တရားဟောရာ ၃:၁-၂၉

  • ဗာရှန်ဘုရင် ဩဂတ်ကို အနိုင်ရ (၁-၇)

  • ဂျော်ဒန်အရှေ့ဘက် နယ်မြေကို ခွဲဝေ (၈-၂၀)

  • မကြောက်ဖို့ ယောရှုကိုမှာကြား (၂၁၊ ၂၂)

  • မောရှေ ခါနန်ပြည် မဝင်ရ (၂၃-၂၉)

 “အဲဒီနောက် ကျွန်တော်တို့ ပြန်လှည့်ပြီး ဗာရှန်လမ်းအတိုင်း တက်သွားကြတယ်။ ဗာရှန်ဘုရင်ဩဂတ်က သူ့လူတွေနဲ့အတူ ဧဒြိမြို့မှာ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ ချီတက်လာတယ်။+ ၂  ယေဟောဝါဘုရားက ‘မကြောက်နဲ့။ သူနဲ့ သူ့လူတွေကိုရော သူ့တိုင်းပြည်ကိုပါ မင်းလက်ထဲ ငါအပ်မယ်။ ဟေရှဘုန်မြို့မှာ နန်းစံတဲ့ အာမောရိဘုရင် ရှိဟုန်ကို မင်းလုပ်ခဲ့သလို ဗာရှန်ဘုရင်ကိုလည်း လုပ်ရမယ်’ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ၃  ယေဟောဝါဘုရားက ဗာရှန်ဘုရင် ဩဂတ်နဲ့ သူ့လူတွေကို ကျွန်တော်တို့လက်ထဲ အပ်တဲ့အတွက် သူတို့ကို တစ်ယောက်မကျန် ကွပ်မျက်ခဲ့တယ်။ ၄  အာဂေါဘဒေသ တစ်ခုလုံးမှာရှိတဲ့ မြို့ပေါင်း ၆၀ အပါအဝင် မြို့အားလုံးကိုလည်း သိမ်းပိုက်လိုက်တယ်။ ဗာရှန်ပြည်၊ ဘုရင်ဩဂတ်ရဲ့ နိုင်ငံမှာ+ မသိမ်းပိုက်နိုင်တဲ့မြို့ရယ်လို့ မရှိခဲ့ဘူး။ ၅  အဲဒီမြို့တွေဟာ မြို့ရိုးကြီးတွေ၊ ဂိတ်တံခါးတွေ၊ ကန့်လန့်ကျင်တွေရှိတဲ့ ခံတပ်မြို့တွေပဲ။ ရွာလေးတွေလည်း အများကြီးပဲ။ ၆  ဟေရှဘုန်ဘုရင် ရှိဟုန်ကို ဖျက်ဆီးခဲ့သလို အဲဒီမြို့တွေကို ဖျက်ဆီးခဲ့ကြတယ်။+ မြို့တွေကို ဖျက်ဆီးပြီး ယောက်ျား၊ မိန်းမ၊ ကလေးတွေကိုလည်း ကွပ်မျက်ခဲ့တယ်။+ ၇  တိရစ္ဆာန်နဲ့ တိုက်ရာပါဥစ္စာအားလုံးကို သိမ်းယူခဲ့ကြတယ်။ ၈  “အဲဒီတုန်းက အာနုန်သဲချောင်းကနေ ဟေရမုန်တောင်အထိ+ ကျယ်ပြန့်တဲ့ ဂျော်ဒန်မြစ်ဝှမ်းဒေသကို အာမောရိဘုရင် နှစ်ပါးဆီကနေ+ သိမ်းယူခဲ့တယ်။ ၉  (ဟေရမုန်တောင်ကို ဆိုင်ဒုန်လူမျိုးတွေက စိရုန်လို့ခေါ်ပြီး အာမောရိလူမျိုးက စိနဲလို့ ခေါ်တယ်။) ၁၀  ကုန်းပြင်မြင့်ပေါ်က မြို့အားလုံး၊ ဂိလဒ်တစ်ပြည်လုံး၊ ဘုရင်ဩဂတ်ပိုင်တဲ့ သာလကမြို့နဲ့ ဧဒြိမြို့အထိ+ ဗာရှန်တစ်ပြည်လုံးကို သိမ်းပိုက်ခဲ့တယ်။ ၁၁  ဗာရှန်ဘုရင် ဩဂတ်ဟာ ရေဖိမ်လူမျိုးရဲ့ နောက်ဆုံးဘုရင်ပဲ။ သံနဲ့* လုပ်ထားတဲ့ သူ့ခေါင်းတလားဟာ အလျား ၉ တောင်၊ အနံ ၄ တောင်ရှိတယ်။ အမ္မုန်လူမျိုးတွေရဲ့ ရဗာမြို့မှာ အခုထိရှိနေတုန်းပဲ။ ၁၂  အာနုန်သဲချောင်းကမ်းနားမှာရှိတဲ့ အာရော်မြို့ကနေ+ ဂိလဒ်တောင်တန်းဒေသရဲ့ တစ်ဝက်ကို အဲဒီတုန်းက သိမ်းယူခဲ့တယ်။ အဲဒီမှာရှိတဲ့မြို့တွေကို ရုဗင်အနွယ်နဲ့ ဂဒ်အနွယ်ကို ကျွန်တော်ပေးလိုက်တယ်။+ ၁၃  ဂိလဒ်ဒေသရဲ့ ကျန်တစ်ဝက်နဲ့ ဘုရင်ဩဂတ်ပိုင်တဲ့ ဗာရှန်တစ်ပြည်လုံးကို မနာရှေအနွယ်တစ်ဝက်ကို+ ပေးလိုက်တယ်။ ဗာရှန်ပြည်မှာရှိတဲ့ အာဂေါဘဒေသ တစ်ခုလုံးကို ရေဖိမ်လူမျိုးရဲ့ပြည်လို့ ခေါ်ကြတယ်။ ၁၄  “မနာရှေအနွယ် ယာအိရက+ ဂေရှုရိပြည်သားနဲ့ မာခါသိပြည်သားတွေရဲ့+ နယ်နိမိတ်အထိ အာဂေါဘဒေသ တစ်ခုလုံးကို+ သိမ်းယူတယ်။ သူ့ကိုအစွဲပြုပြီး ဗာရှန်ပြည်ရဲ့ ရွာငယ်တွေကို ဟာဝုတ်ယာအိရ*+ လို့မှည့်ခေါ်ခဲ့တာ ဒီနေ့အထိ နာမည်တွင်နေတုန်းပဲ။ ၁၅  မာခိရကိုတော့ ဂိလဒ်ပြည် ပေးလိုက်တယ်။+ ၁၆  ရုဗင်အနွယ်နဲ့ ဂဒ်အနွယ်ကို+ ဂိလဒ်ပြည်ကနေ အာနုန်သဲချောင်းအထိ ပေးလိုက်တယ်။ သဲချောင်းအလယ်ပိုင်းကတော့ နယ်နိမိတ်ပေါ့။ အမ္မုန်ပြည်ရဲ့ နယ်နိမိတ်ဖြစ်တဲ့ ယာဗုတ်သဲချောင်း၊ ၁၇  ဂျော်ဒန်မြစ်နဲ့ မြစ်ကမ်းတစ်လျှောက်ဖြစ်တဲ့ အရာဗာအရပ်အထိ ပါတယ်။ ခိနေရက်အိုင်* ကနေ အရှေ့ဘက် ပိသဂါတောင်ခြေမှာရှိတဲ့ အရာဗာလို့ခေါ်တဲ့ ဆားငန်အိုင်* အထိ ကျယ်ဝန်းတယ်။+ ၁၈  “ကျွန်တော်က ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်ကို ပြောတယ်– ‘ယေဟောဝါဘုရားက ခင်ဗျားတို့အတွက် ဒီပြည်ကို အပိုင်ပေးလိုက်ပြီ။ ဒါကြောင့် ရဲရင့်တဲ့ယောက်ျားတွေ လက်နက်ကိုင်ပြီး ကိုယ့်ညီအစ်ကို အစ္စရေးတွေရှေ့ကနေ ကူးသွားရမယ်။+ ၁၉  သားမယားတွေ၊ တိရစ္ဆာန်တွေကတော့ ပေးထားတဲ့မြို့တွေမှာ နေခဲ့ရမယ်။ (ခင်ဗျားတို့မှာ တိရစ္ဆာန်တွေ အများကြီးရှိတာ ကျွန်တော်သိတယ်။) ၂၀  ယေဟောဝါဘုရားက ခင်ဗျားတို့ကို အေးချမ်းစွာ နေထိုင်ခွင့်ပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားတို့လည်း ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ယေဟောဝါဘုရား ပေးမယ့်ပြည်ကို ညီအစ်ကိုတွေ သိမ်းပိုက်ပြီး အေးချမ်းစွာ နေထိုင်ခွင့်ရမယ့်အချိန်အထိ ကူညီပေးရမယ်။ ပြီးမှ ကိုယ်ရထားတဲ့ နယ်မြေတွေဆီ ပြန်လာရမယ်။’+ ၂၁  “အဲဒီတုန်းက ယောရှုကိုလည်း+ ‘ဒီဘုရင်နှစ်ပါးကို ယေဟောဝါဘုရား ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားမြင်တာပဲ။ အခုကူးသွားမယ့် ပြည်မှာရှိတဲ့ မြို့တွေကိုလည်း ယေဟောဝါ အဲဒီလိုပဲ လုပ်လိမ့်မယ်။+ ၂၂  ယေဟောဝါဘုရား တိုက်ခိုက်ပေးမှာဖြစ်လို့ သူတို့ကို မကြောက်ပါနဲ့’+ လို့ ကျွန်တော် မှာခဲ့တယ်။ ၂၃  “အဲဒီတုန်းက ယေဟောဝါကို ကျွန်တော် အသနားခံတယ်– ၂၄  ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော်ရဲ့ ကြီးမြတ်မှုနဲ့ အားကြီးတဲ့လက်ရုံးကို+ ပြပါပြီ။ ဒီလို တန်ခိုးကြီးလုပ်ရပ်တွေကို ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိတဲ့ ဘယ်ဘုရားမှ မလုပ်နိုင်ပါဘူး။+ ၂၅  ကျွန်တော် ဂျော်ဒန်မြစ်တစ်ဖက်ကို ကူးသွားပြီး သာယာလှပတဲ့ပြည်ကို မြင်ပါရစေ။ သာယာလှပတဲ့ တောင်တန်းဒေသနဲ့ လက်ဘနွန်ပြည်ကို မြင်ပါရစေ’+ ဆိုပြီးတော့ပေါ့။ ၂၆  ဒါပေမဲ့ ယေဟောဝါဘုရားက ခင်ဗျားတို့ကြောင့်+ ကျွန်တော့်ကို အမျက်ထွက်နေတုန်းပဲ။ ဒါကြောင့် ယေဟောဝါက ကျွန်တော်ပြောတာကို နားမထောင်ဘဲ ‘တော်ပြီ။ ဒီအကြောင်း ထပ်မပြောနဲ့တော့။ ၂၇  ဒီဂျော်ဒန်မြစ်ကို မင်းဖြတ်ကူးရမှာ မဟုတ်ဘူး။ ဒါကြောင့် ပိသဂါတောင်ပေါ်ကို+ တက်သွားပြီး အရပ်လေးမျက်နှာကို လှမ်းကြည့်လိုက်။ အဲဒီပြည်ကို မြင်ရမယ်။+ ၂၈  ပြီးရင် ယောရှုကို+ ခေါင်းဆောင် ခန့်ပါ။ သူ အားရှိသွားအောင် အားပေးလိုက်ပါ။ သူဟာ အစ္စရေးလူမျိုးရှေ့ကနေ ဖြတ်ကူးပြီး+ မင်းလှမ်းမြင်ရတဲ့ ပြည်ကို သူတို့ အမွေခံရအောင် လုပ်ပေးမယ့်သူပဲ’ လို့ပြောတယ်။ ၂၉  ဗက်ပေဂုရမြို့ရှေ့က ချိုင့်ဝှမ်းမှာ နေထိုင်တုန်းက ဒါတွေအားလုံး ဖြစ်ပျက်ခဲ့တယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အနက်ရောင် မီးသင့်ကျောက်။”
အဓိပ္ပာယ်၊ “ယာအိရကျေးရွာများ။”
ဂင်နေသရက်လို့ခေါ်တဲ့ ဂါလိလဲအိုင်။
ပင်လယ်သေ။