တိတု ၂:၁-၁၅

  • အသက်ကြီးသူ၊ ငယ်ရွယ်သူများအတွက် သွန်သင်ချက် (၁-၁၅)

    • ဘုရားတရားမဲ့မှုများကို ငြင်းပယ် (၁၂)

    • မွန်မြတ်တဲ့အလုပ်မှာ စိတ်ထက်သန် (၁၄)

၂  မင်းကတော့ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်နဲ့ ကိုက်ညီတဲ့အရာတွေကို  ဆက်ပြီး  ဟောပြောပါ။+ ၂  အသက်ကြီးတဲ့ အမျိုးသားတွေဟာ ပြောဆိုပြုမူရာမှာ ထိန်းချုပ်နိုင်သူ၊ လေးနက်တည်ကြည်သူ၊ ချင့်ချိန်တတ်သူ၊ ယုံကြည်ခြင်း ခိုင်မာသူ၊ မေတ္တာပြည့်ဝသူ၊ ခံနိုင်ရည်ရှိသူ ဖြစ်ရမယ်။ ၃  အသက်ကြီးတဲ့ အမျိုးသမီးတွေလည်း လေးစားထိုက်တဲ့ အပြုအမူရှိသူ၊ ကောင်းမွန်ရာကို သွန်သင်ပေးသူ ဖြစ်ရမယ်။ သွားပုပ်လေလွင့်ပြောသူ၊ ဝိုင်ရဲ့ ကျေးကျွန်ဖြစ်နေသူ မဟုတ်ရဘူး။ ၄  ဒါမှ သူတို့ဟာ အသက်ငယ်တဲ့ အမျိုးသမီးတွေကို ခင်ပွန်းနဲ့ သားသမီးတွေကို ချစ်တတ်ဖို့၊ ၅  ချင့်ချိန်တတ်ဖို့၊ ကိုယ်ကျင့်တရား စင်ကြယ်ဖို့၊ အိမ်ရှင်မကောင်းပီသဖို့၊ အမူအကျင့်ကောင်းရှိဖို့၊ ခင်ပွန်းကို လက်အောက်ခံသူဖြစ်ဖို့+ အကြံပေးနိုင်မယ်။* မဟုတ်ရင် ဘုရားသခင့် တရားစကားကို လူတွေ ပုတ်ခတ်ပြောဆိုကြလိမ့်မယ်။ ၆  အလားတူပဲ၊ ငယ်ရွယ်တဲ့ အမျိုးသားတွေကိုလည်း ချင့်ချိန်တတ်သူတွေဖြစ်ဖို့ အမြဲတိုက်တွန်းပါ။+ ၇  မွန်မြတ်တဲ့အလုပ်တွေမှာ နည်းအမျိုးမျိုးနဲ့ ကိုယ်တိုင် စံနမူနာကောင်းပြပါ။ အလေးအနက်သဘောထားပြီး မှန်ကန်ရာကို သင်ပေးပါ။*+ ၈  သူတစ်ပါး  ပြစ်တင်ဝေဖန်လို့ မရနိုင်အောင် အကျိုးရှိတဲ့စကားတွေနဲ့ သင်ပေးပါ။+ ဒါမှ အတိုက်အခံလုပ်တဲ့သူတွေက ငါတို့အကြောင်း မကောင်းပြောစရာ တစ်ခုမှ မတွေ့တဲ့အတွက်  အရှက်ရသွားလိမ့်မယ်။+ ၉  ကျွန်တွေက ကိုယ့်သခင်ကို အရာရာမှာ လက်အောက်ခံပါ။+ သူတို့ စိတ်တိုင်းကျအောင် ကြိုးစားပါ။ ခံမပြောပါနဲ့။ ၁၀  ခိုးဝှက်တတ်သူတွေ မဟုတ်ဘဲ+ ယုံကြည်စိတ်ချထိုက်သူဖြစ်မှန်း ပြပါ။ ဒါမှ ကယ်တင်ရှင် ဘုရားသခင်ရဲ့ သွန်သင်ချက်ကို နည်းအမျိုးမျိုးနဲ့ တင့်တယ်စေနိုင်မယ်။+ ၁၁  ဘုရားသခင်က လူအမျိုးမျိုးကို ကယ်တင်ခြင်းရစေဖို့ မဟာကရုဏာကို ဖော်ပြခဲ့ပြီ။+ ၁၂  အဲဒီကရုဏာက ငါတို့ကို ဘုရားတရားမဲ့တာတွေ၊ လောကရဲ့ မကောင်းတဲ့ အလိုဆန္ဒတွေကို+ ငြင်းပယ်တတ်အောင် သင်ပေးတယ်။ လက်ရှိ လောကစနစ်မှာ* ချင့်ချိန်တတ်အောင်၊ ဖြောင့်မတ်တဲ့ လမ်းစဉ်အတိုင်း နေထိုင်တတ်အောင်၊ ဘုရားတရား ကိုင်းရှိုင်းတတ်အောင်လည်း သင်ပေးတယ်။+ ၁၃  ဒီအတောအတွင်း  ဝမ်းမြောက်ဖွယ်  မျှော်လင့်ချက်ကိုရော+  ကြီးမြတ်တဲ့  ဘုရားသခင်နဲ့  ကယ်တင်ရှင်  ခရစ်တော်ယေရှုရဲ့ ဘုန်းအသရေပြည့်ဝတဲ့ ပေါ်ထွန်းခြင်းကိုပါ စောင့်မျှော်နေကြစို့။ ၁၄  ခရစ်တော်က  ငါတို့ကို  တရားမဲ့လုပ်ရပ်အမျိုးမျိုး ကျူးလွန်တဲ့ဘဝကနေ လွတ်မြောက်စေဖို့၊+ မိမိရဲ့ အထူးပိုင်ဆိုင်ရာအဖြစ်  သန့်ရှင်းစေပြီး မွန်မြတ်တဲ့အလုပ်မှာ  စိတ်ထက်သန်သူတွေဖြစ်စေဖို့+  အသက်ကို  ပေးဆက်ခဲ့တယ်။+ ၁၅  ဒီအကြောင်းအရာတွေကို အမြဲ ဟောပြောပြီး  တိုက်တွန်းနှိုးဆော်ပါ။ အခွင့်အာဏာအပြည့်နဲ့  ဆုံးမပဲ့ပြင်ပါ။+ မင်းကို  ဘယ်သူမှ  အထင်မသေးပါစေနဲ့။

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “လေ့ကျင့်ပေးနိုင်မယ်။”
“မှန်မှန်ကန်ကန် သင်ပေးပါ” လည်းဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။