တရားဟောရာ ၁၂:၁-၃၂

  • ဘုရားရွေးချယ်တဲ့နေရာမှာ ကိုးကွယ်ပါ (၁-၁၄)

  • အသားစားနိုင်ပေမဲ့ သွေးမစားရ (၁၅-၂၈)

  • တခြားဘုရားတွေကြောင့် ထောင်ချောက်မမိစေနဲ့ (၂၉-၃၂)

၁၂  “ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါအပိုင်ပေးမယ့်ပြည်မှာ ခင်ဗျားတို့ အသက်ရှင်နေသရွေ့ ဂရုတစိုက် စောင့်ထိန်းရမယ့် စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကတော့– ၂  ခင်ဗျားတို့ သိမ်းပိုက်အနိုင်ယူမယ့် လူမျိုးတွေက တောင်တွေ၊ တောင်ကုန်းတွေပေါ်မှာ၊ စိမ်းလန်းတဲ့ အပင်တွေအောက်မှာ သူတို့ရဲ့ဘုရားတွေကို ဝတ်ပြုကြတာဖြစ်လို့ အဲဒီဝတ်ပြုရာနေရာအားလုံးကို အစအနမကျန် ဖျက်ဆီးရမယ်။+ ၃  ယဇ်ပလ္လင်တွေကို ဖြိုဖျက်ရမယ်။ သူတို့ရဲ့ ကိုးကွယ်ရာကျောက်တိုင်တွေကို ချိုးဖဲ့ပြီး+ ကိုးကွယ်ရာသစ်တိုင်တွေကို* မီးရှို့ရမယ်။ ဘုရားရုပ်တုတွေကို ခုတ်လှဲရမယ်။+ ဘုရားရုပ်တုတွေရဲ့ နာမည်ကို အဲဒီနေရာကနေ ဖျောက်ဖျက်ပစ်ရမယ်။+ ၄  “သူတို့ရဲ့ဘုရားတွေကို သူတို့ကိုးကွယ်တဲ့ ပုံစံမျိုးနဲ့ ယေဟောဝါဘုရားကို မကိုးကွယ်နဲ့။+ ၅  နာမတော်တည်စေဖို့၊ ကိုယ်တိုင်စံမြန်းဖို့ အစ္စရေးနယ်မြေတွေထဲမှာ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို တွေ့အောင်သာ ရှာပြီး သွားကြပါ။+ ၆  မီးရှို့ရာအလှူတွေ၊+ ပူဇော်သက္ကာတွေ၊ ဆယ်ဖို့တစ်ဖို့တွေ၊+ လှူဖွယ်ပစ္စည်းတွေ၊+ သစ္စာကတိအလျောက်ပေးတဲ့ အလှူတွေ၊ စေတနာအလျောက်ပေးတဲ့ အလှူတွေ၊+ သိုးနွားတိရစ္ဆာန်ရဲ့ သားဦးတွေကို+ အဲဒီနေရာဆီ ယူသွားကြပါ။ ၇  ယေဟောဝါဘုရား ကောင်းချီးပေးနေတယ်ဆိုတော့ အိမ်သူအိမ်သားတွေနဲ့အတူ ယေဟောဝါဘုရားရှေ့ အဲဒီနေရာမှာ စားသောက်ပြီး+ ကိုယ်လုပ်ဆောင်ခဲ့ရာ၊ ပြီးမြောက်ခဲ့ရာတွေအတွက် ရွှင်လန်းကြပါ။+ ၈  “အခု ခင်ဗျားတို့က ကိုယ်နည်းကိုယ့်ဟန်အတိုင်း ဝတ်ပြုနေတယ်။ ဟိုရောက်ရင် အဲဒီလို မလုပ်ရတော့ဘူး။ ၉  ယေဟောဝါဘုရားပေးမယ့် နားနေရာအရပ်၊+ အမွေမြေကို မရောက်သေးဘူး။ ၁၀  ဂျော်ဒန်မြစ်ကိုကူးပြီး+ ယေဟောဝါဘုရား အပိုင်ပေးမယ့်ပြည်မှာ နေထိုင်ရတဲ့အခါ ဘုရားက ပတ်ဝန်းကျင်ရန်သူတွေရဲ့ ဘေးရန်ကနေ ကင်းဝေးစေမှာဖြစ်လို့ ခင်ဗျားတို့ ဘေးကင်းလုံခြုံစွာ နေရလိမ့်မယ်။+ ၁၁  ကျွန်တော် မှာထားတဲ့အတိုင်း မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေ၊ ဆယ်ဖို့တစ်ဖို့တွေ၊+ လှူဖွယ်ပစ္စည်းတွေ၊ ယေဟောဝါဆီမှာ သစ္စာကတိပြုထားတဲ့ အလှူတွေကို နာမတော်တည်စေဖို့ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာဆီ ယူလာရမယ်။+ ၁၂  ကိုယ်တိုင်နဲ့ သားသမီးတွေရော၊ ကျွန်တွေ၊ ကိုယ့်မြို့မှာနေထိုင်တဲ့ လေဝိအနွယ်ဝင်တွေပါ ယေဟောဝါဘုရားရှေ့မှာ ရွှင်လန်းရမယ်။+ လေဝိအနွယ်က ခင်ဗျားတို့နဲ့အတူ ဘာဝေစု၊ ဘာအမွေမှ မရဘူး။+ ၁၃  မီးရှို့ရာအလှူတွေကို တွေ့ကရာနေရာမှာ မပူဇော်မိဖို့ သတိပြုပါ။+ ၁၄  အစ္စရေးအနွယ်တွေရဲ့ နယ်မြေထဲက ယေဟောဝါ ရွေးချယ်တဲ့နေရာမှာပဲ မီးရှို့ရာအလှူတွေကို ပူဇော်ရမယ်။ ကျွန်တော် မှာကြားသမျှကို အဲဒီနေရာမှာပဲ လုပ်ဆောင်ရမယ်။+ ၁၅  “ခင်ဗျားတို့ အသားစားချင်တယ်ဆိုရင် ယေဟောဝါဘုရား ကောင်းချီးပေးတဲ့အတိုင်း ကိုယ့်မြို့တွေမှာ တိရစ္ဆာန်ကို သတ်စားနိုင်တယ်။+ ဒရယ်သား၊ သမင်သားကို စားသလိုပဲ မသန့်ရှင်းသူရော၊ သန့်ရှင်းသူရော အသားစားနိုင်တယ်။ ၁၆  သွေးကိုတော့ မစားရဘူး။+ ရေသွန်သလို သွေးကို မြေပေါ် သွန်ရမယ်။+ ၁၇  ဆီ၊ စပျစ်ဝိုင်အသစ်နဲ့ ကောက်နှံတွေရဲ့ ဆယ်ပုံတစ်ပုံ၊ သိုးနွားတိရစ္ဆာန်ရဲ့ သားဦးတွေ၊+ သစ္စာကတိအလျောက်ပေးတဲ့ အလှူ၊ စေတနာအလျောက်ပေးတဲ့ အလှူ၊ လှူဖွယ်ပစ္စည်းတွေကို ကိုယ့်ရဲ့မြို့တွေထဲမှာ မစားရဘူး။ ၁၈  ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာမှာ၊ ယေဟောဝါဘုရားရှေ့မှာပဲ စားရမယ်။+ ကိုယ်တိုင်နဲ့ သားသမီးတွေရော၊ ကျွန်တွေ၊ ကိုယ့်မြို့မှာ နေထိုင်တဲ့ လေဝိအနွယ်ဝင်တွေပါ စားရမယ်။ ကိုယ်လုပ်ဆောင်ပြီးမြောက်ခဲ့ရာတွေအတွက် ယေဟောဝါဘုရားရှေ့မှာ ရွှင်လန်းရမယ်။ ၁၉  ကိုယ့်ပြည်မှာ နေထိုင်နေသရွေ့ လေဝိအနွယ်ကို ပစ်မထားမိဖို့ သတိပြုကြပါ။+ ၂၀  “ယေဟောဝါဘုရားက ကတိပေးထားတဲ့အတိုင်း+ ခင်ဗျားတို့ရဲ့ နယ်မြေကို ကျယ်ဝန်းစေတဲ့အခါ+ ခင်ဗျားတို့ အသားစားချင်လာပြီး ‘အသား စားချင်လိုက်တာ’ လို့ပြောမိမှာပဲ။ ခင်ဗျားတို့ စားချင်စိတ်ပေါ်လာတိုင်း စားနိုင်တယ်။+ ၂၁  နာမတော်တည်စေဖို့ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာဟာ+ ဝေးတယ်ဆိုရင် ယေဟောဝါပေးတဲ့ သိုးနွားတိရစ္ဆာန်အုပ်ထဲက တစ်ကောင်ကောင်ကို ကျွန်တော် မှာကြားတဲ့အတိုင်း သတ်စားနိုင်တယ်။ ခင်ဗျားတို့ အသားစားချင်စိတ် ပေါ်လာတိုင်း  ကိုယ့်မြို့ထဲမှာ  စားနိုင်တယ်။ ၂၂  ဒရယ်သား၊ သမင်သားကို စားသလိုပဲ+ မသန့်ရှင်းသူရော သန့်ရှင်းသူပါ အသားစားနိုင်တယ်။ ၂၃  သွေးကိုတော့ မစားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါ။+ သွေးဟာ အသက်ပဲ။+ အသက်ပါနေတဲ့ အသားကို မစားနဲ့။ ၂၄  သွေးကို မစားရဘူး။ ရေသွန်သလို သွေးကို မြေပေါ် သွန်ပစ်ပါ။+ ၂၅  သွေးကို မစားနဲ့။ ဒီလိုလုပ်တာဟာ ယေဟောဝါဘုရားရှေ့မှာ မှန်ကန်ရာကို လုပ်တာဖြစ်လို့ ကိုယ်တိုင်ရော သားမြေးတွေပါ ကောင်းစားလိမ့်မယ်။ ၂၆  ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို လာတဲ့အခါ သန့်ရှင်းမြင့်မြတ်တဲ့အလှူတွေ၊ သစ္စာကတိအလျောက်ပေးတဲ့ အလှူတွေကိုပဲ ယူလာရမယ်။ ၂၇  အဲဒီမှာ မီးရှို့ရာအလှူတွေရဲ့ သွေးနဲ့အသားကို+ ယေဟောဝါဘုရားရဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ ဆက်သရမယ်။ တခြားပူဇော်သက္ကာတွေရဲ့ သွေးကို ယေဟောဝါဘုရားရဲ့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချရမယ်။+ အသားကိုတော့ စားနိုင်တယ်။ ၂၈  “ကျွန်တော် မှာကြားနေတဲ့ ဒီစကားအားလုံးကို ဂရုတစိုက် နာခံပါ။ ဒါဟာ ယေဟောဝါဘုရားရှေ့မှာ ကောင်းမွန်ရာ၊ မှန်ကန်ရာကို လုပ်နေတာဖြစ်လို့ ကိုယ်တိုင်ရော သားမြေးတွေပါ အမြဲကောင်းစားလိမ့်မယ်။ ၂၉  “ခင်ဗျားတို့မောင်းထုတ်မယ့် လူမျိုးတွေကို ယေဟောဝါဘုရား အစတုံးဖျက်ဆီးတဲ့အခါ+ သူတို့ပြည်မှာ ခင်ဗျားတို့ နေထိုင်ရလိမ့်မယ်။ ၃၀  သူတို့ အစတုံးဖျက်ဆီးခံရပြီးနောက် ခင်ဗျားတို့ ထောင်ချောက် မမိအောင် သတိပြုပါ။ ‘ဒီလူမျိုးတွေက သူတို့ရဲ့ဘုရားတွေကို ဘယ်လိုမျိုး ဝတ်ပြုနေကြပါလိမ့်။ ငါလည်း သူတို့လို လုပ်ဦးမှပဲ’+ လို့တွေးပြီး သူတို့ရဲ့ဘုရားတွေအကြောင်း မမေးမြန်းနဲ့။ ၃၁  နတ်ဘုရားတွေကို သူတို့ကိုးကွယ်သလို ယေဟောဝါဘုရားကို မကိုးကွယ်နဲ့။ သူတို့က နတ်ဘုရားတွေကို ကိုးကွယ်တဲ့အခါ ယေဟောဝါ မုန်းတီးတဲ့ ရွံရှာဖွယ်ရာတွေကို လုပ်ကြတယ်။ ကိုယ့်သားသမီးတွေကိုတောင် မီးရှို့ပူဇော်ကြတယ်။+ ၃၂  ကျွန်တော် မှာကြားနေတဲ့ ဒီစကားတွေအတိုင်း ဂရုတစိုက် လုပ်ဆောင်ပါ။+ ထပ်မဖြည့်ပါနဲ့။ မနုတ်ပယ်ပါနဲ့။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။