ထွက်မြောက်ရာ ၂၀:၁-၂၆
၂၀ အဲဒီနောက် ဘုရားသခင်က ဒီပညတ်တွေကို ပေးတယ်–+
၂ “ငါဟာ မင်းတို့ကို ကျွန်ခံရာအီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ဘုရားသခင် ယေဟောဝါပဲ။+
၃ ငါကလွဲလို့ တခြားဘုရားတွေကို မကိုး ကွယ်နဲ့။+
၄ “အထက်မိုးကောင်းကင်ပေါ်က၊ အောက်အရပ်မြေကြီးပေါ်က၊ မြေအောက် ရေထဲက အရာတစ်ခုခုနဲ့ ပုံသဏ္ဌာန်တူတာကိုဖြစ်စေ၊ ရုပ်တုကိုဖြစ်စေ မလုပ်နဲ့။+
၅ အဲဒါတွေကို ဦးမချနဲ့။ ဝတ်မပြုနဲ့။+ မင်းတို့ရဲ့ဘုရားသခင် ငါယေဟောဝါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား၊+ ငါ့ကိုမုန်းတဲ့သူဆိုရင် သူ့ရဲ့သားမြေးမြစ်တွေအထိ ဒဏ်ခတ်တဲ့ဘုရား၊
၆ ငါ့ကိုချစ်ပြီး ငါ့ပညတ်တွေကို လိုက်နာသူဆိုရင်တော့ လူမျိုးဆက်တစ်ထောင်အထိ ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရားပဲ။+
၇ “မင်းတို့ရဲ့ဘုရားသခင် ယေဟောဝါရဲ့နာမည်ကို တလွဲမသုံးနဲ့။+ တလွဲသုံးသူကို ယေဟောဝါ အပြစ်မပေးဘဲ မနေဘူး။+
၈ “ဥပုသ်နေ့ဟာ* မြင့်မြတ်တဲ့နေ့ဆိုတာ သတိရပါ။+
၉ ခြောက်ရက်လုံး အလုပ်မှန်သမျှ လုပ်နိုင်တယ်။+
၁၀ ခုနစ်ရက်မြောက်နေ့ကတော့ မင်းတို့ရဲ့ဘုရား ယေဟောဝါအတွက် ဥပုသ်နေ့ပဲ။ ကိုယ်တိုင်နဲ့ သားသမီးတွေရော၊ ကျွန်တွေ၊ ခြံမွေးတိရစ္ဆာန်တွေ၊ ကိုယ့်ဆီလာနေတဲ့ တိုင်းတစ်ပါးသားတွေပါမကျန် အလုပ်မလုပ်ရဘူး။+
၁၁ ယေဟောဝါက ကောင်းကင်၊ မြေကြီး၊ ပင်လယ်နဲ့ရှိသမျှကို ခြောက်ရက်အတွင်း ဖန်ဆင်းပြီး ခုနစ်ရက်မြောက်နေ့မှာ စတင်အနားယူနေတယ်။+ ဒါကြောင့် ဥပုသ်နေ့ကို ယေဟောဝါ ကောင်းချီးပေးပြီး မြင့်မြတ်တဲ့နေ့လို့ သတ်မှတ်ထားတယ်။
၁၂ “မိဘကို ရိုသေပါ။+ ဒါမှသာ ယေဟောဝါဘုရားသခင်ပေးတဲ့ ပြည်မှာ အသက်ရှည်ရှည် နေနိုင်မယ်။+
၁၃ “လူ့အသက် မသတ်နဲ့။+
၁၄ “အိမ်ထောင်ရေး မဖောက်ပြန်နဲ့။+
၁၅ “မခိုးနဲ့။+
၁၆ “တခြားသူအတွက် မဟုတ်မမှန် သက်သေမထွက်ဆိုနဲ့။+
၁၇ “တခြားသူရဲ့အိမ်ကို မတပ်မက်နဲ့။ တခြားသူရဲ့ မိန်းမ၊ ကျွန်၊ နွား၊ မြည်းစသဖြင့် ပိုင်ဆိုင်တာတစ်ခုကိုမှ မတပ်မက်နဲ့။”+
၁၈ အဲဒီအခါ လူအားလုံးက မိုးခြိမ်းသံ၊ တံပိုးမှုတ်သံကို ကြားရပြီး လျှပ်စီးလက်တာ၊ တောင်ကနေ မီးခိုးထွက်တာတွေကို မြင်ရတယ်။ ဒါတွေကို မြင်ရကြားရတဲ့အခါ ကြောက်ရွံ့တုန်လှုပ်ပြီး အဝေးမှာ သွားရပ်နေကြတယ်။+
၁၉ ပြီးတော့ “ကျွန်တော်တို့ကို ခင်ဗျားပဲ ပြောပါ။ နားထောင်ပါ့မယ်။ ဘုရားသခင် မပြောပါစေနဲ့။ သေမှာစိုးလို့ပါ” ဆိုပြီး မောရှေကို ပြောကြတယ်။+
၂၀ မောရှေကလည်း “မကြောက်ပါနဲ့။ စစ်မှန်တဲ့ဘုရားသခင်က ခင်ဗျားတို့ကို စမ်းသပ်ဖို့၊+ သူ့ကို အမြဲကြောက်ရွံ့ပြီး အပြစ်မလုပ်မိစေဖို့+ အခုလို ကြွလာတာပါ” လို့ပြန်ပြောတယ်။
၂၁ လူတွေကတော့ အဝေးမှာပဲ ရပ်နေပေမဲ့ မောရှေက စစ်မှန်တဲ့ဘုရားသခင်ရှိနေတဲ့ တိမ်တိုက်နားကို တိုးသွားတယ်။+
၂၂ အဲဒီအခါ ယေဟောဝါက “အစ္စရေးတွေကို ပြောလိုက်ပါ– ‘ကောင်းကင်ကနေ ငါစကားပြောတာကို မင်းတို့ကိုယ်တိုင် မြင်ရပြီ။+
၂၃ ငွေဘုရား၊ ရွှေဘုရားတွေ မလုပ်နဲ့။ ငါကလွဲလို့ တခြားဘုရားကို မကိုးကွယ်နဲ့။+
၂၄ ငါ့အတွက် ပူဇော်ရာမြေပလ္လင် တည်ရမယ်။ အဲဒီပလ္လင်ပေါ်မှာ မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ၊ သိုးနွားတိရစ္ဆာန်တွေကို ပူဇော်ရမယ်။ ငါ့နာမည်ကိုခေါ်ပြီး ဝတ်ပြုကိုးကွယ်ဖို့ ငါရွေးချယ်ထားတဲ့ နေရာတိုင်းမှာ+ မင်းတို့ဆီ ရောက်လာပြီး ကောင်းချီးပေးမယ်။
၂၅ ငါ့အတွက် ပူဇော်ရာကျောက်ပလ္လင် တည်မယ်ဆိုရင် ထုဆစ်ထားတဲ့ကျောက်နဲ့ မတည်နဲ့။+ စို့သုံးပြီး ထုဆစ်ထားတဲ့ကျောက်နဲ့ တည်တဲ့ပလ္လင်ဟာ ညစ်ညူးတယ်။
၂၆ ပလ္လင်ပေါ်တက်ဖို့ လှေကားတွေ မလုပ်နဲ့။ လှေကားနဲ့တက်ရင် ရှက်စရာအင်္ဂါတွေ ပေါ်မှာစိုးရတယ်။’