တရားသူကြီး ၂၁:၁-၂၅

  • ဗင်​ယာ​မိန်​အနွယ် လွတ်​မြောက် (၁-၂၅)

၂၁  အစ္စရေး​အမျိုး​သား​တွေ​က​ “ကိုယ့်​သမီး​ကို  ဗင်​ယာ​မိန်​အမျိုး​သား​နဲ့  လုံး​ဝ​မပေး​စား​ဘူး”+ ဆို​ပြီး မိ​ဇ​ပါ​မြို့​မှာ+ ကျိန်​ဆို​ထား​တယ်။ ၂  ဒါ​ကြောင့် အစ္စရေးတွေ ဗေသလ​မြို့​ကို တက်​လာ​တယ်။+ စစ်​မှန်​တဲ့ ဘု​ရား​သခင်​ရှေ့​မှာ ည​ဦး​ပိုင်း​အထိ ထိုင်​ပြီး အကြီး​အကျယ် ငို​ကြွေး​ကြ​တယ်။ ၃  သူတို့​က “အို အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ၊ အစ္စရေး​အမျိုး​ထဲ​မှာ ဘာ​ကြောင့် ဒီ​လို​ဖြစ်​ရ​တာ​လဲ။ အခု အစ္စရေး​မျိုး​နွယ်​တစ်​နွယ် ဘာ​ကြောင့် ရောက်​မလာ​တာ​လဲ” ဆို​ပြီး ပြော​ကြ​တယ်။ ၄  နောက်​တစ်​နေ့​မှာ သူတို့ စော​စော​ထ၊ ပူ​ဇော်ရာ​ပလ္လင် တည်​ပြီး မီး​ရှို့​ရာ​အလှူ​တွေ​နဲ့ မိတ်​သဟာ​ယ အလှူ​တွေ​ကို ပူ​ဇော်​တယ်။+ ၅  အဲဒီ​နောက် အစ္စရေးတွေ​က “အစ္စရေး​အနွယ်​တွေ​ထဲ​မှာ ယေဟောဝါ​ရှေ့ ရောက်​မလာ​တဲ့​သူ ရှိ​သလား” ဆို​ပြီး မေး​ကြ​တယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ မိ​ဇ​ပါ​မြို့၊ ယေဟောဝါ​ရှေ့​ကို မလာ​တဲ့​သူ ကျိန်း​သေအသတ်​ခံ​ရ​မယ်​ဆို​ပြီး အလေး​အနက် ကျိန်​ဆို​ထား​လို့​ပဲ။ ၆  အစ္စရေးတွေ​ဟာ ညီ​အစ်​ကို​ချင်း​ဖြစ်​တဲ့ ဗင်​ယာ​မိန်​အနွယ်  ကြုံ​တွေ့​ခဲ့ရ​တာ​တွေ​အတွက် စိတ်​မကောင်း​ဖြစ်​ပြီး “အခု​တော့ အစ္စရေး​အနွယ်​တစ်​နွယ် ဖယ်​ရှား​ခံ​လိုက်​ရ​ပြီ။ ၇  ကိုယ့်​သမီး​တွေ​ကို သူတို့​နဲ့​မပေး​စား​ဘူး​လို့ ယေဟောဝါ​ရှေ့​မှာ ငါ​တို့​ကျိန်​ဆို​ထား​တော့+ ကျန်​တဲ့​ဗင်​ယာ​မိန်​အမျိုး​သား​တွေ​အတွက် မိန်း​မကို ဘယ်​က​နေ ရှာ​ပေး​ရ​မလဲ” ဆို​ပြီး တိုင်​ပင်​ကြ​တယ်။+ ၈  ဒါ​နဲ့ “အစ္စရေး​အနွယ်​တွေ​ထဲ​မှာ မိဇ​ပါ​မြို့၊ ယေဟောဝါ​ရှေ့​ကို မလာ​တဲ့​သူ ရှိ​သလား”+ လို့ မေး​ကြည့်​တော့ အစ္စရေး​တစ်​မျိုး​လုံး စု​ဝေး​တဲ့​နေ​ရာ​ကို ယာ​ဗက်​ဂိလဒ်​မြို့​သား တစ်​ယောက်​မှ မလာ​မှန်း သိ​လိုက်​ရ​တယ်။ ၉  လူ​တွေ​ကို ရေ​တွက်​ကြည့်​တဲ့​အခါ ယာ​ဗက်​ဂိလဒ်​မြို့​သား  တစ်​ယောက်​မှ  မပါ​ဘူး။ ၁၀  ဒါ​ကြောင့် အစ္စရေးတွေ​က ခွန်​အား​အကြီး​ဆုံး​စစ်​သည်  ၁၂,၀၀၀  ကို “ယာ​ဗက်​ဂိလဒ်​မြို့​သား​တွေရော မိန်း​မနဲ့​က​လေး​တွေ​ကို​ပါ  ဓား​နဲ့​သတ်​ပစ်​ကြ။+ ၁၁  ယောက်ျားတွေ၊  အပျို​မဟုတ်​တော့​တဲ့ မိန်း​မတွေ အားလုံး​ကို သတ်​ပစ်​လိုက်” လို့​မှာ​ပြီး လွှတ်​လိုက်​တယ်။ ၁၂  စစ်​သည်​တွေ​လည်း ယာ​ဗက်​ဂိလဒ် မြို့​သူ​မြို့​သား​တွေ​ထဲ​မှာ အပျို​စင် ၄၀၀ ကို တွေ့​တဲ့​အခါ ခါ​နန်​ပြည်၊ ရှိ​လော​မြို့​မှာ​ရှိ​တဲ့+ စ​ခန်း​ဆီ ခေါ်​လာ​တယ်။ ၁၃  အဲဒီ​နောက်  အစ္စရေးတွေ​က ရိမုန်​ကျောက်​ဆောင်​မှာ ရှိ​နေ​တဲ့+ ဗင်​ယာ​မိန်​အမျိုး​သား​တွေ​ဆီ စစ်​ပြေငြိမ်း​တဲ့​အကြောင်း  သတင်း​ပို့​လိုက်​တယ်။ ၁၄  ဗင်​ယာ​မိန်​အမျိုး​သား​တွေ​လည်း ကိုယ့်​နယ်​မြေဆီ ပြန်​လာ​တယ်။ အစ္စရေးတွေ​က ယာ​ဗက်​ဂိလဒ်​မြို့​က​နေ ဖမ်း​ခေါ်​လာ​တဲ့  မိန်း​က​လေး​တွေ​နဲ့ ပေး​စား​လိုက်​ပေမဲ့+ သူတို့​အတွက် မလောက်​ဘူး။ ၁၅  အစ္စရေး​အနွယ်​တွေ​ထဲ​က​နေ ဗင်​ယာ​မိန်​အနွယ်​ကို ယေဟောဝါ ခွဲ​ခြား​လိုက်​လို့ အစ္စရေးတွေ​က ဗင်​ယာ​မိန် အမျိုး​သား​တွေ​အတွက် စိတ်​မကောင်း​ဖြစ်​ကြ​တယ်။+ ၁၆  အစ္စရေး​အ​ကြီး​အကဲ​တွေ​က  “ဗင်​ယာ​မိန်​အနွယ်​ထဲ​က မိန်း​မအားလုံး​ကို သုတ်​သင်​ဖျက်​ဆီး​လိုက်​ပြီဆို​တော့ ကျန်​တဲ့​ဗင်​ယာ​မိန်​အမျိုး​သား​တွေ မိန်း​မရ​အောင် ဘယ်​လို​လုပ်​ပေး​ရင် ကောင်း​မလဲ” လို့ တိုင်​ပင်​တယ်။ ၁၇  “ကျန်​နေ​တဲ့ ဗင်​ယာ​မိန်​အမျိုး​သား​တွေ​အတွက် အမွေ​မြေရှိ​ရ​မယ်။ မရှိ​ရင် အစ္စရေး​အနွယ်​တစ်​နွယ် ပပျောက်​သွား​လိမ့်​မယ်။ ၁၈  ဒါ​ပေမဲ့ ဒို့​အစ္စရေးတွေ​က ‘ကိုယ့်​သမီး​ကို ဗင်​ယာ​မိန်​အမျိုး​သား​နဲ့ ပေး​စား​တဲ့​သူ ကျိန်​စာ​သင့်​ပါ​စေ’ ဆို​ပြီး ကျိန်​ဆို​ထား​တယ်​ဆို​တော့ ကိုယ့်​သမီး​တွေ​ကို သူတို့​နဲ့ ပေး​စား​လို့​မှ မရ​တာ” ဆို​ပြီး ဝိုင်း​ပြော​ကြ​တယ်။+ ၁၉  အဲဒီ​နောက် သူတို့​က “ဗေသလ​မြို့​မြောက်​ဘက်၊  ဗေသလ​မြို့​က​နေ ရှေခင်​မြို့​ကို တက်​သွား​တဲ့ လမ်း​မရဲ့​အရှေ့​ဘက်၊ လေ​ဗော​န​အရပ်​တောင်​ဘက်​က ရှိ​လော​မြို့​မှာ+ နှစ်​တိုင်း ယေဟောဝါ​ဘု​ရား​အတွက် ပွဲ​တော်​ရှိ​တာ​ပဲ” လို့​ပြော​ကြ​တယ်။ ၂၀  ဒါ​ကြောင့် ဗင်​ယာ​မိန်  အမျိုး​သား​တွေ​ကို ခေါ်​ပြီး “စပျစ်​ခြံ​တွေ​ထဲ​မှာ  သွား​ပုန်း​နေ​ကြ။ ၂၁  ရှိ​လော​မြို့​သူ​တွေ ဝိုင်း​ပတ်​က​ခုန်​ဖို့ ထွက်​လာ​တဲ့​အခါ မင်း​တို့​က မိန်း​မတစ်​ယောက်​စီ ဖမ်း​ခေါ်​ပြီး ဗင်​ယာ​မိန်​နယ်​မြေကို ပြန်​သွား​ကြ။ ၂၂  သူတို့​ရဲ့ အ​ဖေ​တွေ၊ အစ်​ကို​မောင်​တွေ​က မကျေ​နပ်​လို့ လာ​ပြော​ခဲ့ရင် ‘ငါ​တို့​မျက်​နှာ​ကို​ထောက်​ပြီး နား​လည်​ပေး​လိုက်​ပါ။ ငါ​တို့​စစ်​တိုက်​တုန်း​က သူတို့​အတွက် မိန်း​မအလုံ​အလောက် မခေါ်​လာ​ပေး​နိုင်​ခဲ့​ဘူး။+ ကိုယ့်​သမီး​တွေ​ကို ကိုယ့်​သဘော​နဲ့​ကိုယ် ပေး​စား​တာ မဟုတ်​တော့ မင်း​တို့ အပြစ်​မသင့်​ပါ​ဘူး’+ လို့ ငါ​တို့​ဖျောင်း​ဖျ​လိုက်​မယ်” ဆို​ပြီး မှာ​တယ်။ ၂၃  ဗင်​ယာ​မိန်​အမျိုး​သား​တွေ​လည်း​ အဲဒီ​အတိုင်း​လုပ်​တယ်။ က​ခုန်​နေတဲ့ မိန်း​က​လေး​တွေ​ထဲ​က​နေ တစ်​ယောက်​စီ ဖမ်း​ခေါ်​ပြီး ကိုယ့်​အမွေ​မြေကို ပြန်​သွား​တယ်။ မြို့​တွေ​ကို ပြန်​တည်​ဆောက်​ပြီး+ နေ​ထိုင်​ကြ​တယ်။ ၂၄  အစ္စရေးတွေ​လည်း လူ​စု​ခွဲ​ပြီး ကိုယ့်​အနွယ်၊ ကိုယ့်​မိသား​စု​ရှိ​ရာ အမွေ​မြေဆီ အသီး​သီး ပြန်​သွား​ကြ​တယ်။ ၂၅  အဲဒီ​တုန်း​က အစ္စရေး​ပြည်​မှာ ဘုရင်​မရှိ​ဘူး။+ လူ​တိုင်း ကိုယ်​မှန်​တယ်​ထင်​တာ လုပ်​ကြ​တယ်။

အောက်ခြေမှတ်ချက်များ