ထွက်မြောက်ရာ ၄:၁-၃၁

  • မောရှေ လုပ်ရမယ့် အံ့ဖွယ်အမှုသုံးခု (၁-၉)

  • အရည်အချင်းမရှိဘူးလို့ မောရှေ ခံစားရ (၁၀-၁၇)

  • အီဂျစ်ကို မောရှေပြန်သွား (၁၈-၂၆)

  • မောရှေနဲ့ အာရုန် ပြန်ဆုံ (၂၇-၃၁)

 မောရှေက “သူတို့ ကျွန်တော့်ကို မယုံဘူး၊ ကျွန်တော့်စကားကိုလည်း နားမထောင်ဘဲ+ ‘ခင်ဗျားဆီ ယေဟောဝါဘုရား မရောက်လာပါဘူး’ လို့ပြောရင်ကော” ဆိုပြီးမေးတယ်။ ၂  ယေဟောဝါက “မင်းလက်ထဲမှာ ဘာရှိသလဲ” လို့မေးတော့ “တောင်ဝှေးရှိပါတယ်” လို့ သူဖြေတယ်။ ၃  ဘုရားသခင်က “တောင်ဝှေးကို မြေပေါ် ပစ်ချလိုက်” လို့ပြောတယ်။ ပြောတဲ့အတိုင်း ပစ်ချလိုက်တဲ့အခါ တောင်ဝှေးက မြွေဖြစ်သွားလို့+ မောရှေ ထွက်ပြေးတယ်။ ၄  ယေဟောဝါက “မြွေရဲ့အမြီးကို ဖမ်းကိုင်လိုက်” လို့ပြောတော့ အမြီးကို ဖမ်းကိုင်လိုက်တဲ့အခါ မြွေက တောင်ဝှေးပြန်ဖြစ်သွားတယ်။ ၅  ဘုရားသခင်က “အဲဒီလိုလုပ်ပြရင် ဘိုးဘေးတို့ရဲ့ဘုရား၊ အာဗြဟံရဲ့ဘုရား၊ အိဇက်ရဲ့ဘုရား၊ ယာကုပ်ရဲ့ဘုရား ယေဟောဝါက+ မင်းဆီရောက်လာတယ်ဆိုတာ သူတို့ယုံကြလိမ့်မယ်” လို့ဆက်ပြောတယ်။+ ၆  အဲဒီနောက် ယေဟောဝါက “အင်္ကျီရင်ဖုံးထဲ လက်ကို ထည့်ကြည့်ပါဦး” လို့ပြောပြန်တယ်။ သူလည်း အင်္ကျီရင်ဖုံးထဲ လက်ကိုထည့်ပြီး ပြန်ထုတ်လိုက်တဲ့အခါ လက်ဟာ အနာကြီးရောဂါစွဲပြီး နှင်းလို ဖြူဖွေးသွားတယ်။+ ၇  ဘုရားသခင်က “အင်္ကျီရင်ဖုံးထဲ လက်ကို ပြန်ထည့်လိုက်ပါ” လို့ပြောတယ်။ ဒါနဲ့ အင်္ကျီရင်ဖုံးထဲ လက်ကိုထည့်ပြီး ပြန်ထုတ်လိုက်တော့ လက်ဟာ နဂိုအတိုင်း ပြန်ဖြစ်သွားတယ်။ ၈  အဲဒီအခါ ဘုရားသခင်က “သူတို့ မင်းကိုမယုံဘူး၊ အရင်ပြတဲ့အံ့ဖွယ်အမှုကို အရေးမစိုက်ဘူးဆိုရင် နောက်ပြတဲ့အံ့ဖွယ်အမှုကိုတော့+ ကျိန်းသေ အရေးစိုက်ကြလိမ့်မယ်။ ၉  တကယ်လို့ အဲဒီအံ့ဖွယ်အမှု နှစ်ခုစလုံးကို မယုံသေးဘူး၊ မင်းပြောတာကို နားမထောင်သေးဘူးဆိုရင် နိုင်းမြစ်ရေကို ခပ်ပြီး မြေပေါ်သွန်ချလိုက်ပါ။ နိုင်းမြစ်ရေဟာ သွေးဖြစ်သွားမယ်”+ လို့ပြောတယ်။ ၁၀  မောရှေက “ယေဟောဝါဘုရား၊ တစ်ခွန်းလောက် ပြောပါရစေဦး။ ကျွန်တော်ဟာ ဟိုးအရင်ကတည်းက စကားပြောသွက်လက်သူ မဟုတ်ပါဘူး။ ကိုယ်တော်နဲ့ စကားစပြောချိန်မှာလည်း နှုတ်သွက်လျှာသွက်သူ မဟုတ်ပါဘူး” လို့ယေဟောဝါကို ပြောတယ်။+ ၁၁  ယေဟောဝါက “လူ့နှုတ်ကို ဘယ်သူဖန်ဆင်းသလဲ။ ဆွံ့အသူ၊ နားမကြားသူ၊ မျက်စိမြင်သူ၊ မျက်စိမမြင်သူကို ဘယ်သူဖန်ဆင်းသလဲ။ ငါယေဟောဝါပဲ မဟုတ်လား။ ၁၂  ဒါကြောင့် အခု သွားပါ။ မင်းစကားပြောတဲ့အခါ မင်းနဲ့အတူ ငါရှိနေမယ်။ ဘာပြောရမယ်ဆိုတာ သင်ပေးမယ်”+ လို့ပြောတယ်။ ၁၃  ဒါပေမဲ့ မောရှေက “ယေဟောဝါဘုရား၊ ကျွန်တော် ပြောပါရစေဦး။ တခြားတစ်ယောက်ကို စေလွှတ်လို့ မရဘူးလား” လို့ပြောပြန်တယ်။ ၁၄  ယေဟောဝါလည်း မောရှေကို အမျက်ထွက်ပြီး “မင်းအစ်ကို လေဝိအမျိုးသားအာရုန်+ ရှိတာပဲ။ သူစကားပြောကောင်းမှန်း ငါသိတယ်။ အခု မင်းကိုတွေ့ဖို့ သူလာနေပြီ။ မင်းကိုတွေ့ရင် သူဝမ်းသာမှာပဲ။+ ၁၅  ငါမှာထားသမျှ သူ့ကို ပြောပြလိုက်။+ မင်းတို့စကားပြောတဲ့အခါ မင်းတို့နှစ်ယောက်စလုံးနဲ့အတူ ငါရှိနေမယ်။+ ဘာလုပ်ရမယ်ဆိုတာ ငါသင်ပေးမယ်။ ၁၆  အာရုန်က မင်းရဲ့ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ လူတွေကို စကားပြောလိမ့်မယ်။ မင်းက သူ့အတွက် ဘုရားသခင့်ကိုယ်စားလှယ် ဖြစ်လိမ့်မယ်။+ ၁၇  ဒီတောင်ဝှေးကို ဆောင်ထားပါ။ ဒီတောင်ဝှေးကိုသုံးပြီး အံ့ဖွယ်အမှုတွေ လုပ်ပြရမယ်”+ လို့ပြောတယ်။ ၁၈  မောရှေလည်း ယောက္ခမ ယေသရောဆီ+ ပြန်သွားပြီး “အီဂျစ်ပြည်မှာရှိတဲ့ ဆွေမျိုးသားချင်းတွေ အသက်ရှင်သေးရဲ့လားဆိုတာ သိချင်လို့ သွားကြည့်ပါရစေ” ဆိုပြီးခွင့်တောင်းတော့ ယေသရောက “စိတ်ချလက်ချသာ သွားပါ” လို့ပြောတယ်။ ၁၉  နောက်တော့ ယေဟောဝါက “မင်းရဲ့အသက်ကို ရန်မူသူတွေ သေကုန်ပြီ။+ ဒါကြောင့် အီဂျစ်ပြည်ကို ပြန်သွားပါ” ဆိုပြီး မိဒျန်ပြည်မှာ မောရှေကိုပြောတယ်။ ၂၀  ဒါနဲ့ မောရှေက သားမယားတွေကို မြည်းပေါ်တင်ပြီး အီဂျစ်ပြည်ကို ပြန်သွားတယ်။ စစ်မှန်တဲ့ဘုရားသခင်ရဲ့ တောင်ဝှေးကိုလည်း ယူသွားတယ်။ ၂၁  ယေဟောဝါက မောရှေကို မှာတယ်– “အီဂျစ်ပြည် ပြန်ရောက်တဲ့အခါ ငါပေးတဲ့တန်ခိုးနဲ့ ဖာရောမင်းရှေ့မှာ အံ့ဖွယ်အမှုတွေ ပြဖြစ်အောင်ပြပါ။+ ဒါပေမဲ့ သူခေါင်းမာတာကို ငါခွင့်ပြုမယ်။+ ငါ့လူမျိုးကို သူ လွှတ်ပေးမှာ မဟုတ်ဘူး။+ ၂၂  ဒီတော့ ဖာရောကို ပြောလိုက်ပါ– ‘ယေဟောဝါက “အစ္စရေးဟာ ငါ့သားဦးပဲ။+ ၂၃  မင်းကို ငါပြောမယ်။ ငါ့ကိုဝတ်ပြုနိုင်ဖို့ ငါ့သားကို လွှတ်ပေးပါ။ မလွှတ်ပေးရင် မင်းရဲ့သားဦးကို ငါသတ်ရလိမ့်မယ်”’+ လို့ပြောတယ်။” ၂၄  ဒီလိုနဲ့ လမ်းမှာ တည်းခိုတဲ့နေရာရောက်တော့ ယေဟောဝါက+ သူနဲ့တွေ့ပြီး သူ့ကို သတ်ဖို့လုပ်တယ်။+ ၂၅  အဲဒီအခါ ဇိပေါရက+ မီးခတ်ကျောက်ကိုယူပြီး သားရဲ့အရေဖျားကို ဖြတ်လိုက်တယ်။ အဲဒီအရေဖျားကို ခြေတော်ရင်းမှာ ထားပြီး “ရှင်ဟာ ကျွန်မအတွက် သွေးနဲ့ကတိသစ္စာပြုထားတဲ့* လင်ယောက်ျားပဲ”လို့ပြောတယ်။ ၂၆  ဒါနဲ့ ဘုရားသခင်က သူ့ကို လွှတ်ပေးလိုက်တယ်။ ဇိပေါရလည်း အဲဒီလို အရေဖျား ဖြတ်လိုက်တဲ့အတွက် “ရှင်ဟာ သွေးနဲ့ ကတိသစ္စာပြုထားတဲ့ လင်ယောက်ျားပဲ” ဆိုပြီးပြောတယ်။ ၂၇  အဲဒီနောက် ယေဟောဝါက “တောကန္တာရမှာ မောရှေကို သွားတွေ့ပါ” လို့ ပြောတယ်။+ အာရုန်လည်း ထွက်သွားပြီး စစ်မှန်တဲ့ဘုရားသခင်ရဲ့တောင်မှာ+ မောရှေနဲ့တွေ့တော့ နမ်းပြီး နှုတ်ဆက်တယ်။ ၂၈  မောရှေက ယေဟောဝါမိန့်မှာသမျှ၊+ ဘုရားပြခိုင်းတဲ့ အံ့ဖွယ်အမှုမှန်သမျှအကြောင်း+ အာရုန်ကို ပြောပြတယ်။ ၂၉  အဲဒီနောက် မောရှေနဲ့ အာရုန်က အစ္စရေးအကြီးအကဲအားလုံးကို စုဝေးလိုက်တယ်။+ ၃၀  ပြီးတော့ အာရုန်က ယေဟောဝါ မောရှေကိုမိန့်မှာသမျှ ပြန်ပြောပြတယ်။ အံ့ဖွယ်အမှုတွေလည်း လုပ်ပြတယ်။+ ၃၁  အဲဒီအခါ အစ္စရေးတွေ ယုံကြည်သွားကြတယ်။+ သူတို့ကို ယေဟောဝါ သတိရပြီး+ သူတို့ခံရတဲ့ဒုက္ခတွေကို မြင်မှန်း+ သိရတဲ့အခါ ဦးညွှတ်ပျပ်ဝပ်ကြတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သွေးနဲ့ဆိုင်တဲ့။”