တရားသူကြီး ၅:၁-၃၁
၅ အဲဒီနေ့မှာ ဒေဗောရနဲ့+ အဘိနောင်ရဲ့သား ဗာရက်+ သီဆိုတဲ့သီချင်း–+
၂ “ယေဟောဝါကို ချီးမွမ်းကြ။
အစ္စရေးတွေ ဆံပင်ဖားလျား ချထားပြီ။*
စေတနာအလျောက် တိုက်ပွဲဝင်ပြီ။+
၃ ရှင်ဘုရင်တို့ နားထောင်ပါ။ အုပ်စိုးရှင်တို့ နားစိုက်ပါ။
ယေဟောဝါကို ငါချီးမွမ်းသီချင်းဆိုမယ်။
အစ္စရေးတို့ရဲ့ဘုရား+ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုမယ်။+
၄ အို ယေဟောဝါ၊ စိရပြည်ကနေ ကိုယ်တော် ထွက်လာတဲ့အခါ၊+
ဧဒုံပြည်ကနေ ချီတက်လာတဲ့အခါ
မြေကြီး တုန်လှုပ်သွားတယ်။ ကောင်းကင်က မိုးရွာချတယ်။
တိမ်တွေကလည်း ရေတွေသွန်ချတယ်။
၅ ယေဟောဝါရဲ့ ရှေ့မှောက်မှာ တောင်တွေ သိမ့်သိမ့်တုန်တယ်။+
အစ္စရေးတို့ရဲ့ဘုရား+ ယေဟောဝါရဲ့ ရှေ့တော်မှာ ဆိုင်းနိုင်းတောင်လည်း သိမ့်သိမ့်တုန်တယ်။+
၆ အာနတ်ရဲ့သား ရှံဂါလက်ထက်မှာ၊+
ယေလလက်ထက်မှာ+ လမ်းတွေ လူသူကင်းမဲ့နေခဲ့တာ။
ခရီးသည်တွေက လမ်းကြိုလမ်းကြားကနေ သွားခဲ့ရတာ။
၇ အစ္စရေးရွာတွေမှာ လူမရှိတော့ဘူး။
အစ္စရေးရဲ့ မိခင်သဖွယ်+
ငါဒေဗောရ+ မပေါ်ထွန်းခင်အထိ လူမရှိကြဘူး။
၈ နောက်ပေါ် ဘုရားတွေကို သူတို့ကိုးကွယ်တဲ့အခါ+
မြို့တံခါးတွေမှာ စစ်ဖြစ်တယ်။+
အစ္စရေးလူ ၄၀,၀၀၀ မှာ
ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမှ မရှိဘူး။
၉ လူတွေနဲ့အတူ စေတနာအလျောက် တိုက်ပွဲဝင်ကြတဲ့+
အစ္စရေးတပ်မှူးတွေဆီ ငါ့စိတ်ရောက်နေတယ်။+
ယေဟောဝါကို ချီးမွမ်းကြ။
၁၀ အုန်းခွံရောင်မြည်း စီးသူတို့၊
နူးညံ့တဲ့ ကော်ဇောပေါ် ထိုင်သူတို့၊
လမ်းမပေါ် လျှောက်သူတို့
စဉ်းစားကြည့်ပါ။
၁၁ ရေတွင်းတွေနားမှာ တိရစ္ဆာန်အတွက် ရေခပ်ပေးသူတွေ ပြောနေကြလေရဲ့။
ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်အကြောင်း၊
အစ္စရေး တောသူတောင်သားတွေရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်အကြောင်းပေါ့။
ယေဟောဝါရဲ့လူမျိုးက မြို့တံခါးတွေဆီ သွားကြတယ်။
၁၂ အို ဒေဗောရ၊+ နိုးလှည့်ပါ။ ထလှည့်ပါ။
နိုးထပြီး သီချင်းဆိုပါ။+
အဘိနောင်ရဲ့သား ဗာရက်၊+ ထပါတော့။ သုံ့ပန်းတွေကို ခေါ်သွားလိုက်ပါတော့။
၁၃ ကျန်ကြွင်းသူတွေက မြင့်မြတ်သူတွေဆီ ဆင်းလာတယ်။
ယေဟောဝါရဲ့ လူမျိုးက ခွန်အားကြီးသူတွေကို တိုက်ဖို့ ငါ့ဆီဆင်းလာတယ်။
၁၄ အို ဗင်ယာမိန်၊ ချိုင့်ဝှမ်းမှာနေတဲ့ ဧဖရိမ်က
မင်းရဲ့လူတွေနဲ့အတူ မင်းရဲ့နောက်ကို လိုက်လာတယ်။
တပ်မှူးတွေ မာခိရဆီကနေ+ ထွက်လာတယ်။
တပ်သားစုဆောင်းပေးသူတွေ* ဇာဗုလုန်ဆီကနေ ထွက်လာတယ်။
၁၅ ဒေဗောရနဲ့အတူ အိသခါမှူးမတ်တွေ ရှိနေတယ်။
အိသခါလိုပဲ ဗာရက်လည်း+ ရှိနေတယ်။
သူက ချိုင့်ဝှမ်းလွင်ပြင်ဆီ ခြေကျင်ဆင်းရတယ်။+
ရုဗင်ကတော့ မညီညွတ်လို့ ဆုံးဖြတ်ရခက်နေတယ်။
၁၆ ကုန်းနှီးနှစ်အိတ်ကြားမှာ မင်း ဘာလို့ထိုင်နေတာလဲ။
သိုးထိန်းရဲ့ ပလွေသံကို ဘာလို့နားထောင်နေတာလဲ။+
ရုဗင်က မညီညွတ်လို့ ဆုံးဖြတ်ရခက်နေတယ်။
၁၇ ဂိလဒ်က ဂျော်ဒန်မြစ်တစ်ဖက်မှာပဲ ဆက်နေတယ်။+
ဒန်က ဘာလို့များ သင်္ဘောတွေနားက မခွာနိုင်ရတာလဲ။+
အာရှာကလည်း ကမ်းခြေမှာပဲ အချိန်ဖြုန်းနေတယ်။
သင်္ဘောဆိပ်တွေနားက မခွာနိုင်ဘူး။+
၁၈ ဇာဗုလုန်ကတော့ အသက်စတေးဝံ့သူပါ။
ကုန်းမြင့်ပိုင်းမှာနေထိုင်တဲ့+ နဿလိလည်း+ အဲဒီလိုပါပဲ။
၁၉ ဘုရင်တွေ လာပြီး စစ်တိုက်တယ်။
မေဂိဒေါချောင်းနား တာနက်မြို့မှာ+
ခါနန်ဘုရင်တွေ စစ်တိုက်တယ်။+
တိုက်ရာပါ ဥစ္စာတွေထဲက ငွေတစ်ပြားမှ မယူသွားနိုင်ပါလား။+
၂၀ ကြယ်တာရာတွေ ကောင်းကင်တစ်ခွင်ကနေ တိုက်ခိုက်တယ်။
ပတ်လမ်းအတိုင်း ရွေ့ ရှားရင်း သိသရကို တိုက်ခိုက်တယ်။
၂၁ ကိရှုန်ချောင်းရေက ရန်သူတွေကို တိုက်ချပစ်ပြီ။+
ရှေးကတည်းကရှိခဲ့တဲ့ ကိရှုန်ချောင်းပဲပေါ့။
ခွန်အားကြီးသူကို ငါနင်းချေလိုက်ပြီ။
၂၂ မြင်းတွေ ဒုန်းစိုင်းပြေးလာတယ်။
စစ်မြင်းတွေ ကဆုန်ပေါက်နေတယ်။+
၂၃ ယေဟောဝါရဲ့ ကောင်းကင်တမန်က
‘မေရောဇအရပ်ကို ကျိန်စာတိုက်ကြ။ မေရောဇအရပ်သားတွေကို ကျိန်စာတိုက်ကြ။
ဒီလူတွေ ယေဟောဝါကို လာမကူဘူး။
ယေဟောဝါအတွက် တိုက်ပွဲဝင်နေတဲ့ ခွန်အားကြီးသူတွေကို လာမကူဘူး’ လို့ပြောတယ်။
၂၄ ကေနိတ်လူ ဟေဗာရဲ့+ ဇနီး ယေလဟာ+
အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးပဲ။
တဲမှာနေတဲ့ အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးပဲ။
၂၅ ရေကိုတောင်းတော့ နို့ကိုပေးတယ်။
သိပ်လှတဲ့ဖလားနဲ့ မလိုင်တွေ ထည့်ပေးတယ်။+
၂၆ တဲငုတ်တိုင်ကို ယူ၊
လက်သမားသုံးတဲ့ တူကို ညာလက်နဲ့ကိုင်ပြီး
သိသရခေါင်းထဲ ရိုက်သွင်းတယ်။
နားထင်ကို ထုတ်ချင်းပေါက်အောင် ထိုးဖောက်ပစ်တယ်။+
၂၇ ယေလခြေရင်းမှာ ပြိုလဲပြီး မလှုပ်မယှက်ဖြစ်သွားတယ်။
ခြေရင်းမှာ လဲကျပြီး
လဲကျတဲ့နေရာမှာပဲ သေဆုံးသွားတယ်။
၂၈ သိသရရဲ့မိခင်က ပြတင်းပေါက် ကနေ လှမ်းမျှော်ရင်း၊
မှန်ကူကွက် ဖော်ထားတဲ့ ပြတင်းပေါက်ကနေ ကြည့်နေရင်း
‘ငါ့သားရဲ့မြင်းရထား ဘာလို့ နောက်ကျနေပါလိမ့်။
မြင်းရထားက ဘာလို့ အပြန်နောက်ကျနေပါလိမ့်’ လို့ ညည်းတယ်။+
၂၉ အဲဒီအခါ ဉာဏ်ပညာရှိတဲ့ နန်းတွင်းသူတွေ ပြန်ဖြေတယ်။
မိခင်ကလည်း ဟုတ်မှာပါလို့ တွေးနေတယ်။
၃၀ ‘တိုက်ရာပါ ဥစ္စာတွေကို ခွဲဝေနေတာဖြစ်မှာပါ။
စစ်သည်တွေအတွက် မိန်းမပျိုလေး တစ်ယောက်ပြီးတစ်ယောက်၊
သိသရအတွက် ရောင်စုံဝတ်လုံ တစ်ထည်ပြီးတစ်ထည်၊
လုယက်သူတွေအတွက် ရောင်စုံပန်းထိုး လည်စည်း တစ်ခုပြီးတစ်ခု
ခွဲဝေနေတာ ဖြစ်မှာပါ’ လို့ ဖြေကြတာကိုး။
၃၁ အို ယေဟောဝါ၊ ရန်သူအားလုံး ပျက်စီးပါစေ။+
ကိုယ်တော့်ကို ချစ်မြတ်နိုးသူတွေကတော့ အရှိန်အဝါနဲ့ ထွန်းလင်းလာတဲ့ နေမင်းလို ဖြစ်ပါစေ။”
အဲဒီနောက် တိုင်းပြည်က နှစ်ပေါင်း ၄၀ လုံး ငြိမ်းချမ်းသာယာနေတယ်။+