တရားသူကြီး ၁၀:၁-၁၈
၁၀ အဘိမလက် မရှိတော့တဲ့နောက် အစ္စရေးတွေကို ကယ်တင်ဖို့ အိသခါအမျိုးသား ဒေါဒေါရဲ့မြေး၊ ပုအာရဲ့သား တောလ ပေါ်လာတယ်။+ သူက ဧဖရိမ်တောင်တန်းဒေသ၊ ရှမိရမြို့မှာ နေထိုင်တယ်။
၂ အစ္စရေးတွေကို ၂၃ နှစ် စီရင်အုပ်ချုပ်ပြီးနောက် သေဆုံးသွားတဲ့အတွက် ရှမိရမြို့မှာ သူ့ကို သင်္ဂြိုဟ်လိုက်ကြတယ်။
၃ တောလ မရှိတော့တဲ့နောက် ဂိလဒ်ပြည်သား ယာအိရ ပေါ်လာပြီး အစ္စရေးတွေကို ၂၂ နှစ် စီရင်အုပ်ချုပ်တယ်။
၄ သူ့မှာ သားချည်းပဲ အယောက် ၃၀ ရှိတယ်။ အဲဒီသားတွေဆီမှာ မြည်းကိုယ်စီ၊ အပိုင်စားရတဲ့ မြို့ကိုယ်စီ ရှိကြတယ်။ ဂိလဒ်ပြည်မှာရှိနေတဲ့ အဲဒီမြို့တွေကို အခုအချိန်အထိ ဟာဝုတ်ယာအိရလို့ ခေါ်တယ်။+
၅ ယာအိရ သေဆုံးသွားတဲ့အတွက် ကာမုန်မြို့မှာ သူ့ကို သင်္ဂြိုဟ်လိုက်ကြတယ်။
၆ အစ္စရေးတွေက ယေဟောဝါရှေ့မှာ မကောင်းတာတွေကို လုပ်ကြပြန်တယ်။+ ဗာလဘုရားတွေ၊+ အာရှတရက်ရုပ်တုတွေ၊ အာရံ၊* ဆိုင်ဒုန်၊ မောဘ၊+ အမ္မုန်နဲ့+ ဖိလိတိလူမျိုးတွေရဲ့ ဘုရားတွေကို+ ဝတ်ပြုလာကြတယ်။ ယေဟောဝါကို ဝတ်မပြုတော့ဘဲ စွန့်သွားကြတယ်။
၇ အဲဒီအခါ အစ္စရေးတွေကို ယေဟောဝါ အမျက်ထွက်ပြီး ဖိလိတိနဲ့ အမ္မုန်လူတွေလက်ထဲ ရောင်းလိုက်တယ်။+
၈ ဒါကြောင့် အဲဒီနှစ်မှာ အစ္စရေးတွေကို သူတို့ အကြီးအကျယ် ဖိနှိပ်ညှဉ်းဆဲကြတယ်။ အာမောရိလူမျိုးရဲ့ နယ်မြေဖြစ်ခဲ့ဖူးတဲ့ ဂျော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်မှာ ၁၈ နှစ်လုံး ဖိနှိပ်ကြတယ်။
၉ အဲဒီအပြင် အမ္မုန်လူတွေက ယုဒအနွယ်၊ ဗင်ယာမိန်အနွယ်နဲ့ ဧဖရိမ်အနွယ်ကို တိုက်ခိုက်ဖို့ ဂျော်ဒန်မြစ်ကို ကူးလာတဲ့အတွက် အစ္စရေးတွေ အကြီးအကျယ် ဒုက္ခရောက်ကြတယ်။
၁၀ ဒါနဲ့ အစ္စရေးတွေက “ကိုယ်တော့်ကို ကျွန်တော်တို့ ပြစ်မှားပါပြီ။ ကျွန်တော်တို့က ကိုယ့်ဘုရားသခင်ကို စွန့်ပြီး ဗာလဘုရားတွေကို ဝတ်ပြုခဲ့ပါတယ်”+ ဆိုပြီး ယေဟောဝါဆီ အော်ဟစ်အကူအညီတောင်းတယ်။+
၁၁ ဒါပေမဲ့ ယေဟောဝါက အစ္စရေးတွေကို “အီဂျစ်၊+ အာမောရိ၊+ အမ္မုန်နဲ့ ဖိလိတိတွေရဲ့+ လက်ထဲကနေ မင်းတို့ကို ငါကယ်တင်ခဲ့တယ် မဟုတ်လား။
၁၂ ဆိုင်ဒုန်၊ အာမလက်နဲ့ မိဒျန်လူတွေ ဖိနှိပ်တုန်းကလည်း ငါကယ်တင်ခဲ့တယ် မဟုတ်လား။ ငါ့ဆီ အော်ဟစ်အကူအညီတောင်းတဲ့အခါ သူတို့လက်ထဲကနေ မင်းတို့ကို ငါကယ်တင်ခဲ့တာပဲ။
၁၃ ဒါပေမဲ့ မင်းတို့က ငါ့ကိုစွန့်ပြီး တခြားဘုရားတွေကို ဝတ်ပြုတယ်။+ ဒါကြောင့် ငါမကယ်တော့ဘူး။+
၁၄ မင်းတို့ရွေးချယ်တဲ့ ဘုရားတွေဆီ သွားပြီး အကူအညီတောင်းကြ။+ မင်းတို့ဒုက္ခရောက်ချိန်မှာ အဲဒီဘုရားတွေ ကယ်တင်ပါစေ”+ လို့ပြောတယ်။
၁၅ အစ္စရေးတွေက “ကျွန်တော်တို့ ပြစ်မှားပါပြီ။ ကျွန်တော်တို့ကို ကိုယ်တော် ကြိုက်သလိုလုပ်ပါ။ ဒီတစ်ကြိမ်ပဲ ကယ်တင်လှည့်ပါ” ဆိုပြီး ယေဟောဝါကို တောင်းပန်တယ်။
၁၆ ပြီးတော့ တိုင်းတစ်ပါး ဘုရားတွေကို ဖယ်ရှားပြီး ယေဟောဝါကို ဝတ်ပြုတယ်။+ အဲဒီအခါ အစ္စရေးတွေ ဒုက္ခရောက်နေတာကို ကြည့်ပြီး ဘုရားသခင်ရဲ့ စိတ်ထဲမှာ မခံစားနိုင်တော့ဘူး။+
၁၇ နောက်တော့ အမ္မုန်လူတွေက+ စုရုံးပြီး ဂိလဒ်ပြည်မှာ တပ်ချတယ်။ အစ္စရေးတွေလည်း စုရုံးပြီး မိဇပါအရပ်မှာ တပ်ချတယ်။
၁၈ ဂိလဒ်ပြည်သားတွေနဲ့ ခေါင်းဆောင်တွေက “အမ္မုန်လူတွေကိုတိုက်ဖို့ ဘယ်သူဦးဆောင်မလဲ။+ ဦးဆောင်တဲ့သူဟာ ဂိလဒ်ပြည်ရဲ့ ခေါင်းဆောင်ပဲ” ဆိုပြီး အချင်းချင်း ပြောကြတယ်။
အောက်ခြေမှတ်ချက်များ
^ ဒါမှမဟုတ်၊ “ဆီးရီးယားလူမျိုး။”