တရားဟောရာ ၁:၁-၄၆

  • ဟောရပ်တောင်ကနေ ထွက်ခွာ (၁-၈)

  • ခေါင်းဆောင်တွေ၊ စီရင်ပေးမယ့်သူတွေခန့်အပ် (၉-၁၈)

  • ကာဒေရှဗာနာအရပ်မှာ မနာခံ (၁၉-၄၆)

    • ခါနန်ပြည်ဝင်ဖို့ အစ္စရေးတို့ ငြင်းဆန် (၂၆-၃၃)

    • ခါနန်တွေကို ရှုံးနိမ့် (၄၁-၄၆)

 မောရှေက ဂျော်ဒန်မြစ်ဝှမ်းဒေသ၊ တောကန္တာရမှာ အစ္စရေးတွေကို မှာကြားတယ်။ အဲဒီတောကန္တာရက ပါရန်၊ တောဖေလ၊ လာဗန်၊ ဟာဇရုတ်နဲ့ ဒိဇဟတ်အရပ်ကြား၊ သုဖအရပ်ရဲ့ အရှေ့ဘက်က ကန္တာရလွင်ပြင်မှာ တည်ရှိတယ်။ ၂  စိရတောင်ကိုသွားတဲ့ လမ်းအတိုင်း ဟောရပ်အရပ်ကနေ ကာဒေရှဗာနာအရပ်ကို+ သွားရင် ၁၁ ရက် ကြာတယ်။ ၃  အနှစ် ၄၀ မြောက်၊+ ၁၁ လပိုင်း၊ ၁ ရက်နေ့မှာ မောရှေက ယေဟောဝါ ညွှန်ကြားသမျှ အစ္စရေးတွေကို ပြန်ပြောပြတယ်။ ၄  အဲဒီအချိန်မှာ၊ ဟေရှဘုန်မြို့မှာ နန်းထိုင်တဲ့ အာမောရိဘုရင် ရှိဟုန်နဲ့+ အာရှတရုတ်မြို့မှာ နန်းထိုင်တဲ့ ဗာရှန်ဘုရင် ဩဂတ်ကို+ ဧဒြိမြို့မှာ+ အနိုင်ရပြီးပြီ။ ၅  မောရှေက မောဘပြည်၊ ဂျော်ဒန်မြစ်ဝှမ်းဒေသမှာ ပညတ်တရားအကြောင်း+ အခုလိုရှင်းပြတယ်– ၆  “ဟောရပ်အရပ်မှာ ယေဟောဝါဘုရားက ‘ဒီတောင်တန်းဒေသမှာ မင်းတို့နေတာ အတော်ကြာပြီ။+ ၇  အာမောရိလူမျိုးနေထိုင်ရာ+ တောင်တန်းဒေသနဲ့ ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အရာဗာအရပ်၊+ အလယ်ပိုင်းတောင်တန်းဒေသ၊ ရှဖိလာအရပ်၊ နေဂပ်အရပ်၊ ကမ်းရိုးတန်းဒေသဘက်+ စထွက်ကြပါ။ ပြီးတော့ ခါနန်ပြည်ဘက် ဝင်ပြီး လက်ဘနွန်တောင်တန်းနဲ့+ ယူဖရေးတီးမြစ်ကြီးအထိ+ သွားကြပါ။ ၈  အဲဒီပြည်ဟာ မင်းတို့ရှေ့မှာပဲ ရှိနေတယ်။ ဘိုးဘေးအာဗြဟံ၊ အိဇက်၊+ ယာကုပ်နဲ့+ သူတို့ရဲ့မျိုးနွယ်ကို ပေးမယ်လို့+ ယေဟောဝါ ကျိန်ဆိုခဲ့တဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်ကြပါ’ လို့ပြောခဲ့တယ်။ ၉  “အဲဒီတုန်းက ခင်ဗျားတို့ကို ကျွန်တော် ပြောဖူးတယ်– ‘ကျွန်တော်တစ်ယောက်တည်း ဦးမဆောင်နိုင်ဘူး။+ ၁၀  ယေဟောဝါဘုရား တိုးများစေတဲ့အတွက် အခုဆိုရင် ခင်ဗျားတို့ ကောင်းကင်ကြယ်တွေလို များနေပြီ။+ ၁၁  ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ ခင်ဗျားတို့ကို အဆတစ်ထောင် တိုးပွားအောင် လုပ်ပေးပါစေ။+ ကတိတော်အတိုင်း ကောင်းချီးပေးပါစေ။+ ၁၂  ခင်ဗျားတို့ရဲ့ဝန်ကို ကျွန်တော်တစ်ယောက်တည်း မထမ်းနိုင်ဘူး။ ခင်ဗျားတို့ရဲ့ပြဿနာတွေ၊ ရန်ရှာတာတွေကို တစ်ယောက်တည်း မဖြေရှင်းနိုင်ဘူး။+ ၁၃  ဒါကြောင့် ကိုယ့်အနွယ်ထဲက ပညာအမြော်အမြင်နဲ့ အတွေ့အကြုံရှိတဲ့ အမျိုးသားတွေကို ရွေးထုတ်ပါ။ သူတို့ကို ခေါင်းဆောင်အဖြစ် ခန့်အပ်မယ်’+ ဆိုပြီးတော့ပေါ့။ ၁၄  အဲဒီအခါ ခင်ဗျားတို့က ‘ဒီအကြံ ကောင်းပါတယ်’ လို့သဘောတူတဲ့အတွက်၊ ၁၅  အစ္စရေးအနွယ်တွေထဲက အမြော်အမြင်နဲ့ အတွေ့အကြုံရှိတဲ့ အမျိုးသားတွေကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်နဲ့ လက်ထောက်ခေါင်းဆောင်တွေအဖြစ် ကျွန်တော် ခန့်လိုက်တယ်။+ ၁၆  “အဲဒီတုန်းက အမှုစီရင်ပေးမယ့်သူတွေကို ကျွန်တော် ညွှန်ကြားခဲ့တယ်။ ‘အမှုအခင်းတွေ ကြားနာတဲ့အခါ အစ္စရေးအချင်းချင်းဖြစ်တဲ့ အမှုကိုဖြစ်စေ၊ တိုင်းတစ်ပါးသားနဲ့ဖြစ်တဲ့+ အမှုကိုဖြစ်စေ တရားသဖြင့် စီရင်ပေးရမယ်။+ ၁၇  တရားစီရင်တဲ့အခါ မျက်နှာမလိုက်ရဘူး။+ အရေးပါသူရဲ့အမှုကို ကြားနာသလိုပဲ အရေးမပါသူရဲ့အမှုကိုလည်း ကြားနာပေးရမယ်။+ ဘုရားသခင့်ကိုယ်စား တရားစီရင်နေတာဖြစ်လို့+ လူကို မကြောက်ရဘူး။+ အမှုကြီးဆိုရင် ကျွန်တော့်ကို တင်ပြပါ။ ကျွန်တော် ကြားနာပေးမယ်’+ ဆိုပြီး၊ ၁၈  လုပ်သင့်လုပ်ထိုက်တာ အားလုံးကို အဲဒီတုန်းက ညွှန်ကြားခဲ့တယ်။ ၁၉  “အဲဒီနောက် ယေဟောဝါဘုရား မိန့်မှာတဲ့အတိုင်း ဟောရပ်အရပ်ကနေ ကျွန်တော်တို့ ထွက်လာခဲ့ကြတယ်။ အာမောရိလူမျိုး နေထိုင်ရာ+ တောင်တန်းဒေသဘက်သွားတဲ့ လမ်းတစ်လျှောက် ခင်ဗျားတို့မြင်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ တောကန္တာရကြီးကို+ ဖြတ်လျှောက်လာခဲ့ကြတယ်။ နောက်ဆုံး ကာဒေရှဗာနာအရပ်ကို+ ရောက်လာတယ်။ ၂၀  အဲဒီအခါ ကျွန်တော်က ‘ယေဟောဝါဘုရားပေးမယ့် အာမောရိလူမျိုးနေထိုင်ရာ တောင်တန်းဒေသကို ရောက်လာပြီ။ ၂၁  ယေဟောဝါဘုရားက ဒီပြည်ကို ခင်ဗျားတို့လက်ထဲ အပ်လိုက်ပြီ။ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါပြောတဲ့အတိုင်း တက်သွားပြီး သိမ်းပိုက်ပါ။+ မကြောက်ကြနဲ့’ လို့ပြောခဲ့တယ်။ ၂၂  “အဲဒီအခါ ခင်ဗျားတို့က ‘အဲဒီပြည်ကို ဘယ်လမ်းကနေ သွားရမယ်၊ လမ်းမှာ ဘယ်မြို့တွေ တွေ့ရမယ်ဆိုတာ သိနိုင်ဖို့ လူတချို့ကို အရင်လွှတ်ပြီး စုံစမ်းခိုင်းရအောင်’+ လို့လာပြောတော့၊ ၂၃  ကျွန်တော်လည်း ဒီအကြံကို သဘောကျတဲ့အတွက် ခင်ဗျားတို့ထဲက တစ်နွယ်မှာ တစ်ယောက်စီ၊ စုစုပေါင်း ၁၂ ယောက်ကို ရွေးလိုက်တယ်။+ ၂၄  သူတို့က တောင်တန်းဒေသဘက် တက်သွားပြီး+ ဧရှကောလသဲချောင်းကို ရောက်တဲ့အခါ အဲဒီပြည်ကို ထောက်လှမ်းခဲ့ကြတယ်။ ၂၅  အဲဒီပြည်ထွက် အသီးတချို့ကိုလည်း ယူလာပြီး ‘ယေဟောဝါဘုရား ပေးမယ့်ပြည်ဟာ သိပ်ကောင်းတဲ့ပြည်ပဲ’+ လို့ ပြန်ပြောပြကြတယ်။ ၂၆  ဒါပေမဲ့ ခင်ဗျားတို့ မသွားချင်ဘူး။ ယေဟောဝါဘုရားရဲ့ အမိန့်ကို လွန်ဆန်ကြတယ်။+ ၂၇  ‘ယေဟောဝါဘုရားက ကျုပ်တို့ကို မုန်းလို့၊ အာမောရိလူတွေလက်ထဲ အပ်ပြီး ဖျက်ဆီးပစ်ချင်လို့ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာပဲ။ ၂၈  ဘယ်လိုနေရာမျိုးကို ကျုပ်တို့ သွားနေတာပါလိမ့်။ “အဲဒီပြည်သားတွေဟာ အရပ်မြင့်မြင့်၊ ထွားထွားကျိုင်းကျိုင်းကြီးတွေ။ မိုးထိအောင်မြင့်တဲ့ ခံတပ်မြို့ကြီးတွေမှာ နေကြတာ။+ အဲဒီမှာ အာနကလူတွေကိုတောင်+ တွေ့ခဲ့သေးတယ်” လို့ သူတို့ပြောတော့ ကျုပ်တို့ စိတ်အားလျော့တာပေါ့’+ ဆိုပြီး ကိုယ့်တဲမှာ ညည်းညူနေကြတယ်။ ၂၉  “ဒါကြောင့် ကျွန်တော်က ‘သူတို့ကို မကြောက်နဲ့။ မထိတ်လန့်နဲ့။+ ၃၀  ယေဟောဝါဘုရားက ရှေ့ကနေသွားပြီး တိုက်ခိုက်ပေးမယ်။+ အီဂျစ်ပြည်မှာတုန်းက တိုက်ခိုက်ပေးခဲ့တာကို ခင်ဗျားတို့ မြင်ခဲ့သားပဲ။+ ၃၁  ဖခင်က သားကို ချီပိုက်ပြီး ခေါ်လာသလို ယေဟောဝါဘုရားက ခင်ဗျားတို့ကို ဒီနေရာရောက်တဲ့အထိ တောကန္တာရတစ်လျှောက် ဘယ်လိုခေါ်လာမှန်း ခင်ဗျားတို့ မြင်ခဲ့တာပဲ’ လို့ပြောတယ်။ ၃၂  ဒါတောင်မှ ခင်ဗျားတို့ ယေဟောဝါဘုရားကို မယုံကြဘူး။+ ၃၃  လမ်းခရီးတစ်လျှောက် ရှေ့ကနေ သွားပြီး စခန်းချမယ့်နေရာ ရှာပေးတဲ့အရှင်ကို မယုံကြဘူး။ ဘုရားက ညအချိန်မှာ မီးတိုင်နဲ့၊ နေ့အချိန်မှာ မိုးတိမ်တိုင်နဲ့ လမ်းပြခဲ့တယ်။+ ၃၄  “ယေဟောဝါဘုရားက ခင်ဗျားတို့ ပြောနေတာတွေကို ကြားတော့ အမျက်ထွက်ပြီး ကျိန်ဆိုခဲ့တယ်။+ ၃၅  ‘မင်းတို့ရဲ့ ဘိုးဘေးတွေကို ပေးမယ်လို့ ငါကျိန်ဆိုခဲ့တဲ့ သာယာလှပတဲ့ပြည်ကို ဆိုးယုတ်တဲ့ ဒီလူမျိုးဆက်ထဲက တစ်ယောက်မှ မြင်ခွင့်ရမှာ မဟုတ်ဘူး။+ ၃၆  ယေဖုန်နာရဲ့သား ကာလက်ပဲ မြင်ခွင့်ရမယ်။ ကာလက်က ငါယေဟောဝါရဲ့စကားကို မြေဝယ်မကျ နားထောင်တဲ့အတွက် သူနင်းခဲ့တဲ့ အဲဒီပြည်ကို သူနဲ့ သူ့သားမြေးတွေကို ငါပေးမယ်။+ ၃၇  (ယေဟောဝါဘုရားက ခင်ဗျားတို့ကြောင့် ကျွန်တော့်ကို အမျက်ထွက်ပြီး “မင်းလည်း အဲဒီပြည်ကို မဝင်ရဘူး။+ ၃၈  မင်းရဲ့လက်ထောက် နုန်ရဲ့သား ယောရှုကတော့+ ဝင်ရမယ်။+ သူက အဲဒီပြည်ကို အစ္စရေးတွေ အမွေခံနိုင်အောင် လုပ်ပေးမှာမို့လို့ သူ့ကို အားပေးပါ”*+ လို့ပြောခဲ့တယ်။) ၃၉  ဒါ့အပြင် သိမ်းပိုက်ခံရမယ်လို့ မင်းတို့ပြောခဲ့တဲ့ ကလေးတွေ၊+ အကောင်းအဆိုးကို အခုအချိန်မှာ မခွဲခြားနိုင်သေးတဲ့ သားသမီးတွေလည်း ဝင်ရမယ်။ သူတို့ကို အဲဒီပြည် ငါအပိုင်ပေးမယ်။+ ၄၀  မင်းတို့ကတော့ ပြန်လှည့်ပြီး ပင်လယ်နီလမ်းအတိုင်း တောကန္တာရဘက်ကို သွားကြ’+ လို့ ပြောခဲ့တယ်။ ၄၁  “အဲဒီအခါ ခင်ဗျားတို့က ‘ယေဟောဝါဘုရားကို ကျုပ်တို့ ပြစ်မှားမိပါပြီ။ ယေဟောဝါဘုရား မိန့်မှာတဲ့အတိုင်း အခု သွားတိုက်ခိုက်ပါ့မယ်’ ဆိုပြီး လက်နက်ကိုယ်စီ ကိုင်ကြတယ်။ တောင်ပေါ်တက်ရတာ အလွယ်လေးပဲလို့ ထင်နေကြတာ။+ ၄၂  ဒါပေမဲ့ ယေဟောဝါဘုရားက ‘မင်းတို့နဲ့အတူ ငါမရှိတော့တဲ့အတွက် မတက်သွားကြနဲ့။ မတိုက်ကြနဲ့။+ ရန်သူတွေကို အနိုင်ရမှာ မဟုတ်ဘူး’ လို့ ကျွန်တော့်ကို ပြောခိုင်းတယ်။ ၄၃  ကျွန်တော်ပြောပေမဲ့ ခင်ဗျားတို့ နားမထောင်ဘူး။ ယေဟောဝါဘုရားရဲ့ အမိန့်ကို လွန်ဆန်ကြတယ်။ အတင့်ရဲပြီး တောင်ပေါ်တက်သွားကြတယ်။ ၄၄  အဲဒီအခါ တောင်ပေါ်မှာနေတဲ့ အာမောရိလူတွေ ဆင်းလာပြီး ပျားအုပ်ကြီး လိုက်သလို လိုက်တိုက်တဲ့အတွက် စိရပြည်၊ ဟောမာမြို့အထိ ခင်ဗျားတို့ ကစဉ့်ကလျား ထွက်ပြေးခဲ့ရတယ်။ ၄၅  ခင်ဗျားတို့ ပြန်လာပြီး ယေဟောဝါရှေ့ ငိုကြွေးပေမဲ့ ယေဟောဝါ နားမထောင်ဘူး။ ဂရုမစိုက်ဘူး။ ၄၆  ဒါကြောင့် ကာဒေရှအရပ်မှာ ခင်ဗျားတို့ အကြာကြီး နေခဲ့ရတာပေါ့။

အောက်ခြေမှတ်ချက်များ

“သူ့ကို ဘုရားသခင် အားရှိစေပြီ” လည်းဖြစ်နိုင်။