တရားသူကြီး ၁:၁-၃၆

  • ယုဒနဲ့ ရှိမောင်အနွယ် အောင်ပွဲရ (၁-၂၀)

  • ယေဗုသိလူမျိုး ဂျေရုဆလင်မြို့မှာ ဆက်နေထိုင် (၂၁)

  • ယောသပ်အမျိုး ဗေသလမြို့ကို သိမ်းယူ (၂၂-၂၆)

  • ခါနန်လူမျိုးတွေကို အကုန်အစင် မနှင်ထုတ် (၂၇-၃၆)

၁  ယောရှု သေဆုံးပြီးနောက်+ အစ္စရေးတွေက  “ခါနန်လူမျိုးတွေကို တိုက်ခိုက်ဖို့ ဘယ်သူ အရင်ဆုံး ချီတက်ရမလဲ” ဆိုပြီး ယေဟောဝါကို မေးမြန်းတယ်။+ ၂  ယေဟောဝါက “ယုဒအနွယ် ချီတက်ရမယ်။+ ဒီပြည်ကို သူ့လက်ထဲ  ငါအပ်ပြီ”  လို့ပြောတယ်။ ၃  ယုဒအနွယ်က ညီအစ်ကိုဖြစ်တဲ့ ရှိမောင်အနွယ်ကို “ငါတို့ရမယ့်နယ်မြေကို လိုက်ခဲ့။+ ခါနန်လူမျိုးတွေကို သွားတိုက်ရအောင်။ မင်းတို့နယ်မြေအတွက် တိုက်တဲ့အခါကျရင် ငါတို့လိုက်ပြီး ကူညီမယ်” လို့ပြောတဲ့အခါ ရှိမောင်အနွယ်ဝင်တွေ လိုက်သွားတယ်။ ၄  ယုဒအနွယ် ချီတက်သွားတဲ့အခါ ယေဟောဝါက  ခါနန်လူမျိုးနဲ့ ဖေရဇိ လူမျိုးကို  သူတို့လက်ထဲအပ်တဲ့အတွက်+ ဗေဇက်မြို့မှာ လူ ၁၀,၀၀၀ ကို အနိုင်ရတယ်။ ၅  ဗေဇက်မြို့မှာ အဒေါနိဗေဇက်မင်းကို တိုက်ခိုက်တယ်။ ခါနန်လူမျိုးနဲ့+ ဖေရဇိလူမျိုးကို+ အနိုင်ရတယ်။ ၆  အဒေါနိဗေဇက်မင်း ထွက်ပြေးတော့ သူ့နောက်ကို လိုက်ကြတယ်။ သူ့ကို ဖမ်းမိတဲ့အခါ ခြေမ၊ လက်မတွေကို  ဖြတ်လိုက်တယ်။ ၇  အဲဒီအခါ အဒေါနိဗေဇက်မင်းက “ဘုရင် ၇၀ ရဲ့ ခြေမ၊ လက်မတွေကို ငါဖြတ်ခဲ့တယ်။ ငါ့စားပွဲအောက်က စားကြွင်းစားကျန်တွေကို သူတို့ကောက်စားခဲ့တယ်။ ငါလုပ်ခဲ့တဲ့အတိုင်း ဘုရားသခင်က ငါ့ကိုပြန်လုပ်တာပဲ” လို့ပြောတယ်။ သူ့ကို ဂျေရုဆလင်မြို့ဆီ ခေါ်သွားတယ်။+ အဲဒီမှာပဲ သေဆုံးသွားတယ်။ ၈  ယုဒအနွယ်က ဂျေရုဆလင်မြို့ကို တိုက်ခိုက်သိမ်းပိုက်တယ်။+ မြို့သားတွေကို ကွပ်မျက်ပြီး မြို့ကို မီးရှို့လိုက်တယ်။ ၉  အဲဒီနောက် တောင်တန်းဒေသ၊ နေဂပ်အရပ်နဲ့ ရှဖိလာအရပ်တွေမှာ+ နေထိုင်တဲ့ ခါနန်လူမျိုးတွေကို တိုက်ခိုက်ဖို့ ဆင်းသွားကြတယ်။ ၁၀  ယုဒအနွယ်က ဟေဗြုန်မြို့မှာ နေထိုင်တဲ့ ခါနန်လူမျိုးတွေကို ချီတက်တိုက်ခိုက်ပြီး ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို သတ်ပစ်တယ်။+ (ဟေဗြုန်မြို့ကို အရင်က ကိရယအာဘမြို့လို့ ခေါ်တယ်။) ၁၁  အဲဒီကနေ  ဒေဗိရမြို့သားတွေဆီ  ချီတက်တိုက်ခိုက်တယ်။+ (ဒေဗိရမြို့ကို  အရင်က  ကိရယသေဖာမြို့လို့ခေါ်တယ်။)+ ၁၂  အဲဒီအခါ ကာလက်က+  “ကိရယသေဖာမြို့ကို သိမ်းပိုက်နိုင်သူကို ငါ့သမီး အာခသနဲ့ ပေးစားမယ်” လို့ပြောတယ်။+ ၁၃  ကာလက်ညီ ကေနတ်ရဲ့သား+ သြသံယေလက+  အဲဒီမြို့ကို  သိမ်းပိုက်လိုက်တယ်။ ဒါကြောင့် ကာလက်က သြသံယေလကို  သမီးအာခသနဲ့  ပေးစားတယ်။ ၁၄  အာခသက ယောက်ျားအိမ်ကို လိုက်သွားချိန်မှာ  ဖခင်ဆီကနေ  မြေတစ်ကွက်တောင်းဖို့ ယောက်ျားကို  တိုက်တွန်းတယ်။ အဲဒီနောက် မြည်းပေါ်ကနေ ဆင်းလိုက်တယ်။* ကာလက်က “ဘာလိုချင်လို့လဲ” ဆိုပြီးမေးတော့၊ ၁၅  “သမီးကို ဆုလက်ဆောင်ပေးပါဦး။  အဖေက တောင်ဘက်မှာ မြေတစ်ကွက်  ပေးထားပြီဆိုတော့  ဂုလောသမိမ်*  အရပ်ကိုလည်း  ပေးပါဦးလား” လို့တောင်းတယ်။ ဒါနဲ့  ကာလက်က  အထက်ဂုလောနဲ့ အောက်ဂုလောကို ပေးလိုက်တယ်။ ၁၆  မောရှေယောက္ခမရဲ့+ သားမြေးတွေဖြစ်တဲ့  ကေနိတ်အမျိုးသားတွေက+ ယုဒအနွယ်နဲ့အတူ စွန်ပလွံမြို့ကနေ+ အာရဒ်မြို့တောင်ဘက်+ ယုဒတောကန္တာရကို လိုက်လာပြီး ဒေသခံတွေနဲ့အတူ အခြေချနေထိုင်ကြတယ်။+ ၁၇  ယုဒအနွယ်ကတော့ ညီအစ်ကိုဖြစ်တဲ့  ရှိမောင်အနွယ်နဲ့အတူ  ဆက်ချီတက်သွားပြီး ဇေဖတ်မြို့မှာ နေထိုင်တဲ့ ခါနန်လူမျိုးတွေကို တိုက်ခိုက်တယ်။ မြို့ကိုလည်း  ဖျက်ဆီးပစ်တယ်။+  ဒါကြောင့် အဲဒီမြို့ကို ဟောမာလို့*+ နာမည်ပေးလိုက်တယ်။ ၁၈  အဲဒီနောက် ယုဒအနွယ်က ဂါဇာမြို့၊+ အာရှကေလုန်မြို့၊+ ဧကြုန်မြို့နဲ့+ အဲဒီမြို့တွေဝန်းကျင်က  နယ်မြေတွေကို  သိမ်းပိုက်လိုက်တယ်။ ၁၉  ယေဟောဝါက  ယုဒအနွယ်နဲ့အတူရှိတယ်။  တောင်တန်းဒေသကို သူတို့ သိမ်းပိုက်နိုင်ခဲ့တယ်။ လွင်ပြင်မှာ နေထိုင်သူတွေကတော့ သံဓားကောက် တပ်ထားတဲ့ စစ်မြင်းရထားတွေ ပိုင်ဆိုင်ကြလို့ သူတို့မနှင်ထုတ်နိုင်ဘူး။+ ၂၀  အဲဒီနောက်  မောရှေ ကတိပေးခဲ့တဲ့အတိုင်း  ကာလက်ကို ဟေဗြုန်မြို့ပေးလိုက်တော့+ သူက အာနကရဲ့သားသုံးယောက်ကို အဲဒီကနေ နှင်ထုတ်လိုက်တယ်။+ ၂၁  ဗင်ယာမိန်အနွယ်က ဂျေရုဆလင်မြို့မှာနေတဲ့ ယေဗုသိလူမျိုးကို မနှင်ထုတ်ကြဘူး။ ဒါကြောင့် ယေဗုသိလူမျိုးက  ဂျေရုဆလင်မြို့မှာ  ဗင်ယာမိန်အနွယ်နဲ့အတူ ဒီနေ့အထိ ဆက်နေထိုင်တုန်းပဲ။+ ၂၂  အဲဒီအချိန်မှာ ယောသပ်အမျိုးက+ ဗေသလမြို့ကို သွားတိုက်ခိုက်တယ်။  ယေဟောဝါလည်း  သူတို့နဲ့အတူ ရှိတယ်။+ ၂၃  ယောသပ်အမျိုးက ဗေသလမြို့ကို ထောက်လှမ်းတယ်။ (ဗေသလမြို့ကို အရင်တုန်းက လုဇမြို့လို့ခေါ်တယ်။)+ ၂၄  မြို့ထဲကထွက်လာတဲ့ လူတစ်ယောက်ကို သူလျှိုတွေမြင်တဲ့အခါ “မြို့အဝင်လမ်းကို ပြပေးရင် မင်းကို သက်ညှာမယ်” လို့ပြောတယ်။ ၂၅  အဲဒီလူက မြို့အဝင်လမ်းကို ပြပေးတဲ့အတွက် မြို့ကို သူတို့ဝင်တိုက်တယ်။ အဲဒီလူနဲ့ သူ့မိသားစုကိုတော့ လွှတ်ပေးလိုက်တယ်။+ ၂၆  အဲဒီလူက ဟိတ္တိပြည်ကို သွားပြီး မြို့တစ်မြို့တည်တယ်။ အဲဒီမြို့ကို လုဇလို့မှည့်ခေါ်လိုက်တာ ဒီနေ့အထိ နာမည်တွင်နေတုန်းပဲ။ ၂၇  မနာရှေအနွယ်က ဗက်ရှယန်၊ တာနက်၊+ ဒေါရ၊ အိဗလံ၊ မေဂိဒေါမြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေကို မသိမ်းပိုက်ကြဘူး။+  ခါနန်လူမျိုးတွေက  အဲဒီဒေသမှာ  မရမက  ဆက်နေထိုင်တယ်။ ၂၈  အစ္စရေးတွေ လူဦးရေတိုးပွားလာတယ်။ ခါနန်လူမျိုးတွေကို အပြီးမနှင်ထုတ်ဘဲ+  ကျွန်အဖြစ်  စေခိုင်းကြတယ်။+ ၂၉  ဧဖရိမ်အနွယ်လည်း ဂေဇာမြို့မှာနေထိုင်တဲ့ ခါနန်လူမျိုးတွေကို မနှင်ထုတ်ဘူး။ ခါနန်လူမျိုးတွေက ဂေဇာမြို့မှာ သူတို့နဲ့အတူ ဆက်နေထိုင်ကြတယ်။+ ၃၀  ဇာဗုလုန်အနွယ်က ကိတရုန်မြို့သားတွေ၊ နဟာလောလမြို့သားတွေကို မနှင်ထုတ်ဘူး။+ အဲဒီခါနန်လူမျိုးတွေဟာ သူတို့နဲ့အတူ ဆက်နေထိုင်ပြီး ကျွန်ခံကြတယ်။+ ၃၁  အာရှာအနွယ်က အေကာ၊ ဆိုင်ဒုန်၊+ အာလပ်၊ အာခဇိပ်၊+  ဟေလဗ၊ အာဖိတ်၊+ ရဟောဘမြို့တွေမှာ+ နေထိုင်တဲ့  လူတွေကို  မနှင်ထုတ်ဘူး။ ၃၂  ပြည်မှာနေတဲ့  အဲဒီခါနန်လူမျိုးတွေကို  မနှင်ထုတ်ဘဲ  အတူနေထိုင်ကြတယ်။ ၃၃  နဿလိအနွယ်လည်း ဗက်ရှေမက်မြို့သားတွေနဲ့ ဗေသနတ်မြို့သားတွေကို+ မနှင်ထုတ်ဘူး။ အဲဒီခါနန်လူမျိုးနဲ့အတူ ဆက်နေထိုင်ကြတယ်။+ ဗက်ရှေမက်မြို့သားတွေနဲ့ ဗေသနတ်မြို့သားတွေက သူတို့ရဲ့ကျွန်တွေ ဖြစ်လာတယ်။ ၃၄  အာမောရိလူမျိုးက ဒန်အနွယ်ကို တောင်တန်းဒေသဘက် နှင်ထုတ်တယ်။  လွင်ပြင်ဘက်  ဆင်းလာခွင့်မပေးဘူး။+ ၃၅  အာမောရိလူမျိုးက ဟေရက်တောင်၊ အာယလုန်မြို့နဲ့+ ရှာလဗိမ်မြို့မှာ+  မရမက  ဆက်နေထိုင်ကြတယ်။  ဒါပေမဲ့  ယောသပ်အမျိုး အင်အားကြီးလာတဲ့အခါ သူတို့ကျွန်ခံရတယ်။ ၃၆  အာမောရိလူမျိုးရဲ့ နယ်မြေက  အာကရာဗင်ကုန်းကနေ+ စတယ်။ သေလအရပ်ကနေ အပေါ်ဘက် တက်သွားတယ်။

အောက်ခြေမှတ်ချက်များ

“မြည်းပေါ်ကနေ လက်ခုပ်တီးခေါ်တယ်” လည်းဖြစ်နိုင်။
အဓိပ္ပာယ်၊ “ရေကန်များ။”
အဓိပ္ပာယ်၊ “ဖျက်ဆီးပစ်ရမယ့်အရာ။”