တရားဟောရာ ၃၄:၁-၁၂

  • မောရှေကို ယေဟောဝါ ခါနန်ပြည်ပြ (၁-၄)

  • မောရှေ သေဆုံး (၅-၁၂)

၃၄  အဲဒီနောက် မောရှေက မောဘလွင်ပြင်ကနေ ယေရိခေါမြို့ကို+ မျက်နှာမူထားတဲ့ နေဗောတောင်၊+ ပိသဂါကုန်းပြင်မြင့်ထိပ်ကို+ တက်သွားတယ်။ အဲဒီမှာ ယေဟောဝါက ဂိလဒ်ပြည်ကနေ ဒန်နယ်မြေအထိ၊+ ၂  နဿလိနယ်မြေတစ်ခုလုံး၊ ဧဖရိမ်နယ်မြေ၊ မနာရှေနယ်မြေ၊ အနောက်ဘက်ပင်လယ်* အထိ ယုဒနယ်မြေတစ်ခုလုံး၊+ ၃  နေဂပ်အရပ်နဲ့+ ဂျော်ဒန်ခရိုင်၊+ စွန်ပလွံပင်မြို့ဖြစ်တဲ့ ယေရိခေါမြို့ရဲ့ ချိုင့်ဝှမ်းလွင်ပြင်၊ ဇောရမြို့အထိ+ တစ်ပြည်လုံးကို ပြတယ်။ ၄  ယေဟောဝါက “‘မင်းရဲ့မျိုးနွယ်ကိုပေးမယ်’+ ဆိုပြီး အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ငါကတိပေးခဲ့တဲ့ ပြည်ဟာ ဒီပြည်ပဲ။ မင်းကို အဲဒီပြည် မြင်ခွင့်ပေးတယ်။ ဒါပေမဲ့ မင်း ဝင်ခွင့်ရမှာ မဟုတ်ဘူး”+ လို့ မောရှေကို ပြောတယ်။ ၅  အဲဒီနောက် ယေဟောဝါ ပြောခဲ့တဲ့အတိုင်းပဲ ယေဟောဝါရဲ့ကျွန် မောရှေဟာ မောဘပြည်၊ အဲဒီနေရာမှာပဲ သေဆုံးသွားတယ်။+ ၆  ဘုရားသခင်က သူ့ကို ဗက်ပေဂုရမြို့ရှေ့က မောဘပြည်ချိုင့်ဝှမ်းမှာ သင်္ဂြိုဟ်လိုက်တယ်။ သူ့သင်္ချိုင်းဂူ ဘယ်မှာရှိမှန်း ဒီနေ့အထိ ဘယ်သူမှ မသိကြဘူး။+ ၇  မောရှေ သေဆုံးချိန်မှာ အသက် ၁၂၀ ရှိပြီ။+ မျက်စိ မမှုန်သေးဘူး။ ခွန်အားလည်း မလျော့သေးဘူး။ ၈  အစ္စရေးတွေက မောဘလွင်ပြင်မှာ မောရှေအတွက် ရက်ပေါင်း ၃၀ ငိုကြွေးကြတယ်။+ ဒီလိုနဲ့ မောရှေသေဆုံးလို့ ငိုကြွေးရတဲ့အချိန် ပြီးဆုံးသွားတယ်။ ၉  မောရှေက နုန်ရဲ့သား ယောရှုအပေါ် လက်တင်ခဲ့တဲ့အတွက်+ သူဟာ ဉာဏ်ပညာ* ပြည့်ဝတယ်။ သူ့စကားကို အစ္စရေးတွေ နားထောင်ကြတယ်။ မောရှေကို ယေဟောဝါ မိန့်မှာခဲ့တဲ့အတိုင်း လုပ်ဆောင်ကြတယ်။+ ၁၀  ဒါပေမဲ့ ယေဟောဝါ တရင်းတနှီး သိကျွမ်းခဲ့တဲ့+ မောရှေလို ပရောဖက်မျိုး+ အစ္စရေးပြည်မှာ နောင်ဘယ်တော့မှ မပေါ်တော့ဘူး။ ၁၁  မောရှေက ယေဟောဝါခိုင်းတဲ့အတိုင်း ဖာရောနဲ့ မင်းမှုထမ်းတွေရှေ့၊ အီဂျစ်တစ်ပြည်လုံးရှေ့မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြခဲ့တယ်။+ ၁၂  အစ္စရေးတွေရှေ့မှာလည်း အားကြီးတဲ့လက်၊ ကြီးမားတဲ့ အစွမ်းတန်ခိုးကို သုံးပြီး လုပ်ပြခဲ့တယ်။+

အောက်ခြေမှတ်ချက်များ

မြေထဲပင်လယ်။
ဒါမှမဟုတ်၊ “စွမ်းအားတော်ကပေးတဲ့ ဉာဏ်ပညာ။”