တရားသူကြီး ၇:၁-၂၅

  • ဂိ​ဒေါင်​နဲ့ လူ ၃၀၀ (၁-၈)

  • မိ​ဒျန်​တပ်​ကို ဂိ​ဒေါင်​ရဲ့​တပ် အနိုင်​ရ (၉-၂၅)

    • “ယေဟောဝါ​နဲ့ ဂိ​ဒေါင်​ရဲ့​ဓား” (၂၀)

    • မိ​ဒျန်​တပ်​စ​ခန်း ဖရို​ဖရဲ​ဖြစ် (၂၁၊ ၂၂)

 အဲဒီ​နောက် ယေ​ရု​ဗာလ​လို့​ခေါ်​တဲ့ ဂိ​ဒေါင်​နဲ့+ သူ့​လူ​တွေ​က စော​စော​ထ​ပြီး ဟာ​ရုတ်​စမ်း​ရေ​နား​မှာ တပ်​ချ​ကြ​တယ်။ မိ​ဒျန်​တပ်​က​တော့ မြောက်​ဘက်၊ မော​ရေ​တောင်​ကုန်း​နား​က ချိုင့်​ဝှမ်း​လွင်​ပြင်​မှာ တပ်​ချ​ထား​တယ်။ ၂  ယေဟော​ဝါ​က  ဂိ​ဒေါင်​ကို  “မင်း​နဲ့​အတူ​ပါ​လာ​တဲ့ လူ​တွေ သိပ်​များ​နေ​တယ်။+  မိ​ဒျန်​လူ​တွေ​ကို​သာ သူတို့​လက်​ထဲ​အပ်​လိုက်​ရင် ‘ငါ့​လက်​ရုံး​ကြောင့် အခု​လို အောင်​ပွဲ​ခံ​နိုင်​တာ’  ဆို​ပြီး ကြွား​ဝါ​ကြ​လိမ့်​မယ်။+ ၃  ဒါ​ကြောင့် ‘ကြောက်​တတ်​သူ​တိုင်း အိမ်​ပြန်​ကြ’+ လို့ အားလုံး​ကြား​အောင် ကြေ​ညာ​လိုက်”  ဆို​ပြီး ပြော​တယ်။ ဂိဒေါင်​လည်း အဲဒီ​အတိုင်း စမ်း​သပ်​ကြည့်​တဲ့​အခါ လူ ၂၂,၀၀၀ အိမ်​ပြန်​သွား​ပြီး ၁၀,၀၀၀ ပဲ​ကျန်​ခဲ့​တယ်။ ၄  ယေဟောဝါ​က ဂိ​ဒေါင်​ကို “လူ​သိပ်​များ​နေ​သေး​တယ်။ သူတို့​ကို ငါ​စမ်း​သပ်​ချင်​လို့ စမ်း​ချောင်း​ဆီ ခေါ်​သွား​ပါ။ ‘ဒီ​တစ်​ယောက် လိုက်​ရ​မယ်’ လို့​ငါ​ပြော​ရင် အဲဒီ​လူ​က မင်း​နဲ့​အတူ လိုက်​ရ​မယ်။ ‘ဒီ​တစ်​ယောက်​တော့ မလိုက်​ရ​ဘူး’ လို့​ငါ​ပြော​ရင် အဲဒီ​လူ မလိုက်​ရ​ဘူး” လို့​မှာ​ပြန်​တယ်။ ၅  ဒါ​နဲ့ ဂိ​ဒေါင်​က လူ​တွေ​ကို စမ်း​ချောင်း​ဆီ ခေါ်​သွား​တယ်။ ယေဟောဝါ​က ဂိ​ဒေါင်​ကို “ရေ​ကို လက်​ခုပ်​နဲ့​ခပ်​ပြီး ခွေး​လို​သောက်​တဲ့​သူ​တွေ​ကို တစ်​စု​ခွဲ​ထား။ ဒူး​ထောက်​ရင်း ရေ​ကို ဝပ်​ပြီး​သောက်​တဲ့​သူ​တွေ​ကို တစ်​စု​ခွဲ​ထား” လို့​မှာ​တယ်။ ၆  ရေ​ကို လက်​ခုပ်​နဲ့ ခပ်​သောက်​တဲ့​သူ​ပေါင်း ၃၀၀ ရှိ​တယ်။  ကျန်​တဲ့​လူ​အားလုံး​က​တော့ ဒူးထောက်​ရင်း ရေ​ကို ဝပ်​ပြီး​သောက်​ကြ​တယ်။ ၇  အဲဒီ​အခါ ယေဟောဝါ​က “ရေ​ကို လက်​ခုပ်​နဲ့​ခပ်​ပြီး သောက်​တဲ့​သူ ၃၀၀ တည်း​နဲ့ မင်း​ကို ငါ​ကယ်​မယ်။ မိဒျန်​လူ​တွေ​ကို မင်း​လက်​ထဲ အပ်​မယ်။+ ကျန်​တဲ့​လူ​အားလုံး​ကို​တော့ အိမ်​ပြန်​ခိုင်း​လိုက်” လို့ ဂိ​ဒေါင်​ကို ပြော​တယ်။ ၈  ဒါ​နဲ့ လူ​တွေ​ဆီ​က​နေ  ရိက္ခာတွေ၊ တံ​ပိုး​တွေ​ကို ယူ​ထား​ပြီး​နောက် အိမ်​ပြန်​ခိုင်း​တယ်။ လူ  ၃၀၀ ကို​ပဲ ခေါ်​ထား​လိုက်​တယ်။ မိဒျန်​တပ်​က​တော့  သူ့​တပ်​ရဲ့​အောက်​ဘက် ချိုင့်​ဝှမ်း​လွင်​ပြင်​မှာ တပ်​ချ​ထား​တယ်။+ ၉  အဲဒီ​ည​မှာ ယေဟောဝါ​က ဂိ​ဒေါင်​ကို “သူတို့​ရဲ့​တပ်​ကို မင်း​လက်​ထဲ ငါ​အပ်​မှာ​ဖြစ်​လို့ အခု သွား​ပြီး​တိုက်​ခိုက်​ပါ။+ ၁၀  ဒါ​ပေမဲ့  တိုက်​ဖို့​ကြောက်​နေ​ရင် မင်းရဲ့​နောက်​လိုက် ဖု​ရ​ကို ခေါ်​ပြီး မိ​ဒျန်​တပ်​ဆီ ဆင်း​သွား​ပါ။ ၁၁  မိ​ဒျန်​တပ်​သား​တွေ ဘာ​တွေ​ပြော​နေ​လဲ​ဆို​တာ နား​ထောင်​ကြည့်​လိုက်။ အဲဒီ​အခါ တိုက်​ခိုက်​ဖို့ မင်း သတ္တိ​ရှိ​လာ​မယ်” လို့​ပြော​တယ်။ ဂိ​ဒေါင်​လည်း နောက်​လိုက် ဖု​ရ​ကို​ခေါ်​ပြီး မိ​ဒျန်​တပ်​အစွန်​နား​ကို ဆင်း​သွား​တယ်။ ၁၂  ချိုင့်​ဝှမ်း​လွင်​ပြင်​မှာ မိ​ဒျန်​လူ​တွေ၊ အာ​မလက်​လူ​တွေ၊ အရှေ့​တိုင်း​သား​တွေ+ တပ်​ချ​ထား​တာ ကျိုင်း​ကောင်​အုပ်​ကြီး ဖုံး​လွှမ်း​ထား​သလို ဖြစ်​နေ​တယ်။ ကု​လား​အုတ်​တွေ​လည်း ပင်လယ်​သဲ​ပွင့်​တွေ​လို မရေ​တွက်​နိုင်​အောင် များ​လွန်း​တယ်။+ ၁၃  ဂိ​ဒေါင်​ရောက်​သွား​တဲ့​အခါ တပ်​သား​တစ်​ယောက်​က “ငါ အိပ်​မက်​မက်​တယ်။ အိပ်​မက်​ထဲ​မှာ မု​ယော​မုန့်​တစ်​လုံး​က မိ​ဒျန်​တပ်​ထဲ လိမ့်​လာ​ပြီး တဲ​တစ်​လုံး​ကို အရှိန်​ပြင်း​ပြင်း​ဝင်​တိုက်​တဲ့​အခါ အဲဒီ​တဲ လုံး​ဝ​ပြို​ကျ​သွား​တယ်”+ ဆို​ပြီး သူ့​အဖော်​ကို အိပ်​မက်​အကြောင်း ပြော​ပြနေ​တယ်။ ၁၄  အဲဒီ​အခါ သူ့​အဖော်​က “အဲ​ဒါ အစ္စရေး​လူ ယော​ရှ​သား ဂိ​ဒေါင်​ရဲ့​ဓား​ပဲ​ဖြစ်​မယ်။+  ဘု​ရား​သခင်​က မိ​ဒျန်​တစ်​တပ်​လုံးကို သူ့​လက်​ထဲ​အပ်​လိုက်​ပြီ”+ လို့​ပြန်​ပြော​တယ်။ ၁၅  ဂိ​ဒေါင်​ဟာ  အိပ်​မက်​နဲ့  အိပ်​မက်​အဓိပ္ပာယ်​အကြောင်း ပြော​နေ​တာ​ကို ကြား​တာ​နဲ့+ ဘု​ရား​သခင်​ကို ပျပ်​ဝပ်​ကိုးကွယ်​တယ်။ အဲဒီ​နောက် အစ္စရေး​တပ်​ဆီ ပြန်​လာ​ပြီး “ထ​ကြ။ ယေဟောဝါ​ဘု​ရား​က မိ​ဒျန်​တပ်​ကို မင်း​တို့​လက်​ထဲ အပ်​ပြီ” လို့​ပြော​တယ်။ ၁၆  ပြီး​တော့ လူ ၃၀၀ ကို သုံး​စု​ခွဲ​လိုက်​တယ်။ မီး​တုတ်​ထည့်​ထား​တဲ့ မြေအိုး​ကြီး​တွေ​နဲ့ တံ​ပိုး​တွေ​ကို​လည်း ယောက်​တိုင်း​ကို ပေး​ထား​တယ်။+ ၁၇  ဂိ​ဒေါင်​က “ငါ့​ကို​ကြည့်​ပြီး ငါ​လုပ်​တဲ့​အတိုင်း လိုက်​လုပ်​ကြ။ တပ်​အစွန်​နား​ကို ရောက်​တဲ့​အခါ ငါ​လုပ်​သလို လိုက်​လုပ်​ကြ။ ၁၈  ငါ​နဲ့ ငါ့​လူ​စု​က တံ​ပိုး​မှုတ်​ပြီဆို​ရင် မင်း​တို့​လည်း တပ်​ပတ်​လည်​မှာ တံ​ပိုး​မှုတ်​ပြီး ‘ယေဟောဝါ​နဲ့ ဂိဒေါင်​ရဲ့​ဓား’ ဆို​ပြီး အော်​ကြ” လို့ သူတို့​ကို မှာ​တယ်။ ၁၉  ဂိ​ဒေါင်​နဲ့ သူ့​လူ ၁၀၀ က သန်း​ခေါင်​ယံ* စတင်​ချိန်၊ ကင်း​အဖွဲ့​တွေ ကင်း​လဲ​ပြီး​ခါ​စ​အချိန်​မှာ တပ်​အစွန်​နား​ကို ရောက်​လာ​တယ်။ အဲဒီ​အခါ သူတို့​က တံ​ပိုး​ကို​မှုတ်​ပြီး+ ကိုင်​ထား​တဲ့ မြေအိုး​ကြီး​တွေ​ကို ရိုက်​ခွဲ​လိုက်​တယ်။+ ၂၀  လူ​စု​သုံး​စု​စ​လုံး​က တံ​ပိုး​မှုတ်​ပြီး မြေအိုး​ကြီး​တွေ​ကို ရိုက်​ခွဲ​ပစ်​တယ်။ ဘယ်​လက်​မှာ မီး​တုတ်၊ ညာ​လက်​မှာ တံ​ပိုး​ကို ကိုင်​ထား​တယ်။ ပြီး​တော့ ‘ယေဟောဝါ​နဲ့ ဂိ​ဒေါင်​ရဲ့​ဓား’  လို့အော်​ကြ​တယ်။ ၂၁  အဲဒီ​အချိန်​တစ်​လျှောက်​လုံး ယောက်​တိုင်း​က တပ်​ပတ်​လည်​မှာ ကိုယ့်​နေ​ရာ​ကိုယ် ရပ်​နေ​ကြ​တယ်။ မိ​ဒျန်​တစ်​တပ်​လုံး​က​တော့ အော်​ဟစ်​ပြီး ထွက်​ပြေး​ကြ​တော့​တယ်။+ ၂၂  လူ ၃၀၀ က တံ​ပိုး​ဆက်​မှုတ်​ကြ​တယ်။ ယေဟောဝါ​က မိ​ဒျန်​တပ်​သား​တွေ​ကို အချင်း​ချင်း ပြန်​တိုက်​အောင် လုပ်​လိုက်​တယ်။+ မိ​ဒျန်​တပ်​သား​တွေ​က ဇေ​ရရတ်​အရပ်​နား ဗက်ရှိ​တ​မြို့​အထိ၊ တာ​ဗတ်​မြို့​နား​က အာဗေ​လ​မဟော​လ​မြို့​စွန်​အထိ+ ထွက်​ပြေး​ကြ​တယ်။ ၂၃  အဲဒီ​နောက် န​ဿလိ​နယ်​မြေ၊ အာ​ရှာ​နယ်​မြေနဲ့ မနာ​ရှေ​နယ်​မြေ တစ်​လျှောက်​လုံး​မှာ​ရှိ​တဲ့+  အစ္စရေးတွေ​စု​ရုံး​ပြီး မိ​ဒျန်​လူ​တွေ​ကို လိုက်​တိုက်​ကြ​တယ်။ ၂၄  ဂိ​ဒေါင်​က ဧ​ဖရိမ်​တောင်​တန်း​ဒေ​သ တစ်​လျှောက်​လုံး​ကို တ​မန်​တွေ​လွှတ်​ပြီး “မိ​ဒျန်​လူ​တွေ​ကို တိုက်​ခိုက်​ဖို့ ဆင်း​လာ​ကြ။ ဗက်​ဗာ​ရ​မြို့ ရောက်​တဲ့​အထိ ဂျော်​ဒန်​မြစ် ရေ​တိမ်​ပိုင်း​တွေ​နဲ့ မြစ်​လက်​တက်​တွေ​ကို သိမ်း​ပိုက်​ကြ” လို့​မှာ​လိုက်​တယ်။ ဧ​ဖရိမ်​အမျိုး​သား​အားလုံး​လည်း စု​ရုံး​ပြီး ဗက်​ဗာ​ရ​မြို့ ရောက်​တဲ့​အထိ ဂျော်​ဒန်​မြစ် ရေ​တိမ်​ပိုင်း​တွေ​နဲ့ မြစ်​လက်​တက်​တွေ​ကို သိမ်း​ပိုက်​လိုက်​တယ်။ ၂၅  မိ​ဒျန်​ဗိုလ်​ချုပ် သြရ​ဘ​နဲ့ ဇေ​ဘ​ကို​ဖမ်း​ပြီး​နောက် သြရ​ဘ​ကို သြရ​ဘ​ကျောက်​ဆောင်​ပေါ်​မှာ၊+ ဇေ​ဘ​ကို ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှာ သတ်​ပြီး မိ​ဒျန်​လူ​တွေ​နောက်​ကို ဆက်​လိုက်​တယ်။+ သြရ​ဘ​နဲ့​ဇေ​ဘ​ရဲ့ ခေါင်း​ကို ဂျော်​ဒန်​မြစ်​ဝှမ်း​မှာ​ရှိ​နေ​တဲ့ ဂိ​ဒေါင်​ဆီ ယူ​လာ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

ည ၁၀ နာ​ရီ​က​နေ မနက် ၂ နာ​ရီ​ခန့်​အထိ။