တရားဟောရာ ၆:၁-၂၅

  • ယေဟောဝါကို စိတ်စွမ်းရှိသမျှ ချစ်ပါ (၁-၉)

    • “အစ္စရေးတို့၊ နားထောင်ကြ” ()

    • မိဘတွေ သားသမီးကို သွန်သင်ပေးရ (၆၊ ၇)

  • ယေဟောဝါကို မမေ့ပါနဲ့ (၁၀-၁၅)

  • ယေဟောဝါကို အကဲမစမ်းပါနဲ့ (၁၆-၁၉)

  • နောင်လာနောက်သားတွေကို ပြောပြပါ (၂၀-၂၅)

 “ဒါတွေဟာ ခင်ဗျားတို့ကို သွန်သင်ပေးဖို့ ယေဟောဝါဘုရားပေးထားတဲ့ ပညတ်ချက်တွေ၊ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေပဲ။ ခင်ဗျားတို့ သိမ်းပိုက်တော့မယ့် ပြည်ကို ကူးသွားတဲ့အခါ အဲဒီအတိုင်း လိုက်နာရမယ်။ ၂  ကိုယ်တိုင်ရော သားမြေးတွေပါ+ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေပြီး ကျွန်တော် မှာကြားနေတဲ့ ဥပဒေတွေ၊ ပညတ်ချက်တွေကို တစ်သက်လုံး လိုက်နာရမယ်။ ဒါမှ ခင်ဗျားတို့ အသက်ရှည်ရှည် နေရမယ်။+ ၃  အစ္စရေးတို့၊ အဲဒါတွေကို နားထောင်ပြီး ဂရုတစိုက် လိုက်နာကြ။ ဒါမှ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါ ကတိပေးထားတဲ့အတိုင်း နို့နဲ့ပျားရည်စီးတဲ့ ပြည်မှာ ကောင်းစားပြီး တိုးပွားများပြားလာမယ်။ ၄  “အစ္စရေးတို့၊ နားထောင်ကြ။ ကျွန်တော်တို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ တစ်ဆူတည်းသော ယေဟောဝါပဲ။+ ၅  ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊*+ ခွန်အားရှိသမျှ ချစ်ပါ။+ ၆  အခု ကျွန်တော် မှာကြားနေတဲ့ ဒီစကားတွေကို နှလုံးသွင်းရမယ်။ ၇  ပြီးတော့ သားသမီးတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။*+ အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ ပြောပြရမယ်။+ ၈  အဲဒီစကားတွေကို သတိပေးချက်အနေနဲ့ လက်ပေါ်မှာ ချည်ထားပါ။ နဖူးစည်းလို ဖြစ်စေပါ။+ ၉  အိမ်တံခါးတိုင်တွေမှာ၊ မြို့တံခါးတွေမှာ ရေးထားပါ။ ၁၀  “ယေဟောဝါဘုရားက ခင်ဗျားတို့ကို ပေးမယ်ဆိုပြီး ဘိုးဘေးအာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ကျိန်ဆိုခဲ့တဲ့ပြည်ထဲ+ ခေါ်ဆောင်သွားတဲ့အခါ၊ ခင်ဗျားတို့ဟာ ကိုယ်တိုင် မတည်ဆောက်ခဲ့တဲ့ မြို့ကြီးမြို့ကောင်းတွေ၊+ ၁၁  ကိုယ်တိုင်မဖြည့်ဘဲ ကောင်းမွန်ရာအမျိုးမျိုး ပြည့်နေတဲ့အိမ်တွေ၊ ကိုယ်တိုင်မတူးခဲ့တဲ့ ရေလှောင်ကန်တွေ၊ ကိုယ်တိုင် မစိုက်ပျိုးခဲ့တဲ့ စပျစ်ခြံတွေ၊ သံလွင်ပင်တွေရှိတဲ့ပြည်ထဲ ရောက်ပြီး ဝဝလင်လင် စားသောက်ရတဲ့အခါ၊+ ၁၂  ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခင်ဗျားတို့ကို ခေါ်ထုတ်လာတဲ့ ယေဟောဝါကို မေ့သွားတဲ့အဖြစ်မျိုး မရောက်ရအောင် သတိပြုပါ။+ ၁၃  ယေဟောဝါဘုရားကို ကြောက်ရွံ့ပါ။+ ဘုရားကိုပဲ ဝတ်ပြုပါ။+ နာမတော်ကိုပဲ တိုင်တည်ပြီး သစ္စာဆိုပါ။+ ၁၄  ပတ်ဝန်းကျင်မှာရှိတဲ့ တခြားလူမျိုးတွေရဲ့ ဘုရားတွေနောက် မလိုက်သွားနဲ့။+ ၁၅  ခင်ဗျားတို့နဲ့အတူရှိတဲ့ ယေဟောဝါဘုရားဟာ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရားပဲ။+ တခြားဘုရားတွေနောက် လိုက်သွားရင် ခင်ဗျားတို့အပေါ် ယေဟောဝါဘုရားရဲ့ ဒေါသမီး တောက်လောင်ပြီး+ မြေပြင်ပေါ်ကနေ ဖျက်ဆီးလိမ့်မယ်။+ ၁၆  “မာဆာအရပ်မှာတုန်းကလို+ ယေဟောဝါဘုရားကို အကဲမစမ်းကြနဲ့။+ ၁၇  ယေဟောဝါဘုရား မိန့်မှာထားတဲ့ ပညတ်ချက်တွေ၊ သတိပေးချက်တွေ၊ စည်းမျဉ်းတွေကို ကြိုးစားလိုက်နာကြ။ ၁၈  ယေဟောဝါရှေ့မှာ မှန်ကန်ကောင်းမွန်ရာကို လုပ်ပါ။ ဒါမှ ဘိုးဘေးတွေကို ယေဟောဝါ ကျိန်ဆိုခဲ့တဲ့+ သာယာလှပတဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်ပြီး ကောင်းစားနိုင်မယ်။ ၁၉  ယေဟောဝါ ကတိပေးထားတဲ့အတိုင်း ရန်သူတွေကို တိုက်ထုတ်နိုင်မယ်။+ ၂၀  “နောင်တစ်ချိန်မှာ သားဖြစ်သူက ‘ယေဟောဝါဘုရားက သတိပေးချက်တွေ၊ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကို ဘာလို့ပေးတာလဲ’ ဆိုပြီးမေးလာရင်၊ ၂၁  ‘အဖေတို့ဟာ အီဂျစ်ပြည်မှာ ဖာရောရဲ့ကျွန်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက အဖေတို့ကို အီဂျစ်ပြည်ကနေ အားကြီးတဲ့လက်နဲ့ ခေါ်ထုတ်ခဲ့တယ်။ ၂၂  ယေဟောဝါဘုရားက အီဂျစ်ပြည်အပေါ်၊+ ဖာရောနဲ့ နန်းတွင်းသားတွေအပေါ် အဖျက်စွမ်းအားကြီးတဲ့ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ ဆက်တိုက် ကျရောက်စေခဲ့တာ အဖေတို့ မြင်ခဲ့တယ်။+ ၂၃  ပြီးတော့ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီး အဖေတို့ကို ပေးမယ်လို့ ဘိုးဘေးတွေကို ကျိန်ဆိုခဲ့တဲ့ပြည်ဆီ ခေါ်လာခဲ့တယ်။+ ၂၄  အဲဒီနောက် ယေဟောဝါက ဒီစည်းမျဉ်းတွေကို လိုက်နာပါ၊ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေပါလို့ မိန့်မှာခဲ့တယ်။ ဒါဟာ အဖေတို့ရဲ့ ထာဝရကောင်းကျိုးအတွက်ပဲ။+ ဒါကြောင့် အဖေတို့ အခုလို အသက်ဆက်ရှင်နေတာပေါ့။+ ၂၅  အဖေတို့ကို မိန့်မှာထားတဲ့အတိုင်း ယေဟောဝါဘုရားကို နာခံပြီး ဒီပညတ်ချက်တွေကို ဂရုတစိုက် လိုက်နာမယ်ဆိုရင် ဖြောင့်မတ်သူတွေလို့ သတ်မှတ်ခံရမယ်’+ လို့ဖြေရမယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ် “အသက်” ကိုကြည့်။
ဒါမှမဟုတ်၊ “အကြိမ်ကြိမ် ပြောပြရမယ်။”