နေကြတယ်။
၃၀ သင်္ဘောသားတွေက သင်္ဘောကိုစွန့်ခွာမယ် စိတ်ကူးနဲ့ သင်္ဘောဦးပိုင်းမှာ ကျောက်ဆူးချဟန်ဆောင်ပြီး သမ္ဗန်ကို လျှောချကြတယ်။
၃၁ အဲဒီအခါ ပေါလုက “သင်္ဘောသားတွေ သင်္ဘောပေါ်မှာ မနေရင် ခင်ဗျားတို့ အသက်ချမ်းသာရမှာ မဟုတ်ဘူး”+ ဆိုပြီး တပ်စုမှူးနဲ့ စစ်သည်တွေကို ပြောလိုက်တယ်။
၃၂ ဒါနဲ့ စစ်သည်တွေ ကြိုးကို ဖြတ်ချလိုက်တဲ့အခါ သမ္ဗန် ရေထဲကျသွားတယ်။
၃၃ မိုးလင်းခါနီးတော့ ပေါလုက လူအားလုံးကို အစာစားဖို့ တိုက်တွန်းတယ်။ “ခင်ဗျားတို့ စိုးရိမ်တကြီး စောင့်ရင်း မစားမသောက်ဘဲနေတာ ဒီနေ့နဲ့ဆို ၁၄ ရက်ရှိနေပြီ။
၃၄ ဒါကြောင့် အစာစားကြပါ၊ ခင်ဗျားတို့အကျိုးအတွက် ပြောနေတာပါ။ ခင်ဗျားတို့ ဆံခြည်တစ်မျှင်တောင် ပျက်စီးမှာမဟုတ်ဘူး” လို့ အားပေးတယ်။
၃၅ အဲဒီနောက် ပေါလုက မုန့်ကိုယူပြီး သူတို့အားလုံးရှေ့မှာပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတယ်။ ပြီးတော့ မုန့်ကိုဖဲ့ပြီး စားတဲ့အခါ၊
၃၆ လူတွေလည်း အားတက်လာပြီး အစာစားကြတယ်။
၃၇ သင်္ဘောပေါ်မှာ လူ* ၂၇၆ ယောက် ပါလာတယ်။
၃၈ သူတို့ ဝဝလင်လင် စားပြီးတဲ့နောက် ဂျုံစပါးတွေကို ပင်လယ်ထဲ ပစ်ချပြီး သင်္ဘောဝန်ပေါ့အောင် လုပ်ကြတယ်။+
၃၉ မိုးလင်းလာတဲ့အခါ ဘယ်အရပ်ကို ရောက်နေမှန်း အသေအချာ မသိပေမဲ့+ သဲသောင်ပြင်ရှိတဲ့ ကမ်းခြေတစ်ခုကို တွေ့တော့ သင်္ဘောကပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
၄၀ ကျောက်ဆူးတွေကို ပင်လယ်ထဲဖြတ်ချပြီး ပဲ့ထိန်းတက်မရဲ့ ကြိုးတွေကို ဖြေကြတယ်။ အဲဒီနောက် သင်္ဘောဦးပိုင်းမှာရှိတဲ့ ရွက်ကို တင်ပြီး ကမ်းခြေဘက် ရွက်တိုက်ကြတယ်။
၄၁ ရေတိမ်ပိုင်း ရောက်လာတဲ့အခါ သဲသောင်ကို တိုက်မိတဲ့အတွက် သင်္ဘောဦးက သဲသောင်မှာ စိုက်ပြီး မလှုပ်နိုင်တော့ဘူး။ ပဲ့ပိုင်းကတော့ လှိုင်းရိုက်လို့ ကျိုးကြေကုန်တယ်။+
၄၂ အဲဒီအခါ စစ်သည်တွေက အကျဉ်းသားတွေ ရေကူးပြီး ထွက်ပြေးသွားမှာ စိုးလို့ သတ်ပစ်ဖို့ ဆုံးဖြတ်ကြတယ်။
၄၃ ဒါပေမဲ့ တပ်စုမှူးက ပေါလုကို အသက်ဘေးက လွှတ်စေချင်တဲ့အတွက် သူတို့ရဲ့အကြံကို တားဆီးလိုက်တယ်။ ရေကူးနိုင်တဲ့လူတွေ ခုန်ချပြီး အရင်ကူးသွားကြဖို့ အမိန့်ပေးတယ်။
၄၄ ကျန်တဲ့လူတွေကိုတော့ ပျဉ်ချပ်တွေ၊ သင်္ဘောအပိုင်းအစတွေကို ခိုပြီး ကူးသွားခိုင်းတယ်။ ဒီလိုနဲ့ လူအားလုံး အသက်ဘေးကလွတ်ပြီး ကမ်းပေါ်ရောက်သွားကြတယ်။+