တမန်တော် ၉:၁-၄၃

  • ဒမတ်စကတ်မြို့ကို သွားတဲ့လမ်းမှာ ရှောလု (၁-၉)

  • ရှောလုဆီ အာနနိကို စေလွှတ် (၁၀-၁၉က)

  • ရှောလုက ဒမတ်စကတ်မြို့မှာ ယေရှုအကြောင်း ဟောပြော (၁၉ခ-၂၅)

  • ရှောလု ဂျေရုဆလင်ဆီ သွားလည်ပတ် (၂၆-၃၁)

  • အဲနေကို ပေတရု ကုသပေး (၃၂-၃၅)

  • ရက်ရောတဲ့ ဒေါ်ကာ ရှင်ပြန်ထမြောက်လာ (၃၆-၄၃)

၉  ရှောလုက  သခင့်တပည့်တွေကို ခြိမ်းခြောက်၊ သတ်ဖြတ်ချင်စိတ် ပြင်းထန်နေတဲ့အတွက်+ ပုရောဟိတ်မင်းဆီ သွားပြီး၊ ၂  ဒမတ်စကတ်မြို့က တရားဇရပ်တွေဆီ အမှာစာရေးပေးပါလို့ တောင်းဆိုတယ်။ သခင့်လမ်းစဉ်လိုက်တဲ့+ အမျိုးသားအမျိုးသမီး မှန်သမျှကို ဖမ်းပြီး ဂျေရုဆလင်မြို့ဆီ ခေါ်လာနိုင်ဖို့ပဲ။ ၃  ရှောလုက ခရီးထွက်လာပြီး ဒမတ်စကတ်မြို့နား ရောက်ခါနီးမှာ ကောင်းကင်က အလင်းတန်းတစ်ခု သူ့အပေါ် ရုတ်တရက်  ထွန်းလင်းလာတယ်။+ ၄  သူ မြေပေါ်လဲသွားတဲ့အခါ “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” ဆိုတဲ့အသံ ကြားလိုက်ရတယ်။ ၅  ရှောလုက “သခင်ဟာ ဘယ်သူလဲ” လို့မေးတဲ့အခါ “ငါဟာ မင်းနှိပ်စက်ညှဉ်းဆဲနေတဲ့+ ယေရှုပဲ။+ ၆  အခု၊ ထပြီး မြို့ထဲဝင်ပါ။ မင်းဘာလုပ်ရမယ်ဆိုတာ လာပြောပြလိမ့်မယ်” လို့ဖြေတယ်။ ၇  ရှောလုနဲ့အတူ ခရီးသွားတဲ့သူတွေက အသံကိုတော့ ကြားပြီး အသံရှင်ကို မမြင်ရတဲ့အတွက် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ရပ်နေကြတယ်။+ ၈  ရှောလုက မြေပေါ်ကနေ ထပြီး မျက်စိဖွင့်ကြည့်လိုက်တဲ့အခါ ဘာမှမမြင်ရတော့ဘူး။ ဒါနဲ့ သူ့ကိုတွဲပြီး ဒမတ်စကတ်မြို့ထဲ ခေါ်သွားကြတယ်။ ၉  သူက သုံးရက်လုံး ဘာမှ မမြင်ဘူး၊+ ဘာမှလည်း မစားမသောက်ဘူး။ ၁၀  ဒမတ်စကတ်မြို့မှာ အာနနိဆိုတဲ့+ တပည့်တစ်ယောက်ရှိတယ်။ သခင်က စိတ်အာရုံထဲမှာ ပေါ်လာပြီး “အာနနိ” လို့ခေါ်တော့ အာနနိက “ရှိပါတယ်၊ သခင်” လို့ထူးတယ်။ ၁၁  သခင်က “ထပါ၊ လမ်းဖြောင့်လို့ခေါ်တဲ့ လမ်းကို သွားပါ။ တာရှုမြို့သား+ ရှောလုကို ယုဒရဲ့အိမ်မှာ သွားရှာပါ။ အခု သူ ဆုတောင်းနေတယ်။ ၁၂  အာနနိလို့ခေါ်တဲ့ လူတစ်ယောက် ရောက်လာပြီး လက်တင်တဲ့အခါ မျက်စိပြန်မြင်လာတဲ့အကြောင်း စိတ်အာရုံထဲမှာ သူမြင်ထားတယ်”+ လို့ပြောတယ်။ ၁၃  အဲဒီအခါ အာနနိက “သခင်၊ အဲဒီလူဟာ ဂျေရုဆလင်မြို့မှာ သခင့်ရဲ့  သန့်ရှင်းသူတွေကို  တော်တော်ဒုက္ခပေးတယ်လို့ ပြောဆိုနေကြတာ ကျွန်တော်ကြားတယ်။ ၁၄  အခုလည်း သခင့်နာမည်ယုံကြည်သူတိုင်းကို ဖမ်းဖို့ ပုရောဟိတ်မင်းတွေဆီက ခွင့်ပြုချက်ရထားလို့ သူဒီကိုရောက်နေတာ”+ လို့ပြောတယ်။ ၁၅  ဒါပေမဲ့ သခင်က “သွားသာသွားပါ။ ဒီလူဟာ လူမျိုးခြားတွေနဲ့+ ရှင်ဘုရင်တွေကိုရော+ အစ္စရေးလူမျိုးကိုပါ ငါ့အကြောင်း သက်သေခံဖို့ ငါရွေးချယ်ထားသူပဲ။+ ၁၆  ငါ့နာမည်အကြောင်း ဟောပြောတဲ့အတွက် ဘယ်လောက်ဒုက္ခခံရမယ်ဆိုတာ သူကောင်းကောင်းသိအောင် ငါပြမယ်”+ လို့ပြောတယ်။ ၁၇  ဒါနဲ့  အာနနိက  အဲဒီအိမ်ကို ရောက်သွားတဲ့အခါ ရှောလုအပေါ် လက်ကိုတင်ပြီး “ညီအစ်ကို ရှောလု၊ ဒီကိုလာတုန်းက ခင်ဗျားကို လမ်းမှာထင်ရှားပြတဲ့ သခင်ယေရှုက ကျွန်တော့်ကို လွှတ်လိုက်တာ။ ခင်ဗျားကို မျက်စိပြန်မြင်လာအောင်၊ သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်အောင် လုပ်ပေးဖို့ပါ”+ လို့ ပြောတယ်။ ၁၈  ချက်ချင်းပဲ ရှောလုရဲ့မျက်စိကနေ အကြေးခွံလိုမျိုး ကွာကျလာပြီး မျက်စိပြန်မြင်လာတယ်။ အဲဒီနောက် သူ ထပြီး နှစ်ခြင်းခံတယ်။ ၁၉  အစာစားပြီး အားအင်ပြန်ပြည့်လာတယ်။ ရှောလုက  ဒမတ်စကတ်မြို့မှာ+ တပည့်တွေနဲ့ ရက်အနည်းငယ် နေပြီးတဲ့နောက်၊ ၂၀  တရားဇရပ်တွေဆီ ချက်ချင်းသွားပြီး ယေရှုဟာ ဘုရားသခင်ရဲ့သား ဖြစ်တဲ့အကြောင်း စပြီးဟောပြောတော့တယ်။ ၂၁  ကြားတဲ့သူတွေက တအံ့တသြဖြစ်ပြီး “ဒီလူဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ ယေရှုနာမည်ယုံကြည်သူတိုင်းကို အကြီးအကျယ် ဒုက္ခပေးတဲ့သူပဲ။+ သူ ဒီကိုလာတာလည်း သူတို့ကို ဖမ်းဆီးပြီး ပုရောဟိတ်မင်းတွေဆီ ခေါ်သွားဖို့ မဟုတ်လား”+ လို့ ပြောကြတယ်။ ၂၂  ရှောလုက ဟောပြောရာမှာ ပိုထိရောက် ပိုင်နိုင်လာတဲ့အပြင် ယေရှုဟာ ခရစ်တော်ပဲဆိုတာကို ကျိုးကြောင်းဆင်ခြင်ပြီး ပြောပြတဲ့အတွက်+ ဒမတ်စကတ်မြို့မှာရှိတဲ့ ဂျူးတွေ တအံ့တသြဖြစ်ကုန်တယ်။ ၂၃  ရက်အတန်ကြာတဲ့အခါ  ဂျူးတွေက ရှောလုကိုသတ်ဖို့ လျှို့ဝှက်ကြံစည်ကြတယ်။+ ၂၄  ဒါပေမဲ့ သူတို့ရဲ့အကြံအစည်ကို  ရှောလု  သိသွားတယ်။ ဂျူးတွေက ရှောလုကိုသတ်ဖို့ မြို့တံခါးတွေမှာ နေ့ရောညပါ စောင့်ကြပ်နေကြတယ်။ ၂၅  ညရောက်တော့ တပည့်တွေက ရှောလုကို တောင်းထဲထည့်ပြီး မြို့ရိုးပြတင်းပေါက်ကနေ လျှောချပေးတယ်။+ ၂၆  ရှောလုက ဂျေရုဆလင်မြို့ကို ရောက်တဲ့အခါ+ တပည့်တွေနဲ့ ပေါင်းမယ်လုပ်တော့ သူ ယေရှုရဲ့တပည့် ဖြစ်လာတာကို မယုံကြတဲ့အတွက် မပေါင်းရဲကြဘူး။ ၂၇  ဒါကြောင့် ဗာနဗက+ ရှောလုကို ကူညီတဲ့အနေနဲ့ တမန်တော်တွေဆီ ခေါ်သွားတယ်။ သခင်ကို လမ်းခရီးမှာ  ရှောလုမြင်ခဲ့တဲ့အကြောင်း၊+ သခင်နဲ့  စကားပြောခဲ့တဲ့အကြောင်း၊ ဒမတ်စကတ်မြို့မှာ  ယေရှုရဲ့နာမည်နဲ့ ရဲရဲရင့်ရင့် ဟောပြောခဲ့တဲ့အကြောင်း+ အသေးစိတ်  သူပြောပြလိုက်တယ်။ ၂၈  အဲဒီနောက်  ရှောလုက  တမန်တော်တွေဆီမှာ နေပြီး ဂျေရုဆလင်မြို့အနှံ့ အတူသွားလာရင်း သခင့်နာမည်နဲ့ ရဲရဲရင့်ရင့် ဟောပြောတယ်။ ၂၉  ဂရိစကားပြောတဲ့ ဂျူးတွေနဲ့လည်း ဆွေးနွေးငြင်းခုံတယ်။ ဒါကြောင့် သူတို့က ရှောလုကိုသတ်ဖို့ ကြံစည်တယ်။+ ၃၀  ဒီအကြောင်းကို ညီအစ်ကိုတွေ ကြားတဲ့အခါ သူ့ကို ကဲသရိမြို့ဆီ ခေါ်သွားပြီး တာရှုမြို့ကို ပို့လိုက်ကြတယ်။+ ၃၁  အဲဒီတုန်းက ယုဒပြည်၊ ဂါလိလဲပြည်၊  ရှမာရိပြည်တစ်လျှောက်က+ အသင်းတော်တွေဟာ ငြိမ်သက်အေးချမ်းပြီး ယုံကြည်ခြင်း ခိုင်ခံ့နေကြတယ်။ ယေဟောဝါကို*  ကြောက်ရွံ့ရိုသေပြီး သန့်ရှင်းသော စွမ်းအားတော်ကြောင့်ရတဲ့ နှစ်သိမ့်မှုနဲ့အညီ+ အသက်ရှင်တဲ့အတွက် တပည့်အရေအတွက် များသည်ထက် များလာတယ်။ ၃၂  ပေတရုက အရပ်ရပ်ဆီ လှည့်လည်သွားလာရင်း လုဒ္ဒမြို့မှာနေထိုင်တဲ့ သန့်ရှင်းသူတွေဆီကိုလည်း  ရောက်လာတယ်။+ ၃၃  အဲဒီမှာ အဲနေလို့ခေါ်တဲ့လူကို တွေ့တယ်။ သူ လေဖြတ်ပြီး အိပ်ရာထဲလဲနေတာ ၈ နှစ်ရှိနေပြီ။ ၃၄  ပေတရုက “အဲနေ၊ ခင်ဗျားကျန်းမာအောင် ယေရှုခရစ် လုပ်ပေးလိုက်ပြီ။+ ထပြီး အိပ်ရာကို သိမ်းလိုက်ပါ”+ လို့ပြောတော့  သူ  ချက်ချင်းထလာတယ်။ ၃၅  လုဒ္ဒမြို့နဲ့ ရှာရုန်လွင်ပြင်မှာ နေတဲ့သူအားလုံး အဲနေကိုမြင်တဲ့အခါ သခင့်ကို ယုံကြည်လာကြတယ်။ ၃၆  ယုပ္ပေမြို့မှာ တဗိသလို့ခေါ်တဲ့ တပည့်တစ်ယောက် ရှိတယ်။ ဂရိဘာသာစကားနဲ့ဆိုရင် “ဒေါ်ကာ”* လို့ခေါ်တယ်။ အဲဒီအမျိုးသမီးဟာ ကောင်းတဲ့အကျင့်၊  ပေးကမ်းစွန့်ကြဲတတ်တဲ့အကျင့်  ရှိတယ်။ ၃၇  တစ်နေ့မှာတော့ ဒေါ်ကာ ဖျားပြီး သေဆုံးသွားတယ်။ တပည့်တွေက အလောင်းကို ရေချိုးပေးပြီး အထက်ခန်းမှာ ထားကြတယ်။ ၃၈  လုဒ္ဒမြို့က ယုပ္ပေမြို့နဲ့နီးတော့ အဲဒီမြို့မှာ ပေတရုရောက်နေတဲ့အကြောင်း တပည့်တွေ ကြားတဲ့အခါ လူနှစ်ယောက် လွှတ်ပြီး “ကျွန်တော်တို့ဆီ အမြန်ဆုံး လာခဲ့ပါ” လို့ ဖိတ်ခေါ်တယ်။ ၃၉  ပေတရုလည်း ထလိုက်သွားတယ်။ ရောက်တဲ့အခါ အထက်ခန်းကို ခေါ်သွားကြတယ်။ ငိုနေတဲ့ မုဆိုးမတွေက ပေတရုဆီလာပြီး ဒေါ်ကာရှိတုန်းက ချုပ်ပေးခဲ့တဲ့ အင်္ကျီတွေ၊ ဝတ်ရုံတွေကို ပြကြတယ်။ ၄၀  ဒါနဲ့ ပေတရုက အားလုံးကို အပြင်ထွက်ခိုင်းလိုက်တယ်။+ အဲဒီနောက် ဒူးထောက်၊ ဆုတောင်းပြီး “တဗိသ၊ ထပါ” လို့ပြောတယ်။ သူ မျက်စိပွင့်လာပြီး ပေတရုကို မြင်တဲ့အခါ ထထိုင်တော့တယ်။+ ၄၁  ပေတရုက လက်ကမ်းပြီး ဆွဲထူလိုက်တယ်။ အဲဒီနောက် သန့်ရှင်းသူတွေ၊ မုဆိုးမတွေကို ခေါ်ပြီး အသက်ရှင်လာတဲ့ တဗိသကို ပြတယ်။+ ၄၂  ယုပ္ပေတစ်မြို့လုံး ဒီသတင်းပျံ့သွားပြီး လူအတော်များများ သခင်ကို ယုံကြည်လာတယ်။+ ၄၃  ပေတရုက ရှိမုန်လို့ခေါ်တဲ့ သားရေနယ်လုပ်သားနဲ့အတူ ယုပ္ပေမြို့မှာ ရက်အတော်ကြာ နေထိုင်တယ်။+

အောက်ခြေမှတ်ချက်များ

အာရမိတ်လို ‘တဗိသ၊’ အဓိပ္ပာယ်၊ “ဒရယ်မလေး။”