တမန်တော် ၆:၁-၁၅

  • အလုပ်အကျွေးပြုဖို့ အမျိုးသား ၇ ယောက်ကို ရွေးချယ် (၁-၇)

  • ဘုရားကို စော်ကားပြောဆိုသူလို့ သတေဖန်ကို စွပ်စွဲ (၈-၁၅)

၆  အဲဒီအချိန်မှာ တပည့်တွေ တစ်နေ့တခြား တိုးများလာတယ်။ တစ်ကြိမ်မှာ ဂရိစကားပြောတဲ့ ဂျူးတွေက သူတို့ထဲကမုဆိုးမတွေ  နေ့စဉ်အစာခွဲတမ်း မရတဲ့အတွက် ဟီဘရူးစကားပြောတဲ့  ဂျူးတွေကို  အပြစ်တင်ကြတယ်။+ ၂  အဲဒီအခါ တမန်တော် ၁၂ ယောက်က တပည့်အားလုံးကို ခေါ်ပြီး “ကျွန်တော်တို့က ဘုရားသခင်ရဲ့ တရားစကား သွန်သင်ပေးရတဲ့ အလုပ်ကို ပစ်ထားပြီး စားပွဲမှာ လုပ်ကျွေးနေဖို့ မသင့်ဘူး။+ ၃  ဒါကြောင့် ညီအစ်ကိုတို့၊ ခင်ဗျားတို့ထဲက နာမည်ကောင်းရှိသူ၊+ စွမ်းအားတော်နဲ့ပြည့်ပြီး ဉာဏ်ပညာပြည့်စုံသူ+ အမျိုးသား ၇ ယောက်ကို ရွေးချယ်လိုက်ပါ။ လိုအပ်နေတဲ့ ဒီတာဝန်ကို လုပ်ဆောင်ဖို့  သူတို့ကို  ခန့်အပ်မယ်။+ ၄  ကျွန်တော်တို့ကတော့ ဆုတောင်းတာ၊ တရားစကားသွန်သင်တာကိုပဲ စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်တော့မယ်” လို့ပြောတယ်။ ၅  အဲဒီစကားကို တပည့်အားလုံး သဘောတူကြတယ်။ ဒါနဲ့ ယုံကြည်ခြင်းခိုင်ခံ့ပြီး သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်နေတဲ့ သတေဖန်အပါအဝင် ဖိလိပ္ပု၊+ ပြောခေါ်ရု၊ နိကနော်၊ တိမုန်၊ ပါမေန၊ ဂျူးဘာသာပြောင်းဝင်လာသူ အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးချယ်ပြီး၊ ၆  တမန်တော်တွေဆီ ခေါ်လာတယ်။ တမန်တော်တွေလည်း ဆုတောင်းပေးပြီးနောက် သူတို့အပေါ် လက်တင်ကြတယ်။+ ၇  ဘုရားသခင်ရဲ့တရားစကား ပိုပျံ့နှံ့လာတဲ့အတွက်+  ဂျေရုဆလင်မြို့မှာ တပည့်အရေအတွက် များသည်ထက် များလာတယ်။+ ပုရောဟိတ် အတော်များများလည်း ယုံကြည်သူတွေ ဖြစ်လာတယ်။+ ၈  ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ သတေဖန်က အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေကို လူတွေရှေ့မှာ လုပ်ပြတယ်။ ၉  လွတ်မြောက်သူများရဲ့  တရားဇရပ်အဖွဲ့ထဲက အဖွဲ့ဝင်တချို့က သတေဖန်ကို ငြင်းခုံဖို့ ကုရေနေပြည်သား၊ အလက်ဇန္ဒြီးယားမြို့သား၊ ကိလိကိပြည်သား၊ အာရှနယ်သားတွေနဲ့အတူ  ရှေ့ထွက်လာတယ်။ ၁၀  ဒါပေမဲ့ သတေဖန်က စွမ်းအားတော်ကို အမှီပြုပြီး ဉာဏ်ပညာရှိရှိ ဟောပြောတဲ့အတွက် သူတို့ မချေပနိုင်ကြဘူး။+ ၁၁  ဒါနဲ့ သူတို့က “မောရှေနဲ့ ဘုရားသခင်ကို ဒီလူ စော်ကားပြောဆိုခဲ့တာ ကျုပ်တို့ကြားတယ်” ဆိုပြီးပြောဖို့ လူတွေကို တိတ်တဆိတ် နားချတယ်။ ၁၂  လူတွေကိုရော  အကြီးအကဲတွေ၊ ကျမ်းတတ်တွေကိုပါ  ဆူပူအုံကြွလာအောင် လုပ်တယ်။ အဲဒီနောက် သတေဖန်ကို ရုတ်တရက် ဝိုင်းအုံပြီး အတင်းအကျပ် ဖမ်းဆီးပြီးနောက် ဂျူးတရားရုံးချုပ်ဆီ ခေါ်သွားကြတယ်။ ၁၃  မမှန်တဲ့သက်သေတွေ ခေါ်ထုတ်လာပြီး “ဒီလူက ဗိမာန်တော်နဲ့ ပညတ်တရားကို ဆန့်ကျင်ပြီး မပြတ်တမ်း ဟောနေပါတယ်။ ၁၄  နာဇရက်မြို့သား ယေရှုက ဒီဗိမာန်တော်ကို ဖြိုဖျက်မယ်၊ မောရှေပေးခဲ့တဲ့ ထုံးတမ်းစဉ်လာကိုလည်း ပြောင်းလဲပစ်မယ်လို့ ဒီလူပြောနေတာကို ကျုပ်တို့ကြားဖူးပါတယ်” လို့ ထွက်ဆိုခိုင်းတယ်။ ၁၅  ဂျူးတရားရုံးချုပ်မှာ ထိုင်နေသူတွေ စေ့စေ့ကြည့်လိုက်တဲ့အခါ သတေဖန်ရဲ့ မျက်နှာဟာ ကောင်းကင်တမန်ရဲ့ မျက်နှာလို ဖြစ်နေတာကို တွေ့လိုက်ရတယ်။

အောက်ခြေမှတ်ချက်များ