ထွက်မြောက်ရာ ၁၆:၁-၃၆

  • အစာအတွက် ပြစ်တင်ညည်းညူ (၁-၃)

  • ပြစ်တင်ညည်းညူတာကို ယေဟောဝါ ကြား (၄-၁၂)

  • ငုံးနဲ့ မန္နမုန့် ကျွေး (၁၃-၂၁)

  • ဥပုသ်နေ့မှာ မန္နမုန့် မကျ (၂၂-၃၀)

  • မန္နမုန့်ကို သတိပေးချက်အဖြစ် သိမ်းထား (၃၁-၃၆)

၁၆  အစ္စရေးအားလုံး ဧလိမ်အရပ်ကနေ ထွက်ခွာသွားကြတယ်။ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် ဒုတိယလ၊ ၁၅ ရက်နေ့မှာ ဧလိမ်အရပ်နဲ့ ဆိုင်းနိုင်းတောကန္တာရကြား သိန်တောကန္တာရကို ရောက်လာတယ်။+ ၂  အဲဒီတောကန္တာရမှာ အစ္စရေးတွေက မောရှေနဲ့ အာရုန်ကို ပြစ်တင်ညည်းညူကြတယ်။+ ၃  “အီဂျစ်ပြည်မှာ ယေဟောဝါဘုရားရဲ့ လက်ချက်နဲ့ သေခဲ့ရင်တောင် ကောင်းဦးမယ်။ အဲဒီတုန်းက အသားအိုးနား ထိုင်ပြီး အသားနဲ့မုန့်တွေ အဝစားရသေးတယ်။+ အခုတော့ ခင်ဗျားတို့ခေါ်လာလို့ ဒီလူတစ်စုလုံး တောထဲမှာ ငတ်ပြတ်ပြီးသေတော့မယ်”+ လို့မကျေမနပ် ပြောနေကြတယ်။ ၄  အဲဒီအခါ ယေဟောဝါက “အခု၊ ကောင်းကင်ကနေ မုန့်ချပေးမယ်။+ လူတိုင်း တစ်နေ့စာ စားနိုင်သလောက် ကောက်ရမယ်။+ ငါ့ပညတ်အတိုင်း လိုက်မလိုက် ဒီနည်းနဲ့ သူတို့ကို ငါစမ်းသပ်မယ်။+ ၅  ခြောက်ရက်မြောက်နေ့မှာတော့+ ခါတိုင်းနေ့တွေထက် မုန့်ကို နှစ်ဆပိုကောက်ပြီး ပြင်ဆင်ရမယ်”+ လို့မောရှေကို ပြောတယ်။ ၆  မောရှေနဲ့ အာရုန်က “အီဂျစ်ပြည်ကနေ ခင်ဗျားတို့ကို ခေါ်ထုတ်လာတဲ့အရှင်ဟာ ယေဟောဝါပဲဆိုတာ ညဦးပိုင်းကျရင် သိရလိမ့်မယ်။+ ၇  မနက်ကျရင်လည်း ယေဟောဝါဘုရားရဲ့ ဘုန်းအသရေကို မြင်ရမယ်။ ခင်ဗျားတို့ ပြစ်တင်ညည်းညူနေတာကို ယေဟောဝါကြားတယ်။ ကျွန်တော်တို့ကို ပြစ်တင်ညည်းညူနေရအောင် ကျွန်တော်တို့က ဘယ်သူတွေမို့လို့လဲ” ဆိုပြီး အစ္စရေးတွေကို ပြောတယ်။ ၈  ပြီးတော့ မောရှေက “ညဦးပိုင်းအတွက် အသား၊ မနက်ပိုင်းအတွက် မုန့်ကို အဝစားဖို့ ယေဟောဝါ ပေးမယ်။ ခင်ဗျားတို့ရဲ့ ပြစ်တင်ညည်းညူသံကို ယေဟောဝါကြားပြီ။ ကျွန်တော်တို့က ဘယ်သူတွေမို့လို့လဲ။ တကယ်တော့ ခင်ဗျားတို့က ကျွန်တော်တို့ကို မဟုတ်ဘဲ ယေဟောဝါကို ပြစ်တင်ညည်းညူနေကြတာ”+ လို့ဆက်ပြောတယ်။ ၉  မောရှေက “‘ယေဟောဝါဘုရားရှေ့ လာကြ။ ခင်ဗျားတို့ညည်းညူတာကို ကိုယ်တော်ကြားပြီ’+ ဆိုပြီး အစ္စရေးလူတွေကို ပြောလိုက်ပါ” လို့ အာရုန်ကို ပြောတယ်။ ၁၀  အာရုန်က အစ္စရေးလူတွေကို ပြောပြီးတာနဲ့ တောကန္တာရဘက်ကို သူတို့လှမ်းကြည့်တဲ့အခါ ယေဟောဝါရဲ့ဘုန်းအသရေ မိုးတိမ်မှာ ထင်ရှားတာကို တွေ့လိုက်ရတယ်။+ ၁၁  ယေဟောဝါက မောရှေကို၊ ၁၂  “အစ္စရေးတွေ ညည်းညူတာကို ငါကြားပြီ။+ သူတို့ကို ပြောလိုက်– ‘နေဝင်ချိန်မှာ မင်းတို့ အသားစားရမယ်။ မနက်ကျရင်လည်း မုန့်အဝစားရမယ်။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲဆိုတာ သိစေရမယ်”+ လို့ပြောတယ်။ ၁၃  ညဦးပိုင်းမှာ ငုံးတွေရောက်လာလိုက်တာ စခန်းတစ်ခုလုံး ပြည့်သွားတယ်။+ မိုးလင်းတော့ စခန်းပတ်လည်မှာ နှင်းတွေဖုံးနေတယ်။ ၁၄  နှင်းတွေ အငွေ့ပြန်သွားတဲ့အခါ မြေပြင်ပေါ်မှာ နှင်းပွင့်လို မွမွလေးဖြစ်နေတဲ့ အစေ့လေးတွေ ကျန်ခဲ့တယ်။+ ၁၅  ဒါကို အစ္စရေးတွေ မြင်တဲ့အခါ ဘာမှန်းမသိတော့ “ဘာတွေလဲ” လို့ အချင်းချင်း မေးကြတယ်။ မောရှေက “ခင်ဗျားတို့စားဖို့ ယေဟောဝါဘုရားပေးတဲ့ မုန့်ပဲ။+ ၁၆  ‘လူတိုင်း စားနိုင်သလောက် ကောက်ကြ။ တဲမှာနေတဲ့ လူဦးရေအလိုက် တစ်ယောက်ကို တစ်ဩမဲ*+စီ ကောက်ကြ’ လို့ ယေဟောဝါမိန့်မှာတယ်” ဆိုပြီး ပြောတယ်။ ၁၇  အစ္စရေးတွေလည်း မှာတဲ့အတိုင်း လုပ်ကြတယ်။ များများကောက်တဲ့သူလည်း ရှိတယ်။ နည်းနည်းကောက်တဲ့သူလည်း ရှိတယ်။ ၁၈  ဩမဲတောင်းနဲ့ ခြင်တွယ်ပြီး ယူတဲ့အခါ များများကောက်တဲ့ သူလည်း မပို၊ နည်းနည်းကောက်တဲ့သူလည်း မလိုအောင် ရကြတယ်။+ လူတိုင်း စားနိုင်သလောက် ကောက်ကြတယ်။ ၁၉  မောရှေက “မုန့်ကို မနက်အထိ မချန်ထားနဲ့” လို့ပြောတယ်။+ ၂၀  ဒါပေမဲ့ တချို့က နားမထောင်ဘဲ မနက်အထိ ချန်ထားတဲ့အခါ ပိုးထိုးပြီး ပုပ်စော်နံလာတယ်။ ဒါကြောင့် မောရှေ အရမ်းစိတ်ဆိုးတယ်။ ၂၁  မနက်တိုင်း စားနိုင်သလောက် ကောက်ကြတယ်။ နေပြင်းလာတဲ့အခါ မုန့်အရည်ပျော်သွားတယ်။ ၂၂  ခြောက်ရက်မြောက်နေ့မှာ ခါတိုင်းထက် နှစ်ဆ၊+ တစ်ယောက်ကို နှစ်ဩမဲစီ ကောက်ကြတယ်။ ဒီအကြောင်းကို အစ္စရေးခေါင်းဆောင်တွေ လာပြောပြတဲ့အခါ၊ ၂၃  မောရှေက “ယေဟောဝါဘုရား ပြောတယ်– ‘မနက်ဖြန်ဟာ ယေဟောဝါအတွက် မြင့်မြတ်တဲ့ဥပုသ်နေ့၊+ လုံးဝအနားယူရမယ့်နေ့ပဲ။ ဒီတော့ မုန့်ကို ဖုတ်ချင်ရင် ဖုတ်ကြ။ ပြုတ်ချင်ရင် ပြုတ်ကြ။+ ကျန်တာကို မနက်အထိ သိမ်းထားကြ’” လို့ပြောတယ်။ ၂၄  လူတွေက မောရှေပြောတဲ့အတိုင်း မနက်အထိ မုန့်ကိုသိမ်းထားတဲ့အခါ ပုပ်စော်မနံဘူး၊ ပိုးလည်း မထိုးဘူး။ ၂၅  မောရှေက “ဒီနေ့ဟာ ယေဟောဝါဘုရားအတွက် ဥပုသ်နေ့ဖြစ်လို့ ကျန်တဲ့မုန့်ကို ဒီနေ့ စားကြ။ မြေပြင်ပေါ်မှာ မုန့်ကို တွေ့မှာမဟုတ်ဘူး။ ၂၆  ခြောက်ရက်ပတ်လုံး မုန့်ကို ကောက်ရမယ်။ ခုနစ်ရက်မြောက်နေ့ဟာ ဥပုသ်နေ့ဆိုတော့+ ဘာမှတွေ့မှာ မဟုတ်ဘူး” လို့ပြောတယ်။ ၂၇  တချို့က ခုနစ်ရက်မြောက်နေ့မှာ မုန့်ကောက်ဖို့ ထွက်သွားပေမဲ့ ဘာမှ မတွေ့ကြဘူး။ ၂၈  ဒါကြောင့် ယေဟောဝါက မောရှေကို “ငါ့ပညတ်တွေ၊ ဥပဒေတွေကို ဘယ်အချိန်အထိ မလိုက်နာဘဲ နေကြမှာလဲ။+ ၂၉  ယေဟောဝါက မင်းတို့အတွက် ဥပုသ်နေ့ပေးထားတယ်ဆိုတာ သတိရပါဦး။+ ဒါကြောင့် ခြောက်ရက်မြောက်နေ့မှာ မုန့်ကို နှစ်ရက်စာ ပေးထားတာပေါ့။ ခုနစ်ရက်မြောက်နေ့မှာ လူတိုင်း ကိုယ့်နေရာမှာပဲ နေကြ။ ဘယ်မှ မသွားကြနဲ့” လို့ပြောတယ်။ ၃၀  လူတွေလည်း ခုနစ်ရက်မြောက်နေ့မှာ အနားယူကြတယ်။+ ၃၁  အစ္စရေးတွေက အဲဒီမုန့်ကို “မန္နမုန့်”* လို့ခေါ်ကြတယ်။ နံနံစေ့လို အဖြူရောင်သန်းပြီး ပျားရည်နဲ့လုပ်တဲ့ မုန့်ပြားလို အရသာမျိုးရှိတယ်။+ ၃၂  “‘မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတုန်းက တောကန္တာရမှာ ငါကျွေးတဲ့မုန့်ကို လူမျိုးအစဉ်အဆက် မြင်ဖူးတယ်ရှိအောင် မုန့်တစ်ဩမဲစာ သိမ်းထားပါ’+ လို့ယေဟောဝါဘုရား မိန့်မှာတယ်” ဆိုပြီး မောရှေပြောတယ်။ ၃၃  ဒါနဲ့ မောရှေက “အိုးထဲမှာ မန္နမုန့် တစ်ဩမဲထည့်ပြီး ယေဟောဝါရှေ့မှာ ထားပါ။ ဒါကို လူမျိုးအစဉ်အဆက် သိမ်းထားရမယ်”+ လို့အာရုန်ကို ပြောတယ်။ ၃၄  အာရုန်လည်း မောရှေကို ယေဟောဝါ မိန့်မှာတဲ့အတိုင်း အဲဒီအိုးကို သက်သေခံချက်သေတ္တာရှေ့မှာ*+ ချထားတယ်။ ၃၅  အစ္စရေးတွေဟာ လူသူနေထိုင်တဲ့ပြည်ကို မရောက်မချင်း+ နှစ်ပေါင်း ၄၀ လုံးလုံး မန္နမုန့် စားကြတယ်။+ ခါနန်ပြည်နယ်စပ်ကို+ ရောက်တဲ့အထိ စားခဲ့ရတယ်။ ၃၆  တစ်ဩမဲက တစ်ဧဖာရဲ့* ဆယ်ပုံတစ်ပုံရှိတယ်။

အောက်ခြေမှတ်ချက်များ

၂.၂ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
အရေးကြီးစာရွက်စာတမ်းတွေ သိမ်းဆည်းတဲ့သေတ္တာဖြစ်နိုင်။
တစ်ဧဖာက ၂၂ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။