တောလည်ရာ ၃၀:၁-၁၆
၃၀ အဲဒီနောက် မောရှေက အစ္စရေး မျိုးနွယ်စုခေါင်းဆောင်တွေကို+ ပြောတယ်။ “ယေဟောဝါဘုရား မိန့်မှာတဲ့ စကားတွေကတော့–
၂ လူတစ်ယောက်က ယေဟောဝါကို သစ္စာကတိပြုတယ်၊+ တစ်ခုခုကို ရှောင်ကြဉ်မယ်လို့ သစ္စာဆိုတယ်ဆိုရင်+ အဲဒီ သစ္စာကတိအတိုင်း လုပ်ရမယ်။+
၃ “ဖခင်အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ သမီးပျိုတစ်ယောက်က ယေဟောဝါကို သစ္စာကတိပြုတယ်၊ တစ်ခုခုကို ရှောင်ကြဉ်မယ်လို့ သစ္စာဆိုတယ် ဆိုပါစို့။
၄ အဲဒါကို ဖခင်ကြားပြီး မကန့်ကွက်ရင် သူ့သစ္စာကတိတွေ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေ အတည်ဖြစ်လိမ့်မယ်။
၅ ဖခင်ကန့်ကွက်ရင်တော့ အတည်မဖြစ်ဘူး။ ဖခင် ကန့်ကွက်တာဖြစ်လို့ ယေဟောဝါ ခွင့်လွှတ်လိမ့်မယ်။+
၆ “ဒါပေမဲ့ သူက သစ္စာကတိပြုပြီး ဒါမှမဟုတ် အလျင်စလို ကတိပေးပြီးနောက်မှ အိမ်ထောင်ကျသွားတယ် ဆိုပါစို့။
၇ အဲဒီအကြောင်းကို သူ့ယောက်ျား ကြားပြီး အဲဒီနေ့မှာ မကန့်ကွက်ရင် သူ့သစ္စာကတိတွေ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေ အတည်ဖြစ်လိမ့်မယ်။
၈ အဲဒီနေ့မှာ ယောက်ျား ကန့်ကွက်ရင်တော့ သူ့သစ္စာကတိ၊ အလျင်စလိုပေးတဲ့ ကတိကို ယောက်ျားက ဖျက်လို့ရတယ်။+ သူ့ကို ယေဟောဝါ ခွင့်လွှတ်လိမ့်မယ်။
၉ “မုဆိုးမ ဒါမှမဟုတ် တစ်ခုလပ်မိန်းမဆိုရင်တော့ သစ္စာကတိအတိုင်း လုပ်ရမယ်။
၁၀ “လင်ယောက်ျားရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ မိန်းမက သစ္စာကတိပြုတယ်၊ တစ်ခုခုကို ရှောင်ကြဉ်မယ်လို့ သစ္စာဆိုတယ် ဆိုပါစို့။
၁၁ အဲဒါကို သူ့ယောက်ျားက ကြားပြီး မကန့်ကွက်ဘဲ သဘောတူတယ်ဆိုရင် သူ့သစ္စာကတိတွေ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေ အတည်ဖြစ်လိမ့်မယ်။
၁၂ ယောက်ျားက ကြားတဲ့နေ့မှာ ပယ်ဖျက်လိုက်ပြီဆိုရင်တော့ အတည်မဖြစ်ဘူး။+ ယောက်ျား ပယ်ဖျက်တာဖြစ်လို့ သူ့ကို ယေဟောဝါ ခွင့်လွှတ်လိမ့်မယ်။
၁၃ သစ္စာကတိ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်မှန်သမျှကို လင်ယောက်ျားက အတည်ပြုခွင့်၊ ပယ်ဖျက်ခွင့်ရှိတယ်။
၁၄ အချိန်တွေ ကုန်လွန်သွားပေမဲ့ လင်ယောက်ျားက မကန့်ကွက်ရင်တော့ သူ့သစ္စာကတိတွေ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေကို အတည်ပြုရာရောက်တယ်။ ယောက်ျားက ကြားတဲ့နေ့မှာ မကန့်ကွက်တဲ့အတွက် အတည်ပြုရာရောက်တယ်။
၁၅ လင်ယောက်ျားက ကြားပေမဲ့ ရက်အတော်ကြာမှ ပယ်ဖျက်တယ်ဆိုရင်တော့ ယောက်ျားကပဲ ပြစ်ဒဏ်ခံရမယ်။+
၁၆ “ဒါတွေဟာ လင်ယောက်ျားရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ မိန်းမ၊ ဖခင်အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ သမီးပျိုတို့ သစ္စာကတိပြုတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းတွေ၊ မောရှေကတစ်ဆင့် ယေဟောဝါ မိန့်မှာတဲ့ စည်းမျဉ်းတွေပဲ။”