တရားသူကြီး ၁၄:၁-၂၀
၁၄ တစ်နေ့၊ ရှံဆုန်က တိမနမြို့ကို ဆင်းသွားတဲ့အခါ အဲဒီမြို့မှာ ဖိလိတိ မိန်းကလေးတစ်ယောက်ကို တွေ့တယ်။
၂ ဒါနဲ့ မိဘတွေဆီ ပြန်လာပြီး “တိမနမြို့မှာ ကျွန်တော် မျက်စိကျနေတဲ့ ဖိလိတိ မိန်းကလေးတစ်ယောက် ရှိပါတယ်။ သူ့ကို တောင်းရမ်းပေးပါ” လို့ပြောတယ်။
၃ မိဘတွေက “ငါတို့လူမျိုး ဆွေမျိုးသားချင်းတွေထဲမှာ မိန်းမ ရှာမတွေ့လို့လား။+ အရေဖျားမဖြတ်တဲ့ ဖိလိတိလူတွေထဲက မိန်းမကိုမှ လိုချင်ရသလား” လို့ပြောပေမဲ့ ရှံဆုန်က “တောင်းပေးပါဗျာ။ သူ့ကိုပဲ သဘောကျလို့ပါ” ဆိုပြီး ဖခင်ကိုပြောတယ်။
၄ သူဒီလိုဆုံးဖြတ်တာ ယေဟောဝါရဲ့ လမ်းညွှန်မှုကြောင့် ဖြစ်မှန်း၊ ဖိလိတိလူတွေကို တိုက်ခိုက်ဖို့ အခွင့်ကောင်းရှာနေမှန်း မိဘတွေ မရိပ်မိကြဘူး။ အဲဒီတုန်းက အစ္စရေးပြည်ကို ဖိလိတိတွေ အုပ်ချုပ်နေတယ်။+
၅ ရှံဆုန်ဟာ မိဘတွေနဲ့အတူ တိမနမြို့ကို ဆင်းသွားတယ်။ တိမနမြို့ စပျစ်ခြံတွေနား ရောက်တဲ့အခါ ခြင်္သေ့တစ်ကောင် သူ့ကို ဟိန်းဟောက်တယ်။
၆ အဲဒီအခါ ယေဟောဝါရဲ့ စွမ်းအားတော်က သူ့ကို ခွန်အားပေးတဲ့အတွက်+ ဆိတ်ကလေးကို နှစ်ပိုင်းဆွဲဖြတ်သလို ခြင်္သေ့ကို လက်နဲ့ပဲ နှစ်ပိုင်းဆွဲဖြတ်လိုက်တယ်။ မိဘတွေကိုတော့ ဒီအကြောင်း မပြောပြဘူး။
၇ အဲဒီနောက် သူခရီးဆက်ပြီး ဖိလိတိမိန်းကလေးနဲ့ စကားပြောကြည့်တဲ့အခါ သူလိုချင်တဲ့ မိန်းကလေးမျိုးပဲဆိုတာ သေချာသွားတယ်။+
၈ နောက်ပိုင်းမှာ ရှံဆုန်က မိန်းကလေးကို အိမ်ခေါ်လာဖို့+ ထပ်သွားတဲ့အခါ ခြင်္သေ့အသေကောင်ကို သွားကြည့်တော့ အသေကောင်ထဲမှာ ပျားအုံစွဲနေတာကို တွေ့လိုက်ရတယ်။
၉ ဒါနဲ့ ပျားအုံထဲက ပျားရည်ကို သူ့လက်ထဲယူပြီး စားရင်း ဆက်လျှောက်လာတယ်။ မိဘတွေနား ရောက်လာတော့ သူတို့ကိုလည်း ကျွေးတယ်။ ဒါပေမဲ့ ပျားရည်ကို ခြင်္သေ့အသေကောင်ထဲကနေ ယူခဲ့တာကိုတော့ မပြောပြဘူး။
၁၀ ရှံဆုန်တို့သားအဖက ဖိလိတိမိန်းကလေးကို တွေ့ဖို့ ဆက်သွားတယ်။ အဲဒီကိုရောက်တော့ ရှံဆုန်လည်း သတို့သားတွေ လုပ်နေကျအတိုင်း ပွဲလုပ်ပေးတယ်။
၁၁ လူတွေက သတို့သားအရံ ၃၀ ကို ရှံဆုန်နဲ့အတူ ပွဲခံဖို့ ခေါ်လာကြတယ်။
၁၂ အဲဒီအခါ ရှံဆုန်က “ကျွန်တော် စကားထာဝှက်မယ်။ ပွဲလုပ်တဲ့ ခုနစ်ရက်အတွင်းမှာ ခင်ဗျားတို့ဖြေနိုင်ရင် ချည်ထည်အင်္ကျီ ၃၀ နဲ့ ဝတ်စုံ ၃၀ ပေးမယ်။
၁၃ မဖြေနိုင်ရင်တော့ ကျွန်တော့်ကို ချည်ထည်အင်္ကျီ ၃၀ နဲ့ ဝတ်စုံ ၃၀ ပေးရမယ်” လို့ပြောတယ်။ သူတို့က “ခင်ဗျားရဲ့ စကားထာကို ပြောစမ်းပါ။ နားထောင်ကြည့်မယ်လေ” လို့ပြောတယ်။
၁၄ ဒါနဲ့ ရှံဆုန်က
“စားသူထဲက စားစရာ၊
သန်သူထဲက ချိုမြိန်ရာ ထွက်ပေါ်လာခဲ့တာ”+ ဆိုပြီး စကားထာ ဝှက်လိုက်တယ်။
ဒါပေမဲ့ သုံးရက်ကြာတဲ့အထိ စကားထာကို မဖြေနိုင်ကြဘူး။
၁၅ လေးရက်မြောက်နေ့မှာ သူတို့က ရှံဆုန်ရဲ့ဇနီးကို “စကားထာရဲ့အဖြေ သိရအောင် မင်းရဲ့ယောက်ျားကို ဉာဏ်ဆင်ပြီး မေးကြည့်စမ်း။+ ပြီးရင် ပြန်ပြောပြ။ မဟုတ်လို့ကတော့ မင်းကိုရော မင်းအဖေရဲ့အိမ်ကိုပါ မီးရှို့ပစ်မယ်။ ငါတို့ရဲ့ပစ္စည်းတွေကို လိုချင်လို့ ငါတို့ကို ဖိတ်တာလား” ဆိုပြီး ခြိမ်းခြောက်တယ်။
၁၆ ဒါကြောင့် ရှံဆုန်ရဲ့ဇနီးက “ရှင် ကျွန်မကို မချစ်ပါဘူး။ မုန်းနေတာပါ။+ တကယ်ဆို သူတို့ကို စကားထာ ဝှက်ပြီးရင် ကျွန်မကိုတော့ အဖြေပြောပြသင့်တာပေါ့” လို့ မျက်ရည်စက်လက်နဲ့ မေးတယ်။ ရှံဆုန်ကလည်း “ငါ့မိဘကိုတောင် မပြောပြတာ။ မင်းကို ဘာလို့ပြောပြရမှာလဲ” ဆိုပြီးဖြေတယ်။
၁၇ သူ့ဇနီးက ပွဲလုပ်တဲ့ခုနစ်ရက်စလုံး တငိုတည်းငိုပြီး ပူဆာလွန်းလို့ နောက်ဆုံးတော့ ခုနစ်ရက်မြောက်နေ့မှာ အဖြေပြောပြလိုက်တယ်။ သူ့ဇနီးလည်း သူ့လူတွေကို ပြန်ပြောပြတယ်။+
၁၈ ဒါနဲ့ ခုနစ်ရက်မြောက်နေ့ နေမဝင်ခင်မှာ* မြို့သားတွေက ရှံဆုန်ဆီလာပြီး
“ပျားရည်ထက် ချိုတာ ဘာရှိလို့လဲ။
ခြင်္သေ့ထက် သန်စွမ်းတာ ဘာရှိလို့လဲ”+ ဆိုပြီး အဖြေပေးတော့
ရှံဆုန်က
“ငါ့နွားမပျိုနဲ့သာ မထွန်ယက်ခဲ့ရင်+
ငါ့စကားထာကို မင်းတို့ဖြေနိုင်မှာ မဟုတ်ပါဘူး” လို့ ပြန်ပြောတယ်။
၁၉ အဲဒီအခါ ယေဟောဝါရဲ့ စွမ်းအားတော် ခွန်အားပေးတဲ့အတွက်+ ရှံဆုန်ဟာ အာရှကေလုန်မြို့ကို+ ဆင်းသွားပြီး မြို့သား ၃၀ ကိုသတ်၊ သူတို့အဝတ်ကို ချွတ်ယူပြီး စကားထာဖြေနိုင်သူတွေကို ပေးလိုက်တယ်။+ ပြီးတော့ စိတ်ဆိုးဆိုးနဲ့ ဖခင်ရဲ့အိမ်ကို ပြန်သွားတယ်။
၂၀ ရှံဆုန်ရဲ့ဇနီးကိုတော့+ အတူပွဲခံတဲ့ သတို့သားအရံတွေထဲက တစ်ယောက်နဲ့ ပေးစားလိုက်ကြတယ်။+
အောက်ခြေမှတ်ချက်များ
^ “ရှံဆုန် အိပ်ခန်းထဲ မဝင်ခင်မှာ” လည်းဖြစ်နိုင်။