ထွက်မြောက်ရာ ၁၁:၁-၁၀
၁၁ ယေဟောဝါက မောရှေကို “ဖာရောနဲ့ အီဂျစ်ပြည်ပေါ် နောက်ကပ်ဘေးတစ်ခု ငါကျရောက်စေဦးမယ်။ အဲဒီနောက် ဖာရောက မင်းတို့ကို လွှတ်ပေးလိမ့်မယ်။+ ဒီပြည်ကနေ နှင်ထုတ်လိမ့်မယ်။+
၂ ဒါကြောင့် ယောက်ျားမိန်းမတွေကို အိမ်နီးချင်းတွေဆီကနေ ရွှေထည်ငွေထည်တွေ တောင်းခိုင်းပါ”+ လို့ပြောတယ်။
၃ ယေဟောဝါက အစ္စရေးလူမျိုးကို အီဂျစ်တွေရှေ့မှာ မျက်နှာသာရစေတယ်။ အီဂျစ်ပြည်မှာရှိတဲ့ မင်းမှုထမ်းတွေ၊ လူတွေက မောရှေကို လေးစားလာကြတယ်။
၄ မောရှေက “ယေဟောဝါ ပြောတယ်– ‘ညသန်းခေါင်ကျရင် အီဂျစ်ပြည်ကို ငါဖြတ်သွားမယ်။+
၅ နန်းထိုင်နေတဲ့ ဖာရောရဲ့သားဦးကနေ ကြိတ်ဆုံကြိတ်တဲ့ ကျွန်မရဲ့သားဦးအထိ၊ တိရစ္ဆာန်တွေရဲ့ သားဦးပါမကျန်+ အီဂျစ်ပြည်မှာရှိတဲ့ သားဦးမှန်သမျှ သေရမယ်။+
၆ အီဂျစ်တစ်ပြည်လုံးမှာ အကြီးအကျယ် ငိုကြွေးကြလိမ့်မယ်။ ဒီလိုအဖြစ်မျိုး အရင်တုန်းက မရှိခဲ့ဖူးသလို နောင်လည်း ရှိမှာမဟုတ်ဘူး။+
၇ အီဂျစ်တွေနဲ့ အစ္စရေးတွေကို ယေဟောဝါ သီးခြားခွဲထားနိုင်မှန်းသိစေဖို့ အစ္စရေးတွေနဲ့ သူတို့ရဲ့တိရစ္ဆာန်တွေကို ခွေးတောင် ဟောင်ရဲမှာ မဟုတ်ဘူး။’+
၈ ဒါကြောင့် မင်းမှုထမ်းအားလုံး ကျွန်တော့်ဆီ လာပျပ်ဝပ်ပြီး ‘ခင်ဗျားနဲ့ ခင်ဗျားလူတွေ ထွက်သွားကြပါတော့’ လို့ပြောရလိမ့်မယ်။+ အဲဒီအခါကျမှ ကျွန်တော် ထွက်သွားမယ်” လို့ပြောပြီး ဖာရောရှေ့ကနေ စိတ်ဆိုးဆိုးနဲ့ ထွက်သွားတယ်။
၉ ယေဟောဝါက မောရှေကို “မင်းတို့စကားကို ဖာရောနားထောင်မှာ မဟုတ်ဘူး။+ ဒီတော့ အီဂျစ်ပြည်မှာ အံ့ဖွယ်အမှုတွေ အများကြီး ငါပြရတာပေါ့”+ လို့ပြောတယ်။
၁၀ မောရှေနဲ့အာရုန်က အံ့ဖွယ်အမှုတွေ လုပ်ပြတာတောင်+ အစ္စရေးတွေကို တိုင်းပြည်ကနေ ဖာရော မလွှတ်ပေးသေးဘူး။ ဖာရော ခေါင်းမာတာကို ယေဟောဝါ ခွင့်ပြုတယ်။+