တရားဟောရာ ၂၃:၁-၂၅

  • ဘုရားရဲ့လူမျိုး အစုအဝေးမှာ မပါရသူများ (၁-၈)

  • တပ်စခန်းမှာ သန့်ရှင်းမှု (၉-၁၄)

  • ထွက်ပြေးတဲ့ကျွန်များ (၁၅၊ ၁၆)

  • ပြည့်တန်ဆာတွေကို တားမြစ် (၁၇၊ ၁၈)

  • အတိုးယူခြင်းနဲ့ သစ္စာကတိများ (၁၉-၂၃)

  • ဖြတ်သွားသူတွေ စားခွင့်ရှိတဲ့အရာ (၂၄၊ ၂၅)

၂၃  “ဝှေးစေ့ပျက်သူ ဒါမှမဟုတ် ယောက်ျားတန်ဆာ ဖြတ်ထားသူ တစ်ယောက်မှ ယေဟောဝါရဲ့လူမျိုး အစုအဝေးထဲ မပါရဘူး။+ ၂  “တရားဝင် လက်မထပ်ဘဲ မွေးတဲ့သားက ယေဟောဝါရဲ့လူမျိုး အစုအဝေးထဲ မပါရဘူး။+ သူ့သားစဉ်မြေးဆက် ဆယ်ဆက်အထိ ယေဟောဝါရဲ့လူမျိုး အစုအဝေးထဲ မပါရဘူး။ ၃  “အမ္မုန်လူမျိုးနဲ့ မောဘလူမျိုး တစ်ယောက်မှ ယေဟောဝါရဲ့လူမျိုး အစုအဝေးထဲ မပါရဘူး။+ သူတို့ရဲ့ သားစဉ်မြေးဆက် ဆယ်ဆက်အထိ ယေဟောဝါရဲ့လူမျိုး အစုအဝေးထဲ မပါရဘူး။ ၄  သူတို့က အီဂျစ်ပြည်ကနေ ခင်ဗျားတို့ ထွက်လာတဲ့အခါ လမ်းမှာ အစာရေစာ မထောက်ပံ့ပေးတဲ့အပြင်+ ခင်ဗျားတို့ကို ကျိန်စာတိုက်ဖို့ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့က ဗောရရဲ့သား ဗာလမ်ကို ငှားရမ်းခဲ့ကြတယ်။+ ၅  ဒါပေမဲ့ ဗာလမ်ရဲ့စကားကို ယေဟောဝါဘုရား နားမထောင်ခဲ့ဘူး။+ ယေဟောဝါဘုရားက ခင်ဗျားတို့ကို ချစ်တယ်၊+ ဒါကြောင့် ကျိန်စာတွေကို ကောင်းချီးဖြစ်အောင် ယေဟောဝါဘုရား ပြောင်းလဲပေးခဲ့တယ်။+ ၆  သူတို့ ကောင်းစားအောင်၊ ကြီးပွားတိုးတက်အောင် ဘယ်တော့မှ မလုပ်ပေးရဘူး။+ ၇  “ဧဒုံလူမျိုးကို မမုန်းရဘူး။ သူတို့ဟာ ခင်ဗျားတို့ရဲ့ ညီအစ်ကိုတွေပဲ။+ “အီဂျစ်လူတွေကို မမုန်းရဘူး။ သူတို့တိုင်းပြည်မှာ ခင်ဗျားတို့ တိုင်းတစ်ပါးသား ဖြစ်ခဲ့ဖူးလို့ပဲ။+ ၈  သူတို့ရဲ့ တတိယမျိုးဆက်ကစပြီး ယေဟောဝါရဲ့လူမျိုး အစုအဝေးထဲ ပါဝင်နိုင်တယ်။ ၉  “ရန်သူတွေကို တိုက်ခိုက်ဖို့ တပ်ချတဲ့အခါ မသန့်ရှင်းရာ မှန်သမျှကို ရှောင်ရမယ်။+ ၁၀  တစ်ယောက်ယောက်က ညအချိန်မှာ သုက်ရည်ထွက်လို့ မသန့်မရှင်း ဖြစ်နေမယ်ဆိုရင်+ တပ်ပြင်ထွက်ရမယ်။ တပ်စခန်းထဲ ပြန်မဝင်ရဘူး။ ၁၁  ညဦးပိုင်းရောက်တဲ့အခါ ရေချိုးရမယ်။ နေဝင်သွားမှ တပ်စခန်းထဲ ပြန်ဝင်လာရမယ်။+ ၁၂  မစင်စွန့်တဲ့နေရာကို တပ်စခန်းအပြင်ဘက်မှာ ထားရမယ်။ အဲဒီကိုသွားပြီး မစင်စွန့်ရမယ်။ ၁၃  လက်နက်တွေနဲ့အတူ တူးရွင်းကိုလည်း ဆောင်ထားရမယ်။ တပ်စခန်းအပြင်မှာ မစင်စွန့်တဲ့အခါ အဲဒီတူးရွင်းနဲ့ တွင်းတူးရမယ်။ ပြီးရင် မစင်ကို ပြန်ဖုံးရမယ်။ ၁၄  ယေဟောဝါဘုရားက ခင်ဗျားတို့ကို ကယ်တင်ဖို့၊ ရန်သူတွေကို ခင်ဗျားတို့လက်ထဲအပ်ဖို့ စခန်းထဲမှာ သွားလာနေတယ်။+ မစင်ကြယ်တဲ့အရာ တစ်ခုခုကို ဘုရားတွေ့လို့ ထွက်မသွားရလေအောင် တပ်စခန်းဟာ သန့်ရှင်းနေရမယ်။+ ၁၅  “သခင့်ဆီကနေ ထွက်ပြေးပြီး ကိုယ့်ဆီရောက်လာတဲ့ ကျွန်ကို သခင့်လက်ထဲ ပြန်မအပ်ရဘူး။ ၁၆  မြို့တွေထဲက သူနေချင်တဲ့ ဘယ်နေရာမှာမဆို နေလို့ရတယ်။ သူ့ကို အနိုင်မကျင့်ရဘူး။+ ၁၇  “အစ္စရေးအမျိုးသမီးတစ်ယောက်မှ ဗိမာန်ပြည့်တန်ဆာ* မလုပ်ရဘူး။+ အစ္စရေးအမျိုးသားတွေလည်း ဗိမာန်ပြည့်တန်ဆာ မလုပ်ရဘူး။+ ၁၈  မိန်းမပြည့်တန်ဆာလုပ်လို့ ရတဲ့ငွေ ဒါမှမဟုတ် ယောက်ျားပြည့်တန်ဆာ* လုပ်လို့ ရတဲ့ငွေကို ယေဟောဝါဘုရားရဲ့ အိမ်တော်ဆီ သစ္စာကတိအတိုင်း လှူဖို့ မယူလာရဘူး။ အဲဒီငွေနှစ်မျိုးစလုံးကို ယေဟောဝါဘုရား ရွံမုန်းတယ်။ ၁၉  “ကိုယ့်အမျိုးသားချင်းကို ငွေ၊ စားစရာ၊ တစ်ခုခု ချေးငှားတဲ့အခါ အတိုးမယူရဘူး။+ ၂၀  တိုင်းတစ်ပါးသားဆီကနေ အတိုးယူနိုင်တယ်။+ အမျိုးသားချင်းဆီကနေတော့ အတိုးမယူရဘူး။+ ဒါမှ ခင်ဗျားတို့ သိမ်းပိုက်တော့မယ့် ပြည်မှာ လုပ်ဆောင်သမျှကို ယေဟောဝါဘုရား ကောင်းချီးပေးလိမ့်မယ်။+ ၂၁  “ယေဟောဝါဘုရားကို သစ္စာကတိပြုတယ်ဆိုရင်+ အဲဒီအတိုင်း လုပ်ဆောင်ဖို့ မနှောင့်နှေးရဘူး။+ ယေဟောဝါဘုရားက အဲဒီသစ္စာကတိအတိုင်း လုပ်ခိုင်းမှာဖြစ်လို့ နှောင့်နှေးနေရင် အပြစ်ဖြစ်လိမ့်မယ်။+ ၂၂  သစ္စာကတိမပြုဘူးဆိုရင်တော့ အပြစ်သင့်မှာ မဟုတ်ဘူး။+ ၂၃  ကိုယ်ပြောထားတဲ့ စကားအတိုင်း လုပ်ဆောင်ရမယ်။+ ယေဟောဝါဘုရားဆီ စေတနာအလျောက် ပေးလှူပါ့မယ်ဆိုပြီး သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ရမယ်။+ ၂၄  “သူတစ်ပါးရဲ့ စပျစ်ခြံထဲ သွားတဲ့အခါ စပျစ်သီးတွေကို အာသာပြေတဲ့အထိ စားနိုင်ပေမဲ့ အိတ်ထဲမှာတော့ မထည့်သွားရဘူး။+ ၂၅  “သူတစ်ပါးရဲ့ လယ်ထဲ သွားတဲ့အခါ ရင့်မှည့်တဲ့အနှံတွေကို ဆွတ်ခူးနိုင်ပေမဲ့ ကောက်ပင်တွေကိုတော့ တံစဉ်နဲ့ မရိတ်ရဘူး။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
မူရင်း၊ “ခွေး။”