ထွက်မြောက်ရာ ၃၄:၁-၃၅

  • ကျောက်ပြားသစ်နှစ်ချပ် ပြင်ဆင် (၁-၄)

  • ယေဟောဝါရဲ့ဘုန်းတော်ကို မောရှေမြင်ရ (၅-၉)

  • ပဋိညာဉ်အကြောင်း အသေးစိတ် ပြန်ပြော (၁၀-၂၈)

  • မောရှေရဲ့မျက်နှာ ရောင်ခြည်ဖြာထွက် (၂၉-၃၅)

၃၄  ယေဟောဝါက မောရှေကို “အရင်ကျောက်ပြားလိုမျိုး ကျောက်ပြားနှစ်ချပ် ထုဆစ်ပါ။+ မင်းခွဲလိုက်တဲ့+ အရင်ကျောက်ပြားတွေပေါ်က စကားတွေအတိုင်း ငါပြန်ရေးပေးမယ်။+ ၂  မင်းက မနက်ကျရင် ဆိုင်းနိုင်းတောင်ထိပ်ပေါ် တက်လာပြီး ငါ့ရှေ့မှာ ရပ်နေရမှာမို့လို့ အသင့်ပြင်ထားပါ။+ ၃  ဘယ်သူ့ကိုမှ မခေါ်လာနဲ့။ တစ်တောင်လုံးမှာ လူမရှိစေနဲ့။ တောင်ခြေမှာလည်း သိုးနွားတွေ မကျောင်းစေနဲ့” လို့မိန့်မှာတယ်။+ ၄  မောရှေလည်း ယေဟောဝါမိန့်မှာတဲ့အတိုင်း အရင်ကျောက်ပြားလိုမျိုး ကျောက်ပြားနှစ်ချပ် ထုဆစ်တယ်။ မနက်စောစောထ၊ ကျောက်ပြားနှစ်ချပ်ကိုကိုင်ပြီး ဆိုင်းနိုင်းတောင်ပေါ် တက်သွားတယ်။ ၅  ယေဟောဝါက တိမ်တိုက်နဲ့ ဆင်းလာတယ်။+ မောရှေအနား လာရပ်ပြီး ယေဟောဝါဆိုတဲ့နာမည်အကြောင်း အသိပေးတယ်။+ ၆  ယေဟောဝါက မောရှေရှေ့မှာ ဖြတ်သွားပြီး “ယေဟောဝါဟာ ကရုဏာရှိပြီး+ သနားစာနာတတ်တဲ့ဘုရား၊+ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး+ ခိုင်မြဲတဲ့မေတ္တာနဲ့+ သစ္စာတရား ကြီးမားတဲ့ဘုရား၊+ ၇  လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား၊+ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေမဲ့+ ပြစ်မှားသူကို ဒဏ်မပေးဘဲမနေတဲ့ဘုရား၊+ ဖခင်ရဲ့အပြစ်အတွက် သားမြေးမြစ်တွေအထိ ဒဏ်ခတ်တဲ့ ဘုရားပဲ”+ လို့ပြောတယ်။ ၈  မောရှေလည်း ချက်ချင်း ဦးညွှတ်ပျပ်ဝပ်လိုက်တယ်။ ၉  ပြီးတော့ “ယေဟောဝါဘုရား၊ ကျွန်တော့်ကို စိတ်နဲ့တွေ့တယ်ဆိုရင် ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးပါ။+ ယေဟောဝါဘုရား၊ ကျွန်တော်တို့ဟာ ခေါင်းမာတဲ့လူမျိုးပါ။+ ဒါပေမဲ့ ကျွန်တော်တို့ကို ကိုယ်တော့်ပိုင်ဆိုင်ရာအဖြစ် လက်ခံပေးပြီး အမှားတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေးပါ”+ လို့ပြောတယ်။ ၁၀  ဘုရားသခင်က “ကောင်းပြီ။ မင်းတို့နဲ့ ငါပဋိညာဉ်ဖွဲ့မယ်။ မြေတစ်ပြင်လုံးမှာရော၊ လူမျိုးအားလုံးရှေ့မှာပါ ငါမပြဖူးသေးတဲ့ အံ့ဖွယ်အမှုတွေကို မင်းတို့ရှေ့မှာ ငါလုပ်ပြမယ်။+ ယေဟောဝါရဲ့ လုပ်ဆောင်မှုကို လူမျိုးအားလုံး မြင်တွေ့ရလိမ့်မယ်။ ထိတ်လန့်အံ့ဩစရာတွေကို မင်းတို့အတွက် ငါလုပ်မယ်။+ ၁၁  “ဒီနေ့ ငါမိန့်မှာတဲ့စကားတွေကို အာရုံစိုက်ကြ။+ အာမောရိ၊ ခါနန်၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့ကို မင်းတို့ရှေ့ကနေ ငါနှင်ထုတ်မယ်။+ ၁၂  မင်းတို့ရောက်မယ့်ပြည်က ပြည်သားတွေနဲ့ မိတ်မဖွဲ့ကြနဲ့။+ မိတ်ဖွဲ့ရင် မင်းတို့အတွက် ထောင်ချောက်ဖြစ်လိမ့်မယ်။+ ၁၃  သူတို့ရဲ့ယဇ်ပလ္လင်တွေကို ဖြိုဖျက်ရမယ်။ ကိုးကွယ်ရာကျောက်တိုင်တွေ၊ ကိုးကွယ်ရာသစ်တိုင်တွေကို* ခုတ်လှဲဖျက်ဆီးရမယ်။+ ၁၄  တခြားဘုရားကို ဦးမချနဲ့။+ ငါယေဟောဝါဟာ ငါတစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရားပဲ။* ငါတစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့အရှင်ပဲ။+ ၁၅  အဲဒီပြည်သားတွေနဲ့ မိတ်မဖွဲ့ကြနဲ့။ သူတို့ရဲ့ဘုရားတွေကို ဝတ်ပြုပြီး* ယဇ်ပူဇော်တဲ့အခါ+ မင်းတို့ကို ဖိတ်ခေါ်လိမ့်မယ်။ အဲဒီအခါ ယဇ်ပူဇော်ထားတာတွေကို စားမိလိမ့်မယ်။+ ၁၆  ဒီလိုနဲ့ ကိုယ့်သားတွေကို သူတို့ရဲ့သမီးတွေနဲ့ ပေးစားမိလိမ့်မယ်။+ သူတို့ရဲ့သမီးတွေက နတ်ဘုရားတွေကိုဝတ်ပြုတဲ့အခါ မင်းတို့ရဲ့သားတွေကိုလည်း ဝတ်ပြုခိုင်းလိမ့်မယ်။+ ၁၇  “ဘုရားရုပ်တုတွေ သွန်းလုပ်ပြီး မကိုးကွယ်နဲ့။+ ၁၈  “တဆေးမဲ့မုန့်ပွဲတော်ကို ကျင်းပရမယ်။+ မင်းတို့က အဗိဗလ* မှာ အီဂျစ်ပြည်ကနေ ထွက်လာတဲ့အတွက် အဲဒီလ၊ သတ်မှတ်ထားတဲ့ရက်ရောက်ရင် ငါမိန့်မှာထားတဲ့အတိုင်း ခုနစ်ရက်လုံး တဆေးမဲ့မုန့်ကို စားရမယ်။+ ၁၉  “သားဦးယောက်ျားမှန်သမျှ ငါပိုင်တယ်။+ သိုးနွားတိရစ္ဆာန်သားဦးတွေကိုလည်း ငါပိုင်တယ်။+ ၂၀  ဦးဆုံးမွေးတဲ့မြည်းကို သိုးတစ်ကောင်နဲ့ ရွေးယူရမယ်။ မရွေးယူဘူးဆိုရင် မြည်းရဲ့လည်ပင်းကို ချိုးပစ်ရမယ်။ မင်းတို့ရဲ့သားဦးမှန်သမျှကိုလည်း ပြန်ရွေးယူရမယ်။+ ငါ့ဆီ ဘယ်သူမှ လက်ဗလာနဲ့ မလာရဘူး။ ၂၁  “ခြောက်ရက်လုံး အလုပ်လုပ်ပြီး ခုနစ်ရက်မြောက်နေ့မှာ အနားယူရမယ်။+ ထွန်ယက်ချိန်၊ ရိတ်သိမ်းချိန်ဖြစ်နေရင်တောင် အနားယူရမယ်။ ၂၂  “သီးဦးသီးဖျား ဂျုံစပါးအမှည့်တွေကို ပူဇော်ဖို့ ခုနစ်သီတင်းပွဲတော် ကျင်းပရမယ်။ နှစ်ကုန်ပိုင်းမှာ စုသိမ်းပွဲတော်* ကိုလည်း ကျင်းပရမယ်။+ ၂၃  “ယောက်ျားတိုင်း အစ္စရေးတို့ရဲ့ဘုရား၊ စစ်မှန်တဲ့သခင် ယေဟောဝါရှေ့ တစ်နှစ်သုံးကြိမ် လာရမယ်။+ ၂၄  တခြားလူမျိုးတွေကို မင်းတို့ရှေ့ကနေ ငါနှင်ထုတ်ပြီး+ မင်းတို့ရဲ့နယ်မြေကို ကျယ်ဝန်းစေမယ်။ ယေဟောဝါဘုရားရှေ့ကို တစ်နှစ်သုံးကြိမ် သွားနေချိန်မှာ မင်းတို့ရဲ့ပြည်ကို ဘယ်သူမှ လာသိမ်းမှာမဟုတ်ဘူး။ ၂၅  “ပူဇော်သက္ကာရဲ့သွေးကို တဆေးပါတဲ့မုန့်နဲ့ရောပြီး မပူဇော်ရဘူး။+ ပသခါပူဇော်သက္ကာကို နောက်နေ့မနက်အထိ မချန်ထားရဘူး။+ ၂၆  “မင်းတို့မြေကထွက်တဲ့ အကောင်းဆုံး သီးဦးသီးဖျားအမှည့်တွေကို ယေဟောဝါဘုရားသခင်ရဲ့အိမ်တော်ဆီ ယူလာရမယ်။+ “ဆိတ်ကလေးကို မိခင်နို့ရည်နဲ့ မချက်ပြုတ်ရဘူး။”+ ၂၇  “ဒီစကားတွေကို ရေးမှတ်ထားပါ။+ ဒီမှာပါတဲ့အတိုင်း မင်းနဲ့ရော အစ္စရေးလူမျိုးနဲ့ပါ ငါပဋိညာဉ်ဖွဲ့မယ်”+ ဆိုပြီး ယေဟောဝါက မောရှေကို ပြောတယ်။ ၂၈  မောရှေလည်း ရက်ပေါင်း ၄၀ လုံး မစားမသောက်ဘဲ ယေဟောဝါနဲ့အတူ တောင်ပေါ်မှာ ရှိနေတယ်။+ ဘုရားသခင်က ပဋိညာဉ်စကားတွေဖြစ်တဲ့ ပညတ်တော်ဆယ်ပါးကို ကျောက်ပြားတွေပေါ် ရေးပေးတယ်။+ ၂၉  မောရှေဟာ သက်သေခံချက် ကျောက်ပြားနှစ်ချပ်ကို ကိုင်ပြီး ဆိုင်းနိုင်းတောင်ပေါ်ကနေ ဆင်းလာတယ်။+ ဘုရားသခင်နဲ့ စကားပြောခဲ့တဲ့အတွက် သူ့မျက်နှာမှာ ရောင်ခြည်ဖြာထွက်နေတာကို သူမသိဘူး။ ၃၀  မောရှေရဲ့မျက်နှာမှာ ရောင်ခြည်ဖြာထွက်နေတာကို အာရုန်နဲ့ အစ္စရေးတွေ မြင်ပြီး အနားမကပ်ရဲကြဘူး။+ ၃၁  မောရှေက အာရုန်နဲ့ မျိုးနွယ်စုခေါင်းဆောင်တွေကို ခေါ်လိုက်တဲ့အခါ သူတို့ရောက်လာတယ်။ မောရှေလည်း သူတို့ကို စကားပြောတယ်။ ၃၂  အစ္စရေးအားလုံး အနားရောက်လာတဲ့အခါ မောရှေက ဆိုင်းနိုင်းတောင်ပေါ်မှာ ယေဟောဝါပေးတဲ့ ပညတ်တွေအကြောင်း ပြန်ပြောပြတယ်။+ ၃၃  သူတို့နဲ့ စကားပြောပြီးတဲ့အခါ သူ့မျက်နှာကို ဖုံးထားလိုက်တယ်။+ ၃၄  ဒါပေမဲ့ ယေဟောဝါနဲ့စကားပြောဖို့ တဲတော်ထဲ ဝင်သွားတဲ့အခါ မျက်နှာဖုံးကို ချွတ်လိုက်တယ်။+ အဲဒီနောက် ပြန်ထွက်လာပြီး ဘုရားမိန့်မှာသမျှ အစ္စရေးတွေကို ပြန်ပြောပြတယ်။+ ၃၅  မောရှေရဲ့မျက်နှာမှာ ရောင်ခြည်ဖြာထွက်တာကို အစ္စရေးတွေ မြင်ကြတယ်။ မောရှေက ဘုရားသခင်နဲ့စကားပြောဖို့ တဲတော်ထဲ မဝင်မချင်း မျက်နှာကို ဖုံးထားတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “ပြိုင်ဖက်မထားတဲ့ ဘုရား။”
မူရင်းမှာ ပြည့်တန်ဆာလုပ်တာနဲ့ တင်စားထားတယ်။
တဲနေပွဲလို့လည်းခေါ်။