ထွက်မြောက်ရာ ၃၅:၁-၃၅

  • ဥပုသ်နေ့အတွက် ညွှန်ကြားချက် (၁-၃)

  • တဲတော်အတွက် အလှူ (၄-၂၉)

  • ဗေဇလေလနဲ့ အဟောလျဘ စွမ်းအားတော်နဲ့ပြည့် (၃၀-၃၅)

၃၅  မောရှေက အစ္စရေးလူစုကြီးကို စုရုံးခိုင်းတယ်။ ပြီးတော့ “ခင်ဗျားတို့ကို ယေဟောဝါဘုရား မိန့်မှာတယ်–+ ၂  ခြောက်ရက်လုံး အလုပ်လုပ်နိုင်တယ်။ ခုနစ်ရက်မြောက်နေ့ကတော့ မြင့်မြတ်တဲ့နေ့၊ ယေဟောဝါအတွက် အပြည့်အဝအနားယူရမယ့် ဥပုသ်နေ့ပဲ။+ ဥပုသ်နေ့မှာ အလုပ်လုပ်သူတိုင်း သေဒဏ်ခံရမယ်။+ ၃  ဥပုသ်နေ့ရောက်ရင် အိမ်မှာ မီးမမွှေးရဘူး” လို့ပြောတယ်။ ၄  မောရှေက အစ္စရေးတွေကို ပြောတယ်– “ယေဟောဝါဘုရား မိန့်မှာတာကတော့၊ ၅  ‘ယေဟောဝါအတွက် အလှူပစ္စည်းကို ဖယ်ထားကြ။+ စေတနာထက်သန်သူတိုင်း+ ယေဟောဝါအတွက် ရွှေ၊ ငွေ၊ ကြေးနီ၊ ၆  အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချော၊ ဆိတ်မွေး၊+ ၇  အနီရောင်ဆိုးထားတဲ့ သိုးထီးသားရေ၊ ဖျံသားရေ၊ ရှားသား၊ ၈  မီးခွက်ထွန်းဖို့ဆီ၊ ဘိသိက်ဆီနဲ့နံ့သာပေါင်း ဖော်စပ်ဖို့ ဗာလစံဆီ၊+ ၉  မဟူရာကြောင်ဝင်ကျောက်၊ သင်တိုင်းနဲ့ရင်ဖုံးမှာ+ စီခြယ်ဖို့ တခြားကျောက်မျက်တွေစတဲ့+ အလှူပစ္စည်းတွေကို ယူလာကြပါ။ ၁၀  “‘မင်းတို့ထဲက လက်မှုပညာသည်တွေ+ လာပြီး ယေဟောဝါဘုရား မိန့်မှာထားတဲ့ ပစ္စည်းတွေကို လုပ်ကြပါ။ ၁၁  အဲဒီပစ္စည်းတွေကတော့ တဲတော်နဲ့ တဲတော်အမိုးအကာတွေ၊ ချိတ်၊ ကျည်းဘောင်၊ သစ်သားတန်း၊ တိုင်၊ အောက်ခံခုံ၊ ၁၂  သေတ္တာနဲ့+ ထမ်းပိုး၊+ သေတ္တာအဖုံး၊+ ကန့်လန့်ကာ၊+ ၁၃  စားပွဲနဲ့+ ထမ်းပိုး၊ စားပွဲအသုံးအဆောင်၊ ရှေ့တော်မုန့်၊+ ၁၄  ဆီမီးတိုင်နဲ့+ ဆီမီးတိုင်အသုံးအဆောင်၊ မီးခွက်၊ မီးထွန်းဖို့ဆီ၊+ ၁၅  နံ့သာပေါင်းပလ္လင်နဲ့+ ထမ်းပိုး၊ ဘိသိက်ဆီ၊ နံ့သာပေါင်း၊+ တဲတော်ဝင်းရဲ့ ဝင်ပေါက်လိုက်ကာ၊ ၁၆  မီးရှို့ပူဇော်ရာပလ္လင်၊+ ပလ္လင်ရဲ့ကြေးနီဆန်ခါနဲ့ ထမ်းပိုး၊ ပူဇော်ရာပလ္လင်အသုံးအဆောင်၊ အင်တုံကြီးနဲ့ အင်တုံတင်တဲ့စင်၊+ ၁၇  တဲတော်ဝင်း အကာ၊+ တိုင်၊ အောက်ခံခုံ၊ တဲတော်ဝင်းရဲ့ ဝင်ပေါက်လိုက်ကာ၊ ၁၈  တဲတော်ငုတ်တိုင်၊ တဲတော်ဝင်း ငုတ်တိုင်၊ ကြိုး၊+ ၁၉  သန့်ရှင်းရာဌာနတော်မှာ အမှုဆောင်တဲ့အခါ ဝတ်ဖို့ လှပတဲ့ရက်ထည်၊+ ပုရောဟိတ်အာရုန်အတွက် သန့်ရှင်းတဲ့အဝတ်၊+ ပုရောဟိတ်အဖြစ် အမှုဆောင်မယ့် သူ့သားတွေအတွက် အဝတ်တွေပဲ။’” ၂၀  အစ္စရေးတွေလည်း မောရှေရှေ့ကနေ ထွက်သွားကြတယ်။ ၂၁  အဲဒီနောက် စေတနာစိတ်* ထက်သန်သူတွေက+ တွေ့ဆုံရာတဲတော်နဲ့ တဲတော်လုပ်ငန်းအတွက်၊ သန့်ရှင်းတဲ့အဝတ်တွေအတွက် ယေဟောဝါဆီ အလှူပစ္စည်းတွေ ယူလာကြတယ်။ ၂၂  စေတနာထက်သန်သူတွေက တဖွဲဖွဲလာပြီး ရင်ထိုး၊ နားဆွဲ၊ လက်စွပ်၊ တခြားလက်ဝတ်ရတနာနဲ့ ရွှေထည်အမျိုးမျိုး ယူလာကြတယ်။ ယေဟောဝါအတွက် ရွှေကို ဆက်သကြတယ်။+ ၂၃  အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချော၊ ဆိတ်မွေး၊ အနီရောင်ဆိုးထားတဲ့ သိုးထီးသားရေနဲ့ ဖျံသားရေ ရှိတဲ့သူတွေကလည်း လာလှူကြတယ်။ ၂၄  ငွေနဲ့ကြေးနီ လှူနိုင်သူတွေကလည်း ယေဟောဝါအတွက် လှူကြတယ်။ ရှားသားရှိတဲ့သူတွေကလည်း တဲတော်အတွက် လှူကြတယ်။ ၂၅  ချည်ငင်တတ်တဲ့ မိန်းမတွေက+ ချည်ငင်ပြီး အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်နဲ့ ချည်ချောတွေ ယူလာကြတယ်။ ၂၆  ထက်သန်တဲ့စေတနာနဲ့ ဆိတ်မွေးချည်တွေ ငင်ကြတယ်။ ၂၇  မျိုးနွယ်စုခေါင်းဆောင်တွေက သင်တိုင်းနဲ့ ရင်ဖုံးမှာ+ စီခြယ်ဖို့ မဟူရာ ကြောင်ဝင်ကျောက်တွေ၊ တခြားကျောက်မျက်တွေ ယူလာကြတယ်။ ၂၈  ဗာလစံဆီ၊ မီးထွန်းဖို့ဆီ၊ ဘိသိက်ဆီနဲ့+ နံ့သာပေါင်း ဖော်စပ်ဖို့+ ဆီကိုလည်း ယူလာကြတယ်။ ၂၉  စေတနာထက်သန်သူတွေက မောရှေကနေတစ်ဆင့် ယေဟောဝါမိန့်မှာတဲ့ အလုပ်တွေမှာသုံးဖို့ ပစ္စည်းတွေ ပေးလှူကြတယ်။ အစ္စရေးတွေက ယေဟောဝါဆီ ရက်ရက်ရောရော ပေးလှူကြတယ်။+ ၃၀  အဲဒီနောက် မောရှေက အစ္စရေးတွေကို ပြောတယ်– “ယုဒအနွယ်ထဲက ဟုရရဲ့မြေး၊ ဥရိရဲ့သား ဗေဇလေလကို ယေဟောဝါဘုရား ရွေးချယ်လိုက်ပြီ။+ ၃၁  သူ့ကို ဉာဏ်ပညာ၊ သိနားလည်မှု၊ လက်မှုအတတ်အမျိုးမျိုးနဲ့ဆိုင်တဲ့ အသိပညာတွေ ပေးပြီး ဘုရားသခင့်စွမ်းအားတော်နဲ့ ပြည့်စေပြီ။ ၃၂  သူက လက်ရာမြောက်တဲ့ပုံစံတွေ ဖန်တီးနိုင်လိမ့်မယ်။ ရွှေထည်၊ ငွေထည်၊ ကြေးထည်တွေလုပ်တဲ့ပညာ၊ ၃၃  ကျောက်မျက်တွေကို သွေးပြီး စီခြယ်တဲ့ပညာ၊ ပန်းပုပညာမျိုးစုံ တတ်ကျွမ်းလိမ့်မယ်။ ၃၄  ဘုရားသခင်က ဗေဇလေလနဲ့ ဒန်အနွယ်ထဲက အဟိသမက်ရဲ့သား အဟောလျဘကို+ တခြားသူတွေကို ပြန်လည်သင်ကြားနိုင်စွမ်းလည်း ပေးထားတယ်။ ၃၅  အဲဒီအပြင် အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေကိုသုံးပြီး အထည်ရက်တဲ့အတတ်၊ ရက်ကန်းအတတ်၊ လက်မှုအတတ်၊ ပန်းထိုးအတတ် စတာတွေကိုလည်း တတ်မြောက်စေတယ်။+ သူတို့က လက်မှုပညာမျိုးစုံ တတ်ကျွမ်းပြီး ပုံစံမျိုးစုံ ဖန်တီးကြလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ် “စွမ်းအား” ကိုကြည့်။