တမန်တော် ၃:၁-၂၆

  • ခြေဆွံ့နေတဲ့ သူတောင်းစားကို ပေတရု ကုသပေး (၁-၁၀)

  • ရှောလမုန်စင်္ကြံမှာ ပေတရုဟောပြော (၁၁-၂၆)

    • “အရာအားလုံးကို နဂိုအတိုင်းဖြစ်အောင် လုပ်ပေးမယ့်အချိန်” (၂၁)

    • မောရှေနဲ့တူတဲ့ ပရောဖက် (၂၂)

 ဆုတောင်းချိန်ဖြစ်တဲ့ မွန်းလွဲ ၃ နာရီမှာ* ပေတရုနဲ့ ယောဟန်က ဗိမာန်တော်ဆီ တက်သွားကြတယ်။ ၂  အဲဒီအချိန်မှာ  မွေးရာပါ  ခြေဆွံ့သူတစ်ယောက်ကို လူတွေ ထမ်းလာပြီး တင့်တယ် လို့ခေါ်တဲ့ တံခါးနားမှာ ချထားကြတယ်။  ပေးကမ်းစွန့်ကြဲကြပါဆိုပြီး ဗိမာန်တော်ထဲ ဝင်လာသူတွေကို သူတောင်းရမ်းနိုင်အောင် အဲဒီလို နေ့တိုင်းချထားလေ့ရှိတယ်။ ၃  ဗိမာန်တော်ထဲဝင်တော့မယ့်  ပေတရုနဲ့  ယောဟန်ကို မြင်တဲ့အခါ သူက ပေးကမ်းစွန့်ကြဲကြပါဆိုပြီး အသနားခံတယ်။ ၄  ပေတရုနဲ့ ယောဟန်က သူ့ကို စေ့စေ့ကြည့်လိုက်တယ်။ ပြီးတော့ ပေတရုက “ကျွန်တော်တို့ကို ကြည့်ပါဦး” လို့ ပြောတဲ့အခါ၊ ၅  သူက တစ်ခုခုရတော့မယ် အထင်နဲ့ သူတို့ကို အာရုံစိုက်ကြည့်နေတယ်။ ၆  ပေတရုက “ကျွန်တော့်မှာ ရွှေငွေတွေတော့ မရှိဘူး။ ရှိတာကိုပဲ ပေးမယ်။ နာဇရက်မြို့သား ယေရှုခရစ်ရဲ့နာမည်ကို အမှီပြုပြီး ပြောမယ်။ ထပြီး လမ်းလျှောက်ပါ”+  လို့ပြောတယ်။ ၇  အဲဒီနောက် သူ့ညာလက်ကို ကိုင်ပြီး ဆွဲထူလိုက်တဲ့အခါ+ ချက်ချင်းပဲ ခြေနှစ်ဖက်စလုံး သန်မာလာတယ်။+ ၈  ပြီးတော့ သူထခုန်ပြီး+ လမ်းလျှောက်တော့တယ်။ လမ်းလျှောက်ရင်း၊ ခုန်ပေါက်ရင်း၊ ဘုရားသခင်ကို ချီးမွမ်းရင်း တမန်တော်တွေနဲ့အတူ ဗိမာန်တော်ထဲ ဝင်သွားတယ်။ ၉  ဘုရားသခင်ကို ချီးမွမ်းရင်း သူလမ်းလျှောက်သွားတာကို အဲဒီမှာရှိတဲ့လူတွေ မြင်တယ်။ ၁၀  ဒီလူဟာ တင့်တယ် လို့ခေါ်တဲ့ ဗိမာန်တော်တံခါးနားမှာ ထိုင်ပြီး ပေးကမ်းစွန့်ကြဲကြပါလို့ တောင်းရမ်းတဲ့သူဖြစ်မှန်း+ လူတွေ မှတ်မိသွားတယ်။ သူ့အဖြစ်ကို မြင်တဲ့အခါအံ့သြပြီး မယုံနိုင်အောင် ဖြစ်ကုန်တယ်။ ၁၁  ပေတရုနဲ့ ယောဟန်ရဲ့လက်ကို အဲဒီလူ ကိုင်ထားတုန်းမှာ သူတို့ရှိနေတဲ့ ရှောလမုန်စင်္ကြံဆီ+ လူတွေပြေးဝင်လာပြီး  တအံ့တသြ  ဖြစ်နေကြတယ်။ ၁၂  ဒါကို မြင်တဲ့အခါ ပေတရု ပြန်ပြောလိုက်တာက “အစ္စရေးတို့၊ ကျွန်တော်တို့ကို ဘာလို့ တအံ့တသြ ကြည့်နေတာလဲ။ ကျွန်တော်တို့ရဲ့ တန်ခိုးကြောင့်၊ ဘုရားတရားကိုင်းရှိုင်းမှုကြောင့်  ဒီလူ လမ်းပြန်လျှောက်နိုင်တာလို့ ထင်နေကြတာလား။ ၁၃  ဘိုးဘေးတို့ရဲ့ဘုရား၊ အာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရားက+ မိမိရဲ့ကျွန်+ ယေရှုကို ဘုန်းထင်ရှားစေပြီ။+ ခင်ဗျားတို့ကတော့ သူ့ကို အပ်နှံလိုက်ကြပြီ။+ ပိလတ်မင်းက လွှတ်မယ်လို့ ဆုံးဖြတ်တာတောင် ပိလတ်မင်းရှေ့မှာ သူ့ကို ခင်ဗျားတို့ ငြင်းပယ်ခဲ့ကြပြီ။ ၁၄  သန့်ရှင်းဖြောင့်မတ်သူကို ငြင်းပယ်ပြီး လူသတ်သမားကိုတော့ လွှတ်ပေးဖို့ ခင်ဗျားတို့ တောင်းဆိုခဲ့ကြတယ်။+ ၁၅  ဒီနည်းနဲ့ အသက်ရဲ့ ကိုယ်စားလှယ်ချုပ်ကို+ ခင်ဗျားတို့ သတ်ပစ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ကို  သေရာကနေ  အသက်ပြန်ရှင်အောင် လုပ်ပေးလိုက်တာ ကျွန်တော်တို့ မျက်မြင်သက်သေပဲ။+ ၁၆  ယေရှုရဲ့ နာမည်ကြောင့်၊ သူ့နာမည်ကို ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့် ခင်ဗျားတို့ သိခဲ့မြင်ခဲ့ဖူးတဲ့ ဒီလူဟာ အခုလို ပြန်သန်စွမ်းလာတာ။ ယေရှုအားဖြင့်ရတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကြောင့် ဒီလူ လုံးဝကျန်းမာလာတာ ခင်ဗျားတို့ အမြင်ပဲ။ ၁၇  ညီအစ်ကိုတို့၊ ခင်ဗျားတို့လည်း ခင်ဗျားတို့ရဲ့ အုပ်စိုးရှင်တွေလို+ မသိနားမလည်လို့ အဲဒီလိုလုပ်ခဲ့မှန်း+ ကျွန်တော်သိပါတယ်။ ၁၈  ဘုရားသခင်က ခရစ်တော် ဒုက္ခခံရမယ်ဆိုတာ ပရောဖက်တွေကတစ်ဆင့် ကြိုဟောပြီးသားပဲ။+ အဲဒီအတိုင်းဖြစ်ပျက်လာဖို့ ဘုရားသခင် ခွင့်ပြုလိုက်တဲ့အတွက် အခုလို ဖြစ်လာတာပါ။ ၁၉  “ဒါကြောင့် ခင်ဗျားတို့ရဲ့အပြစ်တွေကို ပယ်ဖျက်စေချင်တယ်ဆိုရင်+ နောင်တရကြပါ။+ ဘုရားသခင်ဆီ ပြန်လှည့်လာကြပါ။+ ဒါဆိုရင် ယေဟောဝါ* ဘုရားဆီက လန်းဆန်းစေတဲ့အချိန်ကာလ  ရောက်လာမယ်။ ၂၀  ခင်ဗျားတို့အတွက် ခန့်ထားတဲ့ ခရစ်တော်ကို စေလွှတ်ပေးမယ်။ သူဟာ ယေရှုပဲ။ ၂၁  ရှေးခေတ် သန့်ရှင်းတဲ့ပရောဖက်တွေကတစ်ဆင့် ဘုရားသခင် ပြောခဲ့တဲ့အတိုင်း အရာအားလုံးကို နဂိုအတိုင်းဖြစ်အောင် လုပ်ပေးမယ့်အချိန် မရောက်မချင်း ကောင်းကင်မှာပဲ သူရှိနေမယ်။ ၂၂  တကယ်ဆိုရင် မောရှေက ‘ကျွန်တော်နဲ့တူတဲ့ ပရောဖက်တစ်ယောက်ကို ခင်ဗျားတို့ထဲကနေ ယေဟောဝါ* ဘုရား ပေါ်ထွန်းစေမယ်။+ သူပြောသမျှကို နားထောင်ပါ။+ ၂၃  အဲဒီပရောဖက်ပြောတာကို နားမထောင်ရင် ဘုရားသခင် ဖျက်ဆီးလိမ့်မယ်’+ လို့ ပြောခဲ့တယ်။ ၂၄  ရှမွေလကစပြီး နောက်ပိုင်းပေါ်ထွန်းတဲ့ ပရောဖက်အားလုံးကလည်း အဲဒီအကြောင်းကို* ရှင်းရှင်းလင်းလင်း ဟောခဲ့ကြပြီ။+ ၂၅  ခင်ဗျားတို့ဟာ ပရောဖက်တွေရဲ့ သားမြေးတွေပဲ။ ဘိုးဘေးတွေနဲ့ဖွဲ့တဲ့ ပဋိညာဉ်ရဲ့ အမွေခံတွေပဲ။+ အဲဒီပဋိညာဉ်မှာ ဘုရားသခင်က အာဗြဟံကို ‘ကမ္ဘာပေါ်မှာရှိတဲ့ လူ့မိသားစုအားလုံး မင်းရဲ့မျိုးနွယ်ကြောင့် ကောင်းချီးရလိမ့်မယ်’ လို့ ကတိပေးခဲ့တယ်။+ ၂၆  ဘုရားသခင်က ခင်ဗျားတို့ကို ကောင်းချီးခံစားစေချင်လို့၊ ဆိုးညစ်တဲ့အကျင့်တွေကို ကျောခိုင်းစေချင်လို့ ကျွန်ဖြစ်သူ ယေရှုကို ပေါ်ထွန်းစေပြီးတဲ့နောက် ခင်ဗျားတို့ဆီ ဦးဆုံးစေလွှတ်ခဲ့တယ်။”+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “နေထွက်ပြီးနောက် ၉ ချက်တီး။”
ဒါမှမဟုတ်၊ “ဒီအချိန်ကာလအကြောင်း။”