ထွက်မြောက်ရာ ၂:၁-၂၅

  • မောရှေ မွေးလာ (၁-၄)

  • ဖာရောသမီးတော် မောရှေကို မွေးစား (၅-၁၀)

  • မောရှေ မိဒျန်ပြည် ထွက်ပြေး၊ ဇိပေါရကို ထိမ်းမြား (၁၁-၂၂)

  • အစ္စရေးတွေရဲ့ ညည်းတွားသံ ဘုရားကြား (၂၃-၂၅)

 အဲဒီကာလမှာ လေဝိအမျိုးသားတစ်ယောက်ဟာ လေဝိအမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုတယ်။+ ၂  မိန်းမမှာ ကိုယ်ဝန်ရှိလာပြီး သားလေးမွေးတယ်။ သားလေးက သိပ်ချစ်စရာကောင်းတဲ့အတွက် သုံးလဝှက်ထားတယ်။+ ၃  ဝှက်ထားလို့ မရတော့တဲ့အဆုံး+ ပပိုင်းရပ်ကျူနဲ့* ရက်ပြီး ကတ္တရာစေးသုတ်ထားတဲ့ ခြင်းတောင်းထဲ ကလေးကို ထည့်တယ်။ အဲဒီတောင်းကို နိုင်းမြစ်ကမ်းနားက ကျူပင်တွေကြားမှာ ထားလိုက်တယ်။ ၄  ကလေးရဲ့အစ်မက+ ခပ်လှမ်းလှမ်းကနေ အခြေအနေကို စောင့်ကြည့်နေတယ်။ ၅  ဖာရောရဲ့သမီးတော်က နိုင်းမြစ်မှာ ရေချိုးဖို့ ဆင်းလာတယ်။ အခြွေအရံတွေလည်း မြစ်ကမ်းနားမှာ လမ်းလျှောက်နေကြတယ်။ သမီးတော်ဟာ ကျူပင်တွေကြားက ခြင်းတောင်းကို တွေ့သွားပြီး ချက်ချင်းပဲ အစေခံမလေးကို သွားယူခိုင်းတယ်။+ ၆  တောင်းကို ဖွင့်ကြည့်လိုက်တော့ ငိုနေတဲ့ကလေးကို တွေ့တဲ့အခါ “ဒါ ဟီဘရူးတွေရဲ့ကလေးပဲ” လို့ပြောတယ်။ ဒါပေမဲ့ ကလေးကို သနားသွားတယ်။ ၇  အဲဒီအချိန်မှာ ကလေးရဲ့အစ်မက “ဟီဘရူးကလေးထိန်းတစ်ယောက် သွားခေါ်ပေးရမလား” လို့မေးလိုက်တယ်။ ၈  သမီးတော်က “သွားခေါ်ခဲ့” လို့ပြောတော့ ချက်ချင်းပဲ ကလေးရဲ့အမေကို ခေါ်လာပေးတယ်။+ ၉  သမီးတော်က “ဒီကလေးကို ခေါ်သွားပြီး ထိန်းပေးပါ။ ကလေးထိန်းခကို ငါပေးမယ်” လို့ပြောတယ်။ ဒါနဲ့ ကလေးရဲ့အမေလည်း ခေါ်သွားပြီး ထိန်းပေးတယ်။ ၁၀  ကလေးကြီးပြင်းလာတဲ့အခါ ဖာရောရဲ့သမီးတော်ဆီ ခေါ်သွားတော့ သမီးတော်က သားအဖြစ် မွေးစားလိုက်တယ်။+ “သူ့ကို ရေထဲကနေ ငါဆယ်ယူခဲ့တယ်” ဆိုပြီး မောရှေ* လို့နာမည်ပေးတယ်။+ ၁၁  မောရှေက အရွယ်ရောက်လာတဲ့အခါ သူ့လူမျိုးတွေ ဘယ်လောက် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတယ်ဆိုတာကို သွားကြည့်တယ်။+ အဲဒီအခါ သူ့လူမျိုး ဟီဘရူးတစ်ယောက်ကို အီဂျစ်လူက ရိုက်နေတာ မြင်လိုက်တယ်။ ၁၂  ဒါနဲ့ မောရှေက ဟိုဟိုဒီဒီကြည့်ပြီး ဘယ်သူ့ကိုမှ မတွေ့တဲ့အခါ အီဂျစ်လူကို သတ်ပြီး သဲထဲမှာ မြှုပ်ထားလိုက်တယ်။+ ၁၃  နောက်တစ်ရက်ထပ်သွားတော့ ဟီဘရူးလူနှစ်ယောက် ရန်ဖြစ်နေတာကို တွေ့တယ်။ ဒါနဲ့ သူက “ကိုယ့်လူမျိုးအချင်းချင်း ဘာလို့ရိုက်တာလဲ” ဆိုပြီး မှားတဲ့သူကို မေးတယ်။+ ၁၄  အဲဒီလူက “ခင်ဗျားကို ဘယ်သူက ခေါင်းဆောင်ခန့်ထားလို့လဲ။ ဘယ်သူက တရားသူကြီး လုပ်ခိုင်းလို့လဲ။ အီဂျစ်လူကို သတ်သလို ကျုပ်ကို သတ်ချင်လို့လား” ဆိုပြီးပြန်ပြောတယ်။+ မောရှေလည်း “ဒီကိစ္စကို လူတွေသိကုန်ပြီ” လို့တွေးပြီး ကြောက်လာတယ်။ ၁၅  ဒီသတင်းကို ဖာရောကြားတဲ့အခါ မောရှေကို သတ်ဖို့လုပ်တယ်။ မောရှေလည်း ဖာရောမင်းဆီကနေ ထွက်ပြေးပြီး မိဒျန်ပြည်ကို+ ရောက်သွားတယ်။ အဲဒီကိုရောက်တော့ ရေတွင်းနားမှာ ထိုင်နေတယ်။ ၁၆  မိဒျန်လူမျိုးပုရောဟိတ်မှာ+ သမီးခုနစ်ယောက် ရှိတယ်။ သူတို့က ရေတွင်းကို ရောက်လာပြီး ဖခင်ရဲ့သိုးအုပ်ကို ရေတိုက်ဖို့ ခွက်တွေထဲ ရေဖြည့်ကြတယ်။ ၁၇  အဲဒီအချိန်မှာ ခါတိုင်းလိုပဲ သိုးထိန်းတွေရောက်လာပြီး သူတို့ကို မောင်းထုတ်တယ်။ မောရှေလည်း ထပြီး အမျိုးသမီးတွေဘက်ကနေ ကူညီပေးပြီးနောက် သိုးအုပ်ကို ရေတိုက်တယ်။ ၁၈  အိမ်ပြန်ရောက်တော့ ဖခင်ဖြစ်သူ ရွေလက+ “ဒီနေ့ သမီးတို့အိမ်ပြန်လာတာ စောလှချေလား” လို့မေးတယ်။ ၁၉  သူတို့က “အီဂျစ်လူတစ်ယောက်က+ သမီးတို့ကို သိုးထိန်းတွေလက်ကနေ ကယ်တယ်။ သိုးအုပ်ကို တိုက်ဖို့ ရေလည်း ခပ်ပေးတယ်” ဆိုပြီး ဖြေတယ်။ ၂၀  ရွေလက “ဒါဆို သူဘယ်မှာလဲ။ ဘာလို့ ထားခဲ့တာလဲ။ အဖေတို့နဲ့အတူ စားသောက်ဖို့ သွားခေါ်ချေ” ဆိုပြီး သမီးတွေကို ပြောတယ်။ ၂၁  နောက်ပိုင်း မောရှေက ရွေလဆီမှာနေဖို့ သဘောတူတယ်။ ဒါကြောင့် ရွေလက သမီးဇိပေါရကို+ မောရှေနဲ့ ပေးစားလိုက်တယ်။ ၂၂  ဇိပေါရ သားလေးမွေးတော့ မောရှေက “တိုင်းတစ်ပါးမှာ ငါဧည့်သည် ဖြစ်ပြီ”+ ဆိုပြီး ကလေးကို ဂေရရှုံ*+ လို့နာမည်ပေးတယ်။ ၂၃  အချိန်အတော်ကြာပြီးနောက် အီဂျစ်ဘုရင် သေဆုံးသွားတယ်။+ အစ္စရေးတွေကတော့ ကျွန်ခံနေရလို့ ညည်းတွားငိုကြွေးနေတုန်းပဲ။ သူတို့ရဲ့ညည်းတွားသံဟာ စစ်မှန်တဲ့ဘုရားသခင်ဆီ ရောက်သွားတယ်။+ ၂၄  ဘုရားသခင်က သူတို့ရဲ့ညည်းတွားသံကို ကြားပြီး+ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့နဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကို သတိရတယ်။+ ၂၅  ဒါကြောင့် အစ္စရေးလူတွေရဲ့ အခြေအနေကို အာရုံစိုက်ပြီး ကြည့်ရှုနေတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
အဓိပ္ပာယ်၊ “ဆယ်ယူခံရသူ။”
အဓိပ္ပာယ်၊ “တိုင်းတစ်ပါးမှာ ဧည့်သည်ဖြစ်ပြီ။”