တရားသူကြီး ၉:၁-၅၇

  • ရှေ​ခင်​မြို့​မှာ အဘိ​မလက် ဘု​ရင်​ဖြစ်​လာ (၁-၆)

  • ယော​သံ​ပြော​တဲ့ ပုံ​ဥပမာ (၇-၂၁)

  • အဘိ​မလက်​ရဲ့ ရက်​စက်​တဲ့​အုပ်​ချုပ်​မှု (၂၂-၃၃)

  • ရှေ​ခင်​မြို့​ကို အဘိ​မလက် တိုက်​ခိုက် (၃၄-၄၉)

  • မိန်း​မတစ်​ယောက်​လက်​ချက်​နဲ့ အဘိ​မလက် သေဆုံး (၅၀-၅၇)

 နောက်​ပိုင်း​မှာ ယေ​ရု​ဗာလ​ရဲ့​သား အဘိ​မလက်​က+ ရှေ​ခင်​မြို့​ကို​သွား​ပြီး ဦး​လေး​တွေ၊ မိ​ခင်​ဘက်​က အဖိုး​ရဲ့ ဆွေ​မျိုး​တွေ​ကို၊ ၂  “‘ယေ​ရု​ဗာလ​ရဲ့​သား ၇၀ စ​လုံး+ အုပ်​ချုပ်​တာ ပို​ကောင်း​သလား။ ဒါ​မှ​မဟုတ် တစ်​ယောက်​တည်း အုပ်​ချုပ်​တာ ပို​ကောင်း​သလား။ ကျုပ်​ဟာ ခင်​ဗျား​တို့​ရဲ့ သွေး​သား​ရင်း​ချာ​ပဲ​ဆို​တာ သတိ​ရ​ပါ​ဦး’ လို့ ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​ကို* ပြော​ပေး​ပါ” ဆို​ပြီး ပြော​တယ်။ ၃  ဒါ​နဲ့ ဦး​လေး​တွေ​က ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​ကို အဲဒီ​အတိုင်း ပြော​တဲ့​အခါ အဘိ​မလက်​ဘက် သူတို့​စိတ်​ပါ​သွား​ပြီး “ဟုတ်​တာ​ပေါ့၊ သူ​က ငါ​တို့​ညီ​အစ်​ကို​ပဲ” လို့​ပြော​ကြ​တယ်။ ၄  ပြီး​တော့ ဗာလ​ဗေ​ရိတ်ရဲ့+ ဘု​ရား​ကျောင်း​က​နေ ငွေ​စ ၇၀ ယူ​ပြီး ပေး​လိုက်​တော့ အဘိ​မလက်​က အလုပ်​လက်​မဲ့​ဖြစ်​နေ​တဲ့ လူ​ရမ်း​ကား​တွေ​ကို အဲဒီ​ငွေ​နဲ့​ငှား​ပြီး သူ့​နောက်  လိုက်​ခိုင်း​တယ်။ ၅  အဲဒီ​နောက်  သြဖရ​မြို့​က+  ဖခင်​ယေ​ရု​ဗာ​လ​ရဲ့​အိမ်​ကို  သွား​ပြီး  သူ့​ညီ​အစ်​ကို ၇၀ ကို  ကျောက်​ဖျာ​ပေါ်​မှာ  သတ်​ပစ်​တယ်။+  ယေ​ရု​ဗာလ​ရဲ့  သား​ထွေး ယောသံ​တစ်​ယောက်​ပဲ ပုန်း​နေ​လို့ လွတ်​သွား​တယ်။ ၆  ရှေ​ခင်​မြို့​ရဲ့​ခေါင်း​ဆောင်​တွေ၊ ဗက်​မိ​လော​ခံ​တပ်​မှာ  နေ​ထိုင်​သူ​တွေ​က ရှေ​ခင်​မြို့​မှာ​ရှိ​တဲ့ အပင်​ကြီး​နား​က ကျောက်​တိုင်​မှာ စု​ရုံး​ပြီး အဘိ​မလက်​ကို မင်း​မြှောက်​ကြ​တယ်။+ ၇  ဒီ​သတင်း​ကို ယော​သံ​ကြား​တာ​နဲ့ ဂေရ​ဇိမ်​တောင်​ပေါ်+ တက်​သွား​ပြီး အားလုံး​ကြား​အောင် ပြော​တယ်– “ရှေ​ခင်​မြို့​ရဲ့​ခေါင်း​ဆောင်​တို့၊ ကျွန်​တော်​ပြော​တာ နား​ထောင်​ကြ​ပါ။ ဒါ​ဆို​ရင် ခင်​ဗျား​တို့​ပြော​တာ​ကို ဘု​ရား​သခင် နား​ထောင်​လိမ့်​မယ်။ ၈  “တစ်​ခါ​တုန်း​က သစ်​ပင်​တွေ​ဟာ ဘု​ရင်​တစ်ပါး​ကို ဘိ​သိက်​ပေး​ဖို့ သွား​ကြ​တယ်။ အရင်​ဆုံး၊ သံ​လွင်​ပင်​ဆီ သွား​ပြီး ‘ငါ​တို့​ကို အုပ်​ချုပ်​ပါ’+ လို့​တောင်း​ဆို​တယ်။ ၉  သံ​လွင်​ပင်​က ‘ဘု​ရား​သခင်​နဲ့ လူ​တွေ​ကို ဂုဏ်​တင်​ရာ​မှာ​သုံး​တဲ့ ဆီ​ကို မထုတ်​ပေး​တော့​ဘဲ တ​ခြား​သစ်​ပင်​တွေ​ကို ငါ​လွှမ်း​မိုး​ရ​မှာ​လား’ လို့​ပြန်​ပြော​တယ်။ ၁၀  အဲဒီ​အခါ သစ်​ပင်​တွေ​က သဖန်း​ပင်​ဆီ သွား​ပြီး ‘ငါ​တို့​ကို လာ​အုပ်​ချုပ်​ပါ​ကွာ’ လို့​ပြော​တော့၊ ၁၁  သဖန်း​ပင်​က​လည်း ‘ငါ​က ချို​ရဲ​နေ​တဲ့  အသီး​တွေ​ကို  မသီး​ပေး​တော့​ဘဲ တ​ခြား​သစ်​ပင်​တွေ​ကို လွှမ်း​မိုး​ရ​မှာ​လား’ လို့​ပြန်​ပြော​တယ်။ ၁၂  ဒါ​နဲ့ သစ်​ပင်​တွေ​က စ​ပျစ်​ပင်​ဆီ သွား​ပြီး ‘ငါ​တို့​ကို  လာ​အုပ်​ချုပ်​ပါ’  လို့​ပြော​တယ်။ ၁၃  စ​ပျစ်​ပင်​က​လည်း ‘ငါ​က ဘု​ရား​သခင်​နဲ့ လူ​တွေ​ကို ရွှင်​လန်း​စေ​တဲ့ စ​ပျစ်​ဝိုင်​အသစ်​ကို မထုတ်​ပေး​တော့​ဘဲ သစ်​ပင်​တွေ​ကို လွှမ်း​မိုး​ရ​မှာ​လား’ လို့​ပြန်​ပြော​တယ်။ ၁၄  နောက်​ဆုံး၊ သစ်​ပင်​တွေ​ကဆူး​ပင်​ဆီ  သွား​ပြီး ‘ငါ​တို့​ကို  လာ​အုပ်​ချုပ်​ပါ’+ လို့​ပြော​တယ်။ ၁၅  ဆူး​ပင်​က ‘ငါ့​ကို ဘိ​သိက်​ပေး​ပြီး မင်း​မြှောက်​ချင်​ရင် ငါ့​အရိပ်​ကို လာ​ခို​ကြ။ လာ​မခို​ရင်​တော့ ငါ့​ဆီ​က မီး​ထွက်​ပြီး လက်​ဘ​နွန်​တောင်​က သစ်​က​တိုး​ပင်​တွေ​ကို လောင်​ကျွမ်း​လိမ့်​မယ်’ လို့ ပြန်​ပြော​တယ်။ ၁၆  “အခု​လည်း အဘိ​မလက်​ကို ခင်​ဗျား​တို့ မင်း​မြှောက်​တာ+ စိတ်​ရင်း​မှန်​လှ​ပြီ၊ ရိုး​သား​လှ​ပြီလို့ ထင်​နေ​တာ​လား။ ယေ​ရု​ဗာလ​နဲ့ အိမ်​သား​တွေ​ကို ဒီ​နည်း​နဲ့ ကောင်း​မှု​ပြု​ပြီး သူ​လုပ်​ပေး​ခဲ့​တာ​တွေ​အတွက် ထိုက်​ထိုက်​တန်​တန် ကျေး​ဇူး​ဆပ်​နေ​တာ​လား။ ၁၇  ကျွန်​တော့်​အဖေက ခင်​ဗျား​တို့​ကို မိ​ဒျန်​လူ​တွေ​လက်​ထဲ​က​နေ​ကယ်​ဖို့ အသက်​ကို​ရင်း​ပြီး တိုက်​ခိုက်​ခဲ့​တယ်။+ ၁၈  ခင်​ဗျား​တို့​က​တော့ ကျွန်​တော့်​အဖေရဲ့ အိမ်​သား​တွေ​ကို ဆန့်​ကျင်​တယ်။ သူ့​သား ၇၀ ကို ကျောက်​ဖျာ​ပေါ်​မှာ သတ်​လိုက်​တယ်။+ သူ့​ကျွန်​မရဲ့​သား အဘိ​မလက်​ကို​တော့+ ကိုယ့်​ညီ​အစ်​ကို​ဖြစ်​ရုံ​နဲ့​ပဲ  ရှေခင်​မြို့​ရဲ့  ခေါင်း​ဆောင်​တွေ​ကို အုပ်​ချုပ်​ဖို့ မင်း​မြှောက်​ကြ​တယ်။ ၁၉  ဒီ​နေ့  ယေ​ရု​ဗာလ​နဲ့  အိမ်​သား​တွေ​ကို ခင်​ဗျား​တို့​ဆက်ဆံ​တာ  စိတ်​ရင်း​မှန်​တယ်၊ ရိုး​သား​တယ်​ဆို​ရင် အဘိ​မလက်​ကြောင့် စိတ်​ချမ်း​သာ​ရ​ပါ​စေ။ သူ​လည်း ခင်​ဗျား​တို့​ကြောင့်  စိတ်​ချမ်း​သာ​ရ​ပါ​စေ။ ၂၀  အဲ​ဒီ​လို​မှ​မဟုတ်​ရင်​တော့ အဘိ​မလက်​ဆီ​က မီး​ထွက်​လာ​ပြီး ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​နဲ့ ဗက်​မိ​လော​ခံ​တပ်​မှာ နေ​ထိုင်​သူ​တွေ​ကို လောင်​ကျွမ်း​ပါ​စေ။+ ရှေ​ခင်​မြို့​ရဲ့​ခေါင်း​ဆောင်​တွေ​နဲ့ ဗက်​မိ​လော​ခံ​တပ်​မှာ နေ​ထိုင်​သူ​တွေ​ဆီ​က​လည်း မီး​ထွက်​လာ​ပြီး အဘိ​မလက်​ကို လောင်​ကျွမ်း​ပါ​စေ။”+ ၂၁  အဲဒီ​လို​ပြော​ပြီး​နောက် ယော​သံ​က+ အစ်​ကို​အဘိ​မလက်​ကို ကြောက်​လို့ ထွက်​ပြေး​ပြီး ဗေ​ရ​မြို့​မှာ သွား​နေ​တယ်။ ၂၂  အဘိ​မလက်​က အစ္စရေးတွေ​ကို သုံး​နှစ်​အုပ်​ချုပ်​တယ်။ ၂၃  အဘိ​မလက်​နဲ့ ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​ကြား​မှာ ရန်​လို​စိတ်​ဝင်​လာ​တာ​ကို ဘု​ရား​သခင် ခွင့်​ပြု​တဲ့​အတွက် ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​က အဘိ​မလက်​ကို သစ္စာ​ဖောက်​ကြ​တယ်။ ၂၄  အဲဒီ​လို​ဖြစ်​တာ​က ယေ​ရု​ဗာလ​ရဲ့​သား ၇၀ ကို ရက်ရက်​စက်​စက်  သတ်​တဲ့​အပြစ်​အတွက် ပြန်​ခံ​ရ​ဖို့​ပဲ။ ကိုယ့်​ညီ​အစ်​ကို​တွေ​ကို သတ်​ခဲ့​တဲ့ အဘိ​မလက်​နဲ့+ အဲဒီ​လို​သတ်​ဖို့ အား​ပေး​အား​မြှောက် လုပ်​ခဲ့​တဲ့ ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ ကိုယ့်​လုပ်​ရပ်​အတွက် ပြစ်​ဒဏ်​ခံ​ရ​ဖို့​ပဲ။ ၂၅  ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​က အဘိ​မလက်​ကို တိုက်​ဖို့ ချုံ​ခို​တိုက်​ခိုက်​မယ့်​သူ​တွေ​ကို တောင်​ထိပ်​မှာ ချ​ထား​တယ်။ အဲဒီ​လူ​တွေ​က ဖြတ်​သန်း​သွား​လာ​သူ​တွေ​ကို လု​ယက်​ကြ​တယ်။ ဒီ​သတင်း​ကို အဘိ​မလက် ကြား​သွား​တယ်။ ၂၆  အဲဒီ​အချိန်​မှာ ဧ​ဗက်ရဲ့​သား​ဂါ​လ​က ညီ​အစ်​ကို​တွေ​နဲ့​အတူ ရှေ​ခင်​မြို့​မှာ လာ​နေ​တယ်။+ ရှေ​ခင်​မြို့​ရဲ့​ခေါင်း​ဆောင်​တွေ​လည်း သူ့​ကို အား​ကိုး​လာ​ကြ​တယ်။ ၂၇  သူတို့​က စ​ပျစ်​ခြံ​တွေ​ဆီ သွား၊ စ​ပျစ်​သီး​တွေ​ကို ဆွတ်​ခူး​နင်း​နယ်​ပြီး ပွဲ​လုပ်​ကြ​တယ်။ အဲဒီ​နောက် သူတို့​ဘု​ရားရဲ့ ဗိမာန်​ထဲ​ဝင်​ပြီး+ စား​သောက်​ရင်း အဘိ​မလက်​ကို ကျိန်​ဆဲ​ကြ​တယ်။ ၂၈  ဧ​ဗက်ရဲ့​သား​ဂါ​လ​က  “အဘိ​မ​လက်​ဟာ ဘယ်​သူ​မို့လို့​လဲ။ ဇေ​ဗု​လ​က​ရော ဘယ်​သူ​မို့လို့​လဲ။ သူတို့​ဆီ​မှာ ဘာ​လို့ အမှု​ထမ်း​ရ​မှာ​လဲ။ အဘိ​မလက်​က ယေ​ရု​ဗာလ​ရဲ့​သား​ပဲ။+ ဇေ​ဗု​လ​က သူ​ခန့်​ထား​တဲ့ မြို့​အုပ်​ပဲ။ ရှေ​ခင့်​အဖေ ဟာ​မော်ရဲ့ သား​မြေး​တွေ​ဆီ​မှာ​ပဲ အမှု​ထမ်း​ကြ​ပါ။ အဘိ​မလက်​ဆီ​မှာ အမှု​မထမ်း​ကြ​နဲ့။ ၂၉  ဒီ​လူ​တွေ​သာ ငါ့​အမိန့်​ကို နာခံ​မယ်​ဆို​ရင် အဘိ​မလက်​ကို ငါ​ဖြုတ်​ချ​ပစ်​မယ်” လို့​ပြော​တယ်။ အဘိ​မလက်​ကို​လည်း “မင်း​ရဲ့​တပ်​ကို အင်အား​ဖြည့်​ပြီး ငါ့​ကို ထွက်​တိုက်​စမ်း​ပါ” လို့​စိန်​ခေါ်​တယ်။ ၃၀  ဧ​ဗက်ရဲ့​သား ဂါ​လ​ပြော​တာ​ကို  မြို့​အုပ်​ဇေ​ဗု​လ  ကြား​တဲ့​အခါ ဒေါသ​ပေါက်​ကွဲ​တော့​တယ်။ ၃၁  ဒါ​နဲ့ အဘိ​မလက်​ဆီ တ​မန်​တွေ တိတ်​တ​ဆိတ်​စေ​လွှတ်​ပြီး “အခု ဧ​ဗက်ရဲ့​သား​ဂါ​လ​နဲ့ ညီ​အစ်​ကို​တစ်​စု ရှေ​ခင်​မြို့​မှာ ရောက်​နေ​ပြီ။ သခင့်​ကို​ပုန်​ကန်​ဖို့ မြို့​သား​တွေ​ကို သွေး​ထိုး​လှုံ့​ဆော်​နေ​တယ်။ ၃၂  ဒါ​ကြောင့် သခင့်​လူ​တွေ​နဲ့​အတူ ည​ဘက်​မှာ လာ​ပြီး မြို့​ပြင်​မှာ စောင့်​နေ​ပါ။ ၃၃  မနက် နေ​ထွက်​တာ​နဲ့ မြို့​ကို​ဝင်​တိုက်​ပါ။ ဂါ​လ​နဲ့ လူ​တွေ သခင့်​ကို ထွက်​တိုက်​တဲ့​အခါ ဖြစ်​တဲ့​နည်း​နဲ့ အနိုင်​ရ​အောင်​လုပ်​ပါ” ဆို​ပြီး သတင်း​ပို့​တယ်။ ၃၄  အဘိ​မလက်​နဲ့ လူ​တွေ​လည်း ည​အချိန်​မှာ ချီ​တက်​လာ​တယ်။ ရှေ​ခင်​မြို့​ပြင်​မှာ အုပ်​စု​လေး​စု​ခွဲ​ပြီး ပုန်း​နေ​ကြ​တယ်။ ၃၅  ဧ​ဗက်ရဲ့​သား ဂါ​လ​က မြို့​တံခါး​မှာ ထွက်​ရပ်​တဲ့​အခါ အဘိ​မလက်​နဲ့ သူ့​လူ​တွေ​လည်း ပုန်း​နေ​ရာ​က​နေ ထွက်​လာ​တယ်။ ၃၆  သူတို့​ကို​မြင်​တာ​နဲ့ ဂါ​လ​က “ဟို​မှာ​ကြည့်​စမ်း၊ တောင်​ပေါ်​က​နေ လူ​တွေ​ဆင်း​လာ​ပါ​လား” လို့​ပြော​တော့ ဇေ​ဗု​လ​က “တောင်​အရိပ်တွေ​ကို လူ​တွေလို့ မြင်​တာ​နေ​မှာ​ပါ” ဆို​ပြီး​ပြန်​ပြော​တယ်။ ၃၇  ဂါ​လ​က “ဟို​မှာ ကြည့်၊ အလယ်​ပိုင်း တောင်​ကြော​က​နေ လူ​တွေ ဆင်း​လာ​တယ်။ တစ်​ဖွဲ့​က မော​နေ​နိမ် အပင်​ကြီး​လမ်း​အတိုင်း လာ​နေ​တာ” လို့​ပြော​ပြန်​တယ်။ ၃၈  အဲဒီ​အခါ ဇေ​ဗု​လ​က “‘အဘိ​မလက်​ဟာ ဘယ်​သူ​မို့လို့ သူ့​ဆီ​မှာ အမှု​ထမ်း​ရ​မှာ​လဲ’+ ဆို​ပြီး မင်း​အပြော​ကြီး​ခဲ့​တာ မေ့​သွား​ပြီလား။ မင်း​မကောင်း​ပြော​ခဲ့​တာ ဒီ​လူ​တွေ​ပဲ။ အခု ထွက်​တိုက်​ပေတော့” လို့​ပြော​တယ်။ ၃၉  ဂါ​လ​လည်း ရှေ​ခင်​မြို့​ရဲ့ ခေါင်း​ဆောင်​တွေ​ကို  ဦး​ဆောင်​ပြီး  အဘိ​မလက်​ကို ထွက်​တိုက်​တယ်။ ၄၀  အ​ဘိ​မလက်​က  ပြန်​တိုက်​တော့  ဂါ​လ​ထွက်​ပြေး​ရ​တယ်။ ကျ​ရှုံး​သူ​တွေ များ​လွန်း​လို့ အလောင်း​တွေ မြို့​တံခါး​အထိ ရောက်​တယ်။ ၄၁  အဘိ​မလက်​က အရု​မာ​မြို့​မှာ ဆက်​နေ​တယ်။ ဇေ​ဗု​လ​က+ ဂါ​လ​နဲ့ ညီ​အစ်​ကို​တွေ​ကို ရှေ​ခင်​မြို့​က​နေ နှင်​ထုတ်​လိုက်​တယ်။ ၄၂  နောက်​တစ်​နေ့​မှာ လူ​တွေ မြို့​ပြင်​ကို ထွက်​ကြ​တယ်။ အဲဒီ​သတင်း​ကို အဘိ​မလက် ရတော့၊ ၄၃  သူ့​လူ​တွေ​ကို အုပ်​စု​သုံး​စု ခွဲ​ပြီး မြို့​ပြင်​မှာ စောင့်​နေ​တယ်။ မြို့​ထဲ​က​နေ လူ​တွေ​ထွက်​လာ​တာ​နဲ့ တိုက်​ခိုက်​တော့​တယ်။ ၄၄  အဘိ​မလက်​နဲ့ သူ့​အုပ်​စု​က တစ်​ဟုန်​ထိုး​ချီ​တက်​ပြီး မြို့​တံခါး​မှာ နေ​ရာ​ယူ​ကြ​တယ်။ ကျန်​တဲ့​နှစ်​ဖွဲ့​က မြို့​ပြင်​မှာ​ရှိ​နေ​သူ​တွေ​ကို တိုက်​ခိုက်​ကြ​တယ်။ ၄၅  အဘိ​မလက်​က ရှေ​ခင်​မြို့​ကို တစ်​နေ​ကုန် တိုက်​ခိုက်​ပြီး သိမ်း​ပိုက်​လိုက်​တယ်။ မြို့​သား​တွေ​ကို ကွပ်​မျက်​တယ်။ မြို့​ကို​ဖြို​ချ​ပြီး+ ဆား​တွေ​ကြဲ​လိုက်​တယ်။ ၄၆  ဒီ​အကြောင်း​ကို ရှေ​ခင်​ရဲ​တိုက်​မှာ​ရှိ​တဲ့  ခေါင်း​ဆောင်​တွေ  ကြား​တဲ့​အခါ ဧ​လ​ဗေ​ရိတ်​ဗိမာန်​ရဲ့ မြေအောက်​ခန်း​ထဲ ချက်​ချင်း​ဝင်​သွား​ကြ​တယ်။+ ၄၇  ရှေ​ခင်​ရဲ​တိုက်​မှာ​ရှိ​တဲ့  ခေါင်း​ဆောင်​တွေ စု​ရုံး​နေ​တဲ့​အကြောင်း အဘိ​မလက် သတင်း​ရ​တဲ့​အခါ၊ ၄၈  သူ့​လူ​တွေ​နဲ့​အတူ ဇာ​လ​မုန်​တောင်​ပေါ် တက်​သွား​တယ်။ အဘိ​မလက်​က သစ်​ကိုင်း​တစ်​ကိုင်း​ကို ပု​ဆိန်​နဲ့​ခုတ်၊ ပခုံး​ပေါ်​ထမ်း​ပြီး သူ့​လူ​တွေ​ကို​လည်း “ငါ​လုပ်​တဲ့​အတိုင်း မြန်​မြန်​လိုက်​လုပ်” လို့​ပြော​တယ်။ ၄၉  သူ့​လူ​တွေ​လည်း  သစ်​ကိုင်း​တစ်​ကိုင်း​စီ ခုတ်​ပြီး အဘိ​မလက်​နောက် လိုက်​သွား​တယ်။ ပြီး​တော့ မြေအောက်​ခန်း​ပတ်​လည်​မှာ သစ်​ကိုင်း​တွေ​စီ​ထား​ပြီး မြေအောက်​ခန်း​ကို မီး​ရှို့​လိုက်​တယ်။ ဒါ​ကြောင့် ရှေ​ခင်​ရဲ​တိုက်​မှာ​ရှိ​နေ​တဲ့ ယောက်ျား​မိန်း​မ ၁,၀၀၀ လောက် သေဆုံး​သွား​တယ်။ ၅၀  အဲဒီ​နောက်  အဘိ​မလက်​က သေဗက်​မြို့​ဆီ ချီ​တက်၊ တပ်​ချ​ပြီး မြို့​ကို သိမ်း​လိုက်​တယ်။ ၅၁  ယောက်ျား​မိန်း​မတွေ၊ မြို့​ခေါင်း​ဆောင်​တွေ​က မြို့​လယ်​မှာ​ရှိ​တဲ့ ခိုင်​ခံ့​တဲ့​ရဲ​တိုက်​ထဲ ပြေး​ဝင်​ကြ​တယ်။ တံခါး​ကို​ပိတ်​ပြီး ရဲ​တိုက်​အမိုး​ပေါ် တက်​သွား​ကြ​တယ်။ ၅၂  အဘိ​မလက်​လည်း ရဲ​တိုက်​နား​သွား​ပြီး တိုက်​ခိုက်​တယ်။ ရဲ​တိုက်​တံခါး​ကို မီး​ရှို့​ဖို့​လုပ်​တဲ့​အခါ၊ ၅၃  မိန်း​မတစ်​ယောက်​က အပေါ်​ကြိတ်​ဆုံ​ကျောက်​ကို ပစ်​ချ​လိုက်​တော့  အဘိ​မလက်  ခေါင်း​ကွဲ​သွား​တယ်။+ ၅၄  ဒါ​နဲ့ သူ့​လက်​နက်​ကိုင်​နောက်​လိုက်​ကို အမြန်​ခေါ်​ပြီး “‘မိန်း​မ​တစ်​ယောက်​ရဲ့ လက်​ချက်​နဲ့ သူ​သေသွား​တာ’ လို့ လူ​တွေ​မပြော​နိုင်​အောင် ဓား​ကို​ဆွဲ​ထုတ်​ပြီး ငါ့​ကို​သတ်​လိုက်​စမ်း” လို့​ပြော​တယ်။ နောက်​လိုက်​က​လည်း ဓား​နဲ့​ထိုး​သတ်​လိုက်​တယ်။ ၅၅  အဘိ​မလက်​သေသွား​ပြီဆို​တာ အစ္စရေးတွေ ကြား​တဲ့​အခါ ကိုယ့်​အိမ်​ကိုယ် ပြန်​သွား​ကြ​တယ်။ ၅၆  ညီ​အစ်​ကို ၇၀ ကို​သတ်​ပြီး ဖခင်​အပေါ် ကျူး​လွန်​ခဲ့​တဲ့ အပြစ်​အတွက် အဘိ​မလက်​ကို  ဘု​ရား​သခင်  ပြန်​ဆပ်​ပေး​လိုက်​တာ​ပဲ။+ ၅၇  ဘု​ရား​သခင်​က ရှေ​ခင်​မြို့​သား​တွေ​ကို​လည်း သူတို့​လုပ်​ခဲ့​အပြစ်​အတွက် ပြစ်​ဒဏ်​ခံ​စေ​တယ်။ ယေ​ရု​ဗာလ​ရဲ့​သား+ ယော​သံ​ပြော​ခဲ့​တဲ့ ကျိန်​စာ​အတိုင်း+ သူတို့​ခံ​ခဲ့ရ​တယ်။

အောက်ခြေမှတ်ချက်များ

“မြေပိုင်​ရှင်​တွေ​ကို” လည်း​ဖြစ်​နိုင်။