တောလည်ရာ ၂၂:၁-၄၁
၂၂ အစ္စရေးတွေက ခရီးဆက်လာပြီး ယေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ် အရှေ့ဘက်ခြမ်းက မောဘလွင်ပြင်မှာ စခန်းချကြတယ်။+
၂ ဇိဖော်ရဲ့သား ဗာလက်က+ အာမောရိလူတွေကို အစ္စရေးတွေ ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကြားသိရတဲ့အခါ၊
၃ မောဘပြည်သားတွေက လူဦးရေသိပ်များတဲ့ အစ္စရေးတွေကို ကြောက်ပြီး ရွံမုန်းလာတယ်။+
၄ သူတို့က “နွားတွေ မြက်ကိုစားပစ်သလို ဒီလူတွေလည်း ဒို့ပတ်ဝန်းကျင်မှာ ရှိသမျှကို စားပစ်တော့မယ်” ဆိုပြီး မိဒျန်လူမျိုး အကြီးအကဲတွေကို+ ပြောကြတယ်။
အဲဒီအချိန်တုန်းက မောဘပြည်ကို ဇိဖော်ရဲ့သား ဗာလက် အုပ်ချုပ်နေတယ်။
၅ ဗာလက်မင်းက သူ့တိုင်းပြည်ရဲ့မြစ်ကြီး*အနား၊ ပေသော်မြို့မှာနေတဲ့ ဗောရရဲ့သား ဗာလမ်ဆီ+ တမန်တွေ လွှတ်လိုက်ပြီး “အီဂျစ်ပြည်ကနေ ထွက်လာတဲ့ လူမျိုးတစ်မျိုးက မြေတစ်ပြင်လုံးကို ပျံ့နှံ့သွားလိုက်တာ+ အခုတော့ ငါ့ရှေ့တည့်တည့်ကို ရောက်နေပြီ။
၆ သူတို့က ငါ့ထက် ပိုအင်အားကြီးနေလို့ သူတို့ကို ကျိန်စာတိုက်ပေးဖို့ မင်းလာခဲ့ပါ။+ ငါ အနိုင်ရပြီး သူတို့ကို တိုင်းပြည်ကနေ မောင်းထုတ်နိုင်ကောင်းပါရဲ့။ မင်းကောင်းချီးပေးတဲ့သူက ကောင်းချီးရပြီး မင်းကျိန်စာတိုက်တဲ့သူက ကျိန်စာသင့်မှန်း ငါသိတယ်” လို့ မှာလိုက်တယ်။
၇ မောဘလူမျိုး အကြီးအကဲတွေနဲ့ မိဒျန်လူမျိုးအကြီးအကဲတွေက ဗာလမ်ဆီ ဉာဏ်ပူဇော်ခ ယူသွားပြီး+ ဗာလက်မင်းရဲ့ စကားတွေကို ပြန်ပြောပြတယ်။
၈ ဗာလမ်က “ဒီည ဒီမှာတည်းခိုကြပါ။ ကျွန်တော့်ကို ယေဟောဝါဘုရား ပြောတဲ့အတိုင်း ခင်ဗျားတို့ကို ပြန်ပြောပါ့မယ်” ဆိုပြီး ပြောတယ်။ မောဘမှူးမတ်တွေလည်း ဗာလမ်ဆီမှာ တည်းခိုကြတယ်။
၉ ဘုရားသခင်က ဗာလမ်ဆီ ရောက်လာပြီး+ “မင်းဆီမှာ လာတည်းတဲ့သူတွေက ဘယ်သူတွေလဲ” လို့ မေးတယ်။
၁၀ ဗာလမ်က “ဇိဖော်ရဲ့သား၊ မောဘဘုရင် ဗာလက် လွှတ်လိုက်တဲ့သူတွေပါ။
၁၁ ဗာလက်မင်းက ‘အီဂျစ်ပြည်ကနေ ထွက်လာတဲ့ လူမျိုးတစ်မျိုးက မြေတစ်ပြင်လုံးကို ပျံ့နှံ့သွားလိုက်တာ အခုတော့ ငါ့ရှေ့တည့်တည့်ကို ရောက်နေပြီ။ သူတို့ကို ကျိန်စာတိုက်ပေးဖို့ မင်းလာခဲ့ပါ။+ ငါ အနိုင်ရပြီး သူတို့ကို တိုင်းပြည်ကနေ မောင်းထုတ်နိုင်ကောင်းပါရဲ့’ လို့ စကားပါးလိုက်ပါတယ်” ဆိုပြီး ပြန်ဖြေတယ်။
၁၂ ဒါပေမဲ့ ဘုရားသခင်က “သူတို့နဲ့ မလိုက်သွားနဲ့။ အဲဒီလူမျိုးဟာ ကောင်းချီးခံစားရတဲ့ လူမျိုးဖြစ်လို့ မင်း ကျိန်စာမတိုက်ရဘူး”+ လို့ ဗာလမ်ကိုပြောတယ်။
၁၃ မနက်ကျတော့ ဗာလမ်က “ခင်ဗျားတို့ ကိုယ့်ပြည်ကို ပြန်ကြပါ။ ယေဟောဝါဘုရားက ခင်ဗျားတို့နဲ့ မလိုက်ခိုင်းဘူး” ဆိုပြီး ပြောတယ်။
၁၄ မောဘမှူးမတ်တွေလည်း ဗာလက်မင်းဆီ ပြန်သွားပြီး “ဗာလမ်က ကျွန်တော်တို့နဲ့အတူ မလိုက်ချင်ဘူးလို့ ပြောပါတယ်” ဆိုပြီး လျှောက်တင်ကြတယ်။
၁၅ ဗာလက်မင်းက အရင်ထက်ပိုများပြီး ပိုရာထူးကြီးတဲ့ မှူးမတ်တွေကို လွှတ်ပြန်တယ်။
၁၆ သူတို့က ဗာလမ်ဆီ ရောက်လာပြီး “ဇိဖော်ရဲ့သား ဗာလက်မင်းက ‘ငါ့ဆီ ဆက်ဆက်လာခဲ့ပါ။
၁၇ မင်းကို ထိုက်ထိုက်တန်တန် ချီးမြှင့်မယ်။ မင်းပြောသမျှ လုပ်ပေးမယ်။ ဆက်ဆက်သာ လာခဲ့။ ငါ့အတွက် ဒီလူမျိုးကို ကျိန်စာတိုက်ပေးပါ’ လို့ မှာလိုက်ပါတယ်” ဆိုပြီးပြောတော့၊
၁၈ ဗာလမ်ကလည်း “ဗာလက်မင်းက ရွှေငွေတွေ ပြည့်နေတဲ့ နန်းတော်ကို ပေးရင်တောင် ကျွန်တော့်ရဲ့ဘုရား ယေဟောဝါရဲ့အမိန့်ကို လွန်ဆန်ပြီး ဘာကိုမှမလုပ်နိုင်ပါဘူး။+
၁၉ ဒါပေမဲ့ ကျွန်တော့်ကို ယေဟောဝါဘုရား ဘာပြောဦးမလဲ သိနိုင်ဖို့ ဒီည ဒီမှာတည်းခိုကြပါ”+ လို့ မှူးမတ်တွေကို ပြန်ပြောတယ်။
၂၀ အဲဒီညမှာ ဘုရားသခင်က ဗာလမ်ဆီ ရောက်လာပြီး “ဒီလူတွေ မင်းကို လာခေါ်တာဆိုရင် လိုက်သွားပါ။ ဒါပေမဲ့ ငါပြောခိုင်းတာတွေကိုပဲ ပြောရမယ်”+ လို့ပြောတယ်။
၂၁ ဗာလမ်လည်း မနက်အိပ်ရာထတော့ မြည်းကိုကုန်းနှီးတင်ပြီး မောဘမှူးမတ်တွေနဲ့အတူ လိုက်သွားတယ်။+
၂၂ ဒါပေမဲ့ ဗာလမ် လိုက်သွားတာကို ဘုရားသခင် အမျက်ထွက်တယ်။ အစေခံနှစ်ယောက်နဲ့အတူ ဗာလမ်မြည်းစီးသွားနေတုန်း ယေဟောဝါရဲ့ ကောင်းကင်တမန်က လမ်းမှာ ပိတ်ရပ်ပြီး တားတယ်။
၂၃ ဓားကိုင်ပြီး ရပ်နေတဲ့ ယေဟောဝါရဲ့ ကောင်းကင်တမန်ကို မြည်းက မြင်တော့ လမ်းဘေးကိုဆင်းပြီး ရှောင်လိုက်တယ်။ ဒါပေမဲ့ ဗာလမ်က မြည်းကိုရိုက်ပြီး လမ်းပေါ်ပြန်တက်ခိုင်းတယ်။
၂၄ ယေဟောဝါရဲ့ ကောင်းကင်တမန်က စပျစ်ခြံနှစ်ခြံရဲ့ ကျောက်တံတိုင်း နှစ်ဖက်ကြား လမ်းကျဉ်းလေးမှာ ပိတ်ရပ်ပြန်တယ်။
၂၅ မြည်းက ယေဟောဝါရဲ့ ကောင်းကင်တမန်ကို မြင်တဲ့အခါ ကျောက်တံတိုင်းဘက်ကို အတင်းတိုးကပ်သွားတော့ ဗာလမ်ရဲ့ခြေထောက်က တံတိုင်းနဲ့ညပ်သွားတယ်။ ဒါကြောင့် မြည်းကို ထပ်ရိုက်တယ်။
၂၆ အဲဒီအခါ ယေဟောဝါရဲ့ ကောင်းကင်တမန်က မြည်းရှေ့ကို ကျော်တက်ပြီး ဘယ်ညာလှည့်စရာမရှိတဲ့ လမ်းကျဉ်းလေးမှာ ပိတ်ရပ်ပြန်တယ်။
၂၇ မြည်းက ယေဟောဝါရဲ့ ကောင်းကင်တမန်ကို မြင်တော့ ဝပ်ချလိုက်တယ်။ ဗာလမ်လည်း အရမ်းစိတ်ဆိုးလာပြီး မြည်းကို တရစပ်ရိုက်တယ်။
၂၈ နောက်ဆုံးတော့ ယေဟောဝါက မြည်းကို စကားပြောနိုင်အောင် လုပ်ပေးလိုက်တဲ့အခါ+ မြည်းက “ငါဘာအမှားလုပ်မိလို့ သုံးခါတောင် ရိုက်ရတာလဲ”+ ဆိုပြီး မေးတယ်။
၂၉ ဗာလမ်က “မင်း ငါ့ကို အရူးလုပ်တာကိုး။ ငါ့လက်ထဲမှာ ဓားသာရှိလို့ကတော့ မင်းကို သတ်လိုက်ပြီ” လို့ကြိမ်းတယ်။
၃၀ မြည်းကလည်း “ငါ့ကို တစ်သက်လုံး စီးလာခဲ့တာပဲ။ အခုလို လုပ်ဖူးလို့လား” လို့မေးတော့ ဗာလမ်က “မလုပ်ဖူးဘူး” ဆိုပြီး ပြန်ပြောတယ်။
၃၁ ယေဟောဝါက ဗာလမ်ရဲ့မျက်စိကို ဖွင့်ပေးတဲ့အခါ+ ဓားကိုင်ပြီး လမ်းပေါ်ရပ်နေတဲ့ ယေဟောဝါရဲ့ ကောင်းကင်တမန်ကို သူတွေ့သွားတယ်။ ဒါနဲ့ ချက်ချင်းပဲ မြေပေါ်ပျပ်ဝပ်လိုက်တယ်။
၃၂ ယေဟောဝါရဲ့ ကောင်းကင်တမန်က “မြည်းကို ဘာလို့ သုံးခါတောင် ရိုက်ရတာလဲ။ ခင်ဗျားသွားတဲ့လမ်းက ကျုပ်အလိုနဲ့ လားလားကြီးဆန့်ကျင်နေလို့ ခင်ဗျားကိုတားဖို့ ကျုပ်ကိုယ်တိုင် ထွက်လာတာ။+
၃၃ မြည်းက ကျုပ်ကိုမြင်ပြီး ရှောင်သွားဖို့ သုံးကြိမ်ကြိုးစားခဲ့တယ်။+ သူသာမရှောင်ရင် အခုလောက်ဆို ခင်ဗျားကို ကျုပ်သတ်ပြီးပြီ။ သူ့ကိုတော့ အသက်ချမ်းသာပေးလိုက်မှာ” လို့ပြောတယ်။
၃၄ ဗာလမ်က ယေဟောဝါရဲ့ ကောင်းကင်တမန်ကို “ကျွန်တော် မှားပါပြီ။ ကျွန်တော်နဲ့တွေ့ဖို့ အရှင် လမ်းမှာရပ်နေမှန်း မသိလို့ပါ။ အရှင် မသွားစေချင်ဘူးဆိုရင် ကျွန်တော် ပြန်လှည့်ပါ့မယ်” ဆိုပြီး ပြောတယ်။
၃၅ ယေဟောဝါရဲ့ ကောင်းကင်တမန်က “သူတို့နဲ့ လိုက်သွားပါ။ ဒါပေမဲ့ ကျုပ်ပြောခိုင်းတာကိုပဲ ပြောရမယ်” လို့ မှာတယ်။ ဗာလမ်လည်း ဗာလက်မင်းရဲ့ မှူးမတ်တွေနဲ့အတူ လိုက်သွားတယ်။
၃၆ ဗာလမ် လာနေပြီဆိုတာကို ကြားတော့ ဗာလက်မင်းက နယ်စပ်မှာရှိတဲ့ အာနုန်သဲချောင်းရဲ့ ကမ်းနားပေါ်က မောဘမြို့တစ်မြို့မှာ ချက်ချင်း လာကြိုတယ်။
၃၇ ပြီးတော့ “မင်းကို ငါအခေါ်လွှတ်လိုက်တာပဲ။ ငါ့ဆီ ဘာလို့မလာတာလဲ။ မင်းကို ထိုက်ထိုက်တန်တန် ချီးမြှင့်ဖို့ မတတ်နိုင်ဘူး ထင်နေတာလား”+ ဆိုပြီးပြောတယ်။
၃၈ ဗာလမ်က “အခု၊ မင်းကြီးဆီ ကျွန်တော်ရောက်လာပြီ။ ဒါပေမဲ့ ကျွန်တော့်မှာ ဘာမှပြောပိုင်ခွင့်မရှိဘူး။ ဘုရားသခင်ပြောခိုင်းတာကိုပဲ ပြောရမှာပါ”+ ဆိုပြီးပြောတယ်။
၃၉ ဒီလိုနဲ့ ဗာလမ်က ဗာလက်မင်းနဲ့အတူ လိုက်သွားပြီး ကိရယဟုဇုတ်အရပ်ကို ရောက်လာတယ်။
၄၀ ဗာလက်မင်းက သိုးနွားတွေ ပူဇော်ပြီး အသားတချို့ကို ဗာလမ်နဲ့ မှူးမတ်တွေဆီ ပို့ပေးတယ်။
၄၁ မနက်ရောက်တော့ ဗာလမ်ကို ခေါ်ပြီး ဗာမုတ်ဗာလမြို့ကို တက်သွားတယ်။ အဲဒီကနေလှမ်းကြည့်ရင် အစ္စရေးတစ်မျိုးလုံးကို မြင်ရတယ်။+
အောက်ခြေမှတ်ချက်များ
^ ယူဖရေးတီးမြစ်။