တရားသူကြီး ၁၉:၁-၃၀
-
ဂိဗာမြို့မှာ ဗင်ယာမိန် အမျိုးသားတွေရဲ့ မုဒိမ်းမှု (၁-၃၀)
၁၉ အဲဒီတုန်းက အစ္စရေးပြည်မှာ ဘုရင် မရှိဘူး။+ ဧဖရိမ်တောင်တန်းဒေသရဲ့+ အစွန်အဖျားမှာနေထိုင်တဲ့ လေဝိအမျိုးသားတစ်ယောက်ဟာ ယုဒနယ်မြေထဲက ဘက်သလီဟင်မြို့သူကို+ မယားငယ်အဖြစ် ယူထားတယ်။
၂ ဒါပေမဲ့ အဲဒီမယားငယ်က သစ္စာမရှိဘူး။ သူ့ကိုထားရစ်ခဲ့ပြီး ယုဒနယ်မြေ၊ ဘက်သလီဟင်မြို့မှာရှိတဲ့ ဖခင်ရဲ့အိမ်ကို ပြန်သွားတယ်။ အဲဒီမှာ လေးလနေတယ်။
၃ ယောက်ျားဖြစ်သူက သူ့ကိုချော့ပြီး ပြန်ခေါ်လာဖို့ လိုက်သွားတယ်။ မြည်းနှစ်ကောင်နဲ့ နောက်လိုက်ကိုပါ ခေါ်သွားတယ်။ အဲဒီကိုရောက်တော့ မယားငယ်က သူ့ကို အိမ်ထဲဝင်ခိုင်းတယ်။ ယောက္ခမလည်း သူ့ကိုတွေ့တဲ့အခါ ဝမ်းသာအားရ ကြိုဆိုပြီး၊
၄ သုံးရက်လောက် ဆက်နေခိုင်းတယ်။ သူလည်း အတူစားသောက်ပြီး အဲဒီမှာ ဆက်နေလိုက်တယ်။
၅ လေးရက်မြောက်နေ့မှာ သမက်က မနက်စောစောထပြီး သွားဖို့ပြင်တယ်။ ယောက္ခမက “တစ်ခုခုစားပြီးမှ သွားကြ” လို့ပြောတော့၊
၆ နှစ်ယောက်သား ထိုင်ပြီး စားသောက်ကြတယ်။ ယောက္ခမက “တစ်ညလောက် နေပါဦးလား။ ပျော်ပျော်ပါးပါးပေါ့” ဆိုပြီး ပြောတယ်။
၇ သမက်က ပြန်ဖို့လုပ်တဲ့အခါ ယောက္ခမက မပြန်ပါနဲ့ဦးလို့ တောင်းပန်တော့ အဲဒီတစ်ညလည်း အိပ်လိုက်ရပြန်တယ်။
၈ ငါးရက်မြောက်နေ့မှာ စောစောထပြီး ပြန်မယ်လုပ်တဲ့အခါ ယောက္ခမက “တစ်ခုခုစားသွားပါဦး” လို့ပြောတာနဲ့ နှစ်ယောက်သား စားသောက်နေကြတာ အချိန်ကုန်မှန်းမသိ ကုန်သွားတယ်။
၉ သမက်က သူ့မယားငယ်နဲ့ နောက်လိုက်ကိုခေါ်ပြီး သွားဖို့ပြင်တော့ ယောက္ခမက “ကြည့်ပါဦး၊ နေတောင် စောင်းနေပြီ။ မိုးချုပ်တော့မယ်။ ဒီညလည်း ဒီမှာပဲ အိပ်လိုက်တော့။ အေးအေးဆေးဆေးပေါ့ကွာ။ မနက်ကျမှ အစောကြီးထပြီး အိမ်ပြန်ကြ” လို့ပြောတယ်။
၁၀ ဒါပေမဲ့ သမက်က နောက်တစ်ည ထပ်မအိပ်ချင်တော့တာနဲ့ မြည်းနှစ်ကောင်ကို ကုန်းနှီးတင်၊ သူ့မယားငယ်နဲ့ နောက်လိုက်ကို ခေါ်ပြီး ခရီးထွက်လာတာ ဂျေရုဆလင်လို့ခေါ်တဲ့+ ယေဗုတ်မြို့အထိ ရောက်လာတယ်။
၁၁ ယေဗုတ်မြို့နားကို ရောက်တဲ့အခါ မှောင်စပျိုးနေပြီ။ ဒါကြောင့် နောက်လိုက်က “ယေဗုသိလူတွေနေတဲ့ ဒီမြို့မှာပဲ ညအိပ်ဝင်နားရင် ကောင်းမလား” လို့ သခင်ကိုပြောတယ်။
၁၂ သခင်က “အစ္စရေးမဟုတ်တဲ့ လူမျိုးခြားတွေရဲ့မြို့မှာ မနားချင်ပါဘူးကွာ။ ဂိဗာမြို့အထိ+ ဆက်သွားရအောင်။
၁၃ ဂိဗာမြို့ကိုဖြစ်ဖြစ်၊ ရာမမြို့ကိုဖြစ်ဖြစ်+ အရောက်သွားပြီး အဲဒီမှာ ညအိပ်ရအောင်” လို့နောက်လိုက်ကို ပြောပြီး၊
၁၄ ခရီးဆက်ကြတယ်။ ဗင်ယာမိန်နယ်မြေမှာရှိတဲ့ ဂိဗာမြို့နားရောက်တော့ နေဝင်သွားပြီ။
၁၅ ဒါနဲ့ ခရီးမဆက်တော့ဘဲ ညအိပ်တည်းခိုဖို့ ဂိဗာမြို့ထဲ ဝင်သွားပြီး လူထုရင်ပြင်မှာ ထိုင်နေကြတယ်။ ညအိပ်တည်းခိုဖို့ သူတို့ကို ဘယ်သူမှ မခေါ်ဖိတ်ကြဘူး။+
၁၆ သူတို့ထိုင်စောင့်နေတုန်း ညဦးပိုင်းလောက်မှာ အဘိုးအိုတစ်ယောက် လယ်တောကနေ ပြန်လာတယ်။ သူဟာ ဧဖရိမ်တောင်တန်းဒေသကဖြစ်ပြီး+ ဂိဗာမြို့မှာနေတာ အတော်ကြာပြီ။ မြို့သားတွေကတော့ ဗင်ယာမိန်အမျိုးသားတွေ ဖြစ်တယ်။+
၁၇ သူလှမ်းကြည့်လိုက်တဲ့အခါ လူထုရင်ပြင်မှာ ခရီးသည်ရှိနေတာကို တွေ့တော့ “ဘယ်သွားမလို့လဲ။ ဘယ်ကလာတာလဲ” လို့မေးလိုက်တယ်။
၁၈ ခရီးသည်က “ကျွန်တော်တို့ဟာ ဧဖရိမ်တောင်တန်းရဲ့ အစွန်အဖျားဒေသမှာ နေထိုင်သူတွေပါ။ ယုဒနယ်မြေ၊ ဘက်သလီဟင်မြို့ကနေ+ ပြန်လာတာ။ ယေဟောဝါဘုရားရဲ့ အိမ်တော်ရှိတဲ့ နေရာကို သွားမလို့။* ဒါပေမဲ့ ကျွန်တော်တို့ကို ညအိပ်တည်းခိုဖို့ ဖိတ်ခေါ်မယ့်သူ မရှိဘူး။
၁၉ မြည်းတွေအတွက် ကောက်ရိုးနဲ့ တိရစ္ဆာန်အစာ အလုံအလောက်ရှိပါတယ်။+ ကျွန်တော်နဲ့ အမျိုးသမီးအတွက်၊ နောက်လိုက်အတွက် စားစရာရော၊+ စပျစ်ဝိုင်ရော ရှိပါတယ်။ ကျွန်တော်တို့မှာ အပြည့်အစုံပါတယ်” လို့ဖြေတယ်။
၂၀ အဲဒီအခါ အဘိုးအိုက “ငါ့အိမ်မှာ လာတည်းပါ။* မင်းတို့လိုသမျှ ငါ့တာဝန်ထား။ ဒီလူထုရင်ပြင်မှာတော့ ညမအိပ်ပါနဲ့” လို့ပြောတယ်။
၂၁ အဲဒီနောက် အိမ်ကိုခေါ်သွားပြီး မြည်းတွေကို အစာကျွေးတယ်။ သူတို့လည်း ခြေဆေးပြီးနောက် စားသောက်ကြတယ်။
၂၂ သူတို့ စားသောက်နေကြတုန်း အဲဒီမြို့သား လူယုတ်မာတွေ အိမ်ကိုဝိုင်းလာပြီး တံခါးကို ထုရိုက်တယ်။ အိမ်ရှင်အဘိုးအိုကို “ခင်ဗျားအိမ်မှာ ရောက်နေတဲ့လူကို ထုတ်ပေး။ သူနဲ့ဆက်ဆံချင်လို့”+ ဆိုပြီး အော်ဟစ်ကြတယ်။
၂၃ အိမ်ရှင်က ထွက်လာပြီး “ညီအစ်ကိုတို့၊ ဒီလိုယုတ်ညံ့တဲ့လုပ်ရပ်ကို မလုပ်ကြပါနဲ့။ သူဟာ ဒီအိမ်က ဧည့်သည်ပါ။ ဒီလိုအရှက်မရှိတဲ့ လုပ်ရပ်ကို မကျူးလွန်ကြပါနဲ့။
၂၄ ဒီမှာ ငါ့သမီးပျိုရော၊ သူ့မယားငယ်ရော ရှိတယ်။ သူတို့ကို ထုတ်ပေးပါ့မယ်။ မင်းတို့ကို တားမရဘူးဆိုရင်လည်း သူတို့ကို အရှက်ရအောင် လုပ်နိုင်တယ်။+ ဒီလူကိုတော့ အခုလို အရှက်မရှိတဲ့ လုပ်ရပ်မျိုး မကျူးလွန်ကြပါနဲ့” လို့ပြောတယ်။
၂၅ ဒါပေမဲ့ အဘိုးအိုရဲ့စကားကို နားမထောင်ကြတဲ့အတွက် လေဝိအမျိုးသားက မယားငယ်ကို အိမ်ပြင်ထုတ်ပေးလိုက်တယ်။+ သူတို့လည်း အဲဒီအမျိုးသမီးကို တစ်ညလုံး မတရားပြုကျင့်ပြီး မနက်အရုဏ်တက်ချိန်ကျမှ ပြန်လွှတ်လိုက်တယ်။
၂၆ မိုးလင်းခါနီးမှာ အမျိုးသမီးက ပြန်ရောက်လာပြီး သူ့သခင်တည်းခိုနေတဲ့ အိမ်ပေါက်ဝမှာ လဲကျသွားတယ်။ မိုးလင်းတဲ့အထိ အဲဒီမှာ လဲနေတယ်။
၂၇ မနက်ကျတော့ သူ့သခင်က ခရီးဆက်ဖို့ အိမ်တံခါးဖွင့်တဲ့အခါ မယားငယ် အမျိုးသမီးဟာ အိမ်ရှေ့တံခါးခုံပေါ် လက်တင်ပြီး လဲကျနေတာကို တွေ့လိုက်ရတယ်။
၂၈ သူက “ထ၊ ထ သွားကြစို့” လို့ပြောပေမဲ့ ပြန်မထူးတော့ဘူး။ ဒါနဲ့ အမျိုးသမီးကို မြည်းပေါ်တင်ပြီး အိမ်ခေါ်သွားတယ်။
၂၉ အိမ်ရောက်တဲ့အခါ ဓားကိုယူ၊ မယားငယ်ရဲ့ ခြေလက်တွေကို ၁၂ ပိုင်း ပိုင်းပြီး အစ္စရေးနယ်မြေအားလုံးကို တစ်ပိုင်းစီ ပို့လိုက်တယ်။
၃၀ အဲဒါကို မြင်သူတိုင်းက “အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာချိန်ကစပြီး အခုချိန်ထိ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကြုံလည်း မကြုံဖူးဘူး။ ဒီကိစ္စကို အသေအချာ စဉ်းစားပြီး တိုင်ပင်ကြ။+ ပြီးရင် ဘာလုပ်သင့်တယ်ဆိုတာ ပြောပြကြ” ဆိုပြီး အချင်းချင်း ပြောကြတယ်။