တရားဟောရာ ၁၃:၁-၁၈

  • အယူဖောက်ပြန်သူတွေကို ဆက်ဆံပုံ (၁-၁၈)

၁၃  “ခင်ဗျားတို့ဆီမှာ ပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူ တစ်ယောက်ယောက် ပေါ်လာပြီး လက္ခဏာတွေ၊ အတိတ်နိမိတ်တွေ ပေးလို့၊ ၂  အဲဒီလက္ခဏာတွေ၊ အတိတ်နိမိတ်တွေအတိုင်း တကယ်ဖြစ်လာတဲ့အခါ ‘တခြားဘုရားတွေနောက် လိုက်ပြီး ဝတ်ပြုကြစို့၊ အဲဒီဘုရားတွေအကြောင်း မင်းတို့ မသိဘူးမဟုတ်လား’ ဆိုပြီး ပြောလာရင်၊ ၃  အဲဒီပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူရဲ့စကားကို နားမထောင်ပါနဲ့။+ ယေဟောဝါဘုရားကို ခင်ဗျားတို့ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ချစ်မချစ်သိချင်လို့+ ယေဟောဝါဘုရား စမ်းသပ်နေတာ။+ ၄  ယေဟောဝါဘုရားနောက်ကိုပဲ လိုက်ပါ။ ဘုရားကိုပဲ ကြောက်ရွံ့ပါ။ ပညတ်ချက်တွေကို လိုက်နာပါ။ ဘုရားရဲ့စကားကို နားထောင်ပါ။ ဘုရားကိုပဲ ဝတ်ပြုပါ။ ဘုရားကိုပဲ တွယ်တာနေကြပါ။+ ၅  ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ ကျွန်ခံရာပြည်ကနေ ရွေးယူလာတဲ့အရှင် ယေဟောဝါဘုရားကို ပုန်ကန်ဖို့ သွေးထိုးပေးပြီး ယေဟောဝါဘုရား လျှောက်ခိုင်းတဲ့ လမ်းစဉ်ကနေ လွဲသွားအောင်လုပ်တဲ့ အဲဒီပရောဖက်ကို ဒါမှမဟုတ် အိပ်မက်ဖတ်သူကို ကွပ်မျက်ရမယ်။+ ဒီနည်းနဲ့ ဆိုးယုတ်မှုကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားပစ်ရမယ်။+ ၆  “မိခင်ကမွေးတဲ့ ကိုယ့်ညီအစ်ကို၊ ကိုယ့်သားသမီး၊ ကိုယ်မြတ်နိုးရတဲ့ဇနီး၊ မိတ်ရင်းဆွေရင်း တစ်ယောက်ယောက်က ကိုယ်တိုင်ရော၊ ဘိုးဘေးတွေပါ မသိတဲ့ ‘တခြားဘုရားတွေကို သွားဝတ်ပြုကြစို့’ လို့ပြောပြီး တိတ်တဆိတ် သွေးဆောင်ခဲ့ရင်၊+ ၇  ရပ်နီးရပ်ဝေးမှာ နေထိုင်သူ၊ တိုင်းပြည်တစ်ခွင်မှာ နေထိုင်သူတွေရဲ့ ဘုရားတွေကို ဝတ်ပြုဖို့ သွေးဆောင်ခဲ့ရင်၊ ၈  သူ့ကို မလိုက်လျောနဲ့။ သူပြောတာကို နားမထောင်နဲ့။+ သူ့ကို မသနားနဲ့။ မညှာတာနဲ့။ မကာကွယ်ပေးနဲ့။ ၉  သူ့ကို ကျိန်းသေ ကွပ်မျက်ရမယ်။+ ကိုယ်တိုင် အရင်ဆုံး ကျောက်ခဲနဲ့ ပေါက်ရမယ်။ ပြီးမှ တခြားလူတွေက ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ ၁၀  ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ယေဟောဝါဘုရားဆီကနေ လမ်းလွဲသွားအောင် လုပ်တဲ့အတွက် သူ့ကို ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ ၁၁  ဒါကို အစ္စရေးတွေကြားတဲ့အခါ ကြောက်ရွံ့ပြီး ဒီလိုဆိုးညစ်တဲ့ လုပ်ရပ်မျိုး ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။+ ၁၂  “ယေဟောဝါဘုရား ပေးထားတဲ့ မြို့မှာ ခင်ဗျားတို့ နေထိုင်တဲ့အခါ၊ ၁၃  ‘လူဖျင်းတွေက မြို့သားတွေကို ကိုယ်မသိတဲ့ “တခြားဘုရားတွေကို သွားဝတ်ပြုကြစို့” လို့ပြောပြီး လမ်းလွဲသွားအောင် လုပ်နေကြပြီ’ ဆိုတဲ့သတင်းကို ကြားရင်၊ ၁၄  ဒီကိစ္စကို စုံစမ်းရမယ်၊ သေသေချာချာ စစ်ဆေးမေးမြန်းရမယ်။+ ခင်ဗျားတို့ဆီမှာ ဒီရွံမုန်းစရာ လုပ်ရပ်ကို လုပ်နေတာ သေချာရင်၊ ၁၅  အဲဒီမြို့သူမြို့သားအားလုံးကို ဓားနဲ့ ဆက်ဆက် သတ်ရမယ်။+ အဲဒီမြို့နဲ့ မြို့ထဲမှာရှိသမျှကိုရော၊ တိရစ္ဆာန်တွေကိုရော အကုန်ဖျက်ဆီးရမယ်။+ ၁၆  မြို့ထဲက တိုက်ရာပါဥစ္စာအားလုံးကို မြို့ရင်ပြင်မှာ စုပုံထားပြီး မြို့ကို မီးရှို့ရမယ်။ အဲဒီပစ္စည်းတွေဟာ ယေဟောဝါဘုရားအတွက် အကုန်အစင် မီးရှို့ရာအလှူတွေပဲ။ အဲဒီမြို့ဟာ ထာဝရ အပျက်အယွင်းပုံကြီး ဖြစ်ရမယ်။ ဘယ်တော့မှ ပြန်မတည်ဆောက်ရဘူး။ ၁၇  ဖျက်ဆီးဖို့ သီးသန့်ဖယ်ထားတဲ့အရာ တစ်ခုကိုမှ မယူရဘူး။+ ဒါဆိုရင် ယေဟောဝါက အမျက်ပြေပြီး သနားကရုဏာပြလိမ့်မယ်။ ဘိုးဘေးတွေကို ကျိန်ဆိုထားတဲ့အတိုင်း ခင်ဗျားတို့ကို တိုးပွားစေမယ်။+ ၁၈  အခု ကျွန်တော် မှာကြားနေတဲ့ ပညတ်ချက်အားလုံးကို လိုက်နာပြီး ယေဟောဝါဘုရားကို နာခံရမယ်။ ဒီနည်းနဲ့ ယေဟောဝါဘုရားရှေ့မှာ မှန်ရာကို လုပ်ဆောင်ရမယ်။+

အောက်ခြေမှတ်ချက်များ