ထွက်မြောက်ရာ ၇:၁-၂၅

  • မောရှေကို ယေဟောဝါ အားပေး (၁-၇)

  • အာရုန်ရဲ့တောင်ဝှေး မြွေကြီးဖြစ်သွား (၈-၁၃)

  • ကပ်ဘေး ၁– ရေတွေ သွေးဖြစ်သွား (၁၄-၂၅)

 ယေဟောဝါက မောရှေကို မိန့်မှာတယ်– “ဖာရောအတွက် ဘုရားသခင်အဖြစ် မင်းကို ငါခန့်လိုက်ပြီ။ မင်းအစ်ကိုအာရုန်က မင်းရဲ့ပရောဖက် ဖြစ်လိမ့်မယ်။+ ၂  ငါမိန့်မှာသမျှကို အာရုန်ကို ပြောပြလိုက်ပါ။ ဖာရောကို သူ စကားပြောလိမ့်မယ်။ ဖာရောက အစ္စရေးတွေကို တိုင်းပြည်ကနေ လွှတ်ပေးလိမ့်မယ်။ ၃  ဖာရော ခေါင်းမာမာနဲ့ငြင်းတာကို ငါခွင့်ပြုမယ်။+ အီဂျစ်ပြည်မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတာတွေ အများကြီး ငါလုပ်ပြဦးမယ်။+ ၄  မင်းတို့ပြောတာကို ဖာရောနားထောင်မှာ မဟုတ်ဘူး။ ဒါကြောင့် အီဂျစ်ပြည်ကို ငါ့လက်နဲ့ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပြီးမှ ငါ့လူမျိုး အစ္စရေးလူစုကြီးကို ခေါ်ထုတ်မယ်။+ ၅  အီဂျစ်ပြည်ကို ငါ့လက်နဲ့ဒဏ်ခတ်ပြီး အစ္စရေးတွေကို ခေါ်ထုတ်တဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ အီဂျစ်တွေ ကောင်းကောင်းသိရလိမ့်မယ်။”+ ၆  မောရှေနဲ့အာရုန်လည်း ယေဟောဝါမိန့်မှာတဲ့အတိုင်း လုပ်တယ်။ မှာထားတဲ့အတိုင်း လုပ်ဆောင်ကြတယ်။ ၇  ဖာရောရှေ့ဝင်ပြီး စကားပြောတဲ့အချိန်မှာ မောရှေက အသက် ၈၀၊ အာရုန်က ၈၃ နှစ်ရှိပြီ။+ ၈  ယေဟောဝါက မောရှေနဲ့ အာရုန်ကို ပြောတယ်– ၉  “‘အံ့ဖွယ်အမှုတစ်ခု လုပ်ပြစမ်း’ လို့ ဖာရောပြောခဲ့ရင် ‘တောင်ဝှေးကို ပစ်ချလိုက်’ ဆိုပြီး အာရုန်ကို ပြောပါ။ တောင်ဝှေးဟာ မြွေကြီးတစ်ကောင် ဖြစ်သွားမယ်။”+ ၁၀  မောရှေနဲ့ အာရုန်လည်း ဖာရောဆီ သွားပြီး ယေဟောဝါမိန့်မှာတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်ကြတယ်။ အာရုန်က တောင်ဝှေးကို ဖာရောနဲ့ မင်းမှုထမ်းတွေရှေ့ ပစ်ချလိုက်တဲ့အခါ တောင်ဝှေးဟာ မြွေကြီးတစ်ကောင် ဖြစ်သွားတယ်။ ၁၁  အဲဒီအခါ ဖာရောက ပညာရှိတွေ၊ ပယောဂဆရာတွေကို ဆင့်ခေါ်လိုက်တယ်။ အီဂျစ်ပြည်က မှော်ဆရာတွေလည်း+ မှော်ပညာသုံးပြီး ထပ်တူလုပ်ပြကြတယ်။+ ၁၂  သူတို့ရဲ့တောင်ဝှေးတွေကို ပစ်ချတဲ့အခါ မြွေကြီးတွေ ဖြစ်ကုန်တယ်။ ဒါပေမဲ့ အာရုန်ရဲ့တောင်ဝှေးက သူတို့တောင်ဝှေးတွေကို မျိုပစ်လိုက်တယ်။ ၁၃  ဒါတောင် ဖာရောမင်း ခေါင်းမာနေတုန်းပဲ။+ ယေဟောဝါပြောခဲ့သလိုပဲ မောရှေနဲ့ အာရုန်ရဲ့ စကားကို နားမထောင်ဘူး။ ၁၄  ဒါနဲ့ ယေဟောဝါက မောရှေကို ပြောတယ်– “ဖာရော ခေါင်းမာနေတုန်းပဲ။+ ငါ့လူမျိုးကို မလွှတ်ပေးချင်ဘူး။ ၁၅  မနက်ကျရင် ဖာရောက နိုင်းမြစ်ကို သွားလိမ့်မယ်။ နိုင်းမြစ်ကမ်းစပ်မှာ သူ့ကို သွားတွေ့ပါ။ မြွေဖြစ်သွားတဲ့ တောင်ဝှေးကိုလည်း ကိုင်သွားပါ။+ ၁၆  ပြီးတော့ သူ့ကိုပြောလိုက်– ‘ဟီဘရူးတွေရဲ့ဘုရားယေဟောဝါက ကျွန်တော့်ကို စေလွှတ်ပြီး+ “တောမှာ ငါ့ကိုဝတ်ပြုဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ” လို့ပြောခိုင်းပေမဲ့ အခုချိန်ထိ မင်းကြီးနားမထောင်ဘူး။ ၁၇  ဒါကြောင့် ယေဟောဝါပြောတာက “အခု ငါ့လက်ထဲက တောင်ဝှေးနဲ့ နိုင်းမြစ်ရေကို ရိုက်တဲ့အခါ မြစ်ရေဟာ သွေးဖြစ်သွားမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ ဒီနည်းနဲ့ မင်းသိရမယ်။+ ၁၈  ငါးတွေ သေကုန်တဲ့အတွက် နိုင်းမြစ်က ပုပ်စော်နံလိမ့်မယ်။ အီဂျစ်တွေလည်း နိုင်းမြစ်ရေကို သောက်လို့ရတော့မှာ မဟုတ်ဘူး။”’” ၁၉  အဲဒီနောက် ယေဟောဝါက မောရှေကို “‘အီဂျစ်ပြည်ရဲ့ရေတွေ၊ မြစ်တွေ၊ တူးမြောင်းတွေ၊ စိမ့်တောတွေ၊+ ရေလှောင်ကန်တွေပေါ်မှာ တောင်ဝှေးကို ဆန့်လိုက်။+ ရေတွေအားလုံး သွေးဖြစ်သွားမယ်’ လို့အာရုန်ကို ပြောပါ။ အီဂျစ်တစ်ပြည်လုံးမှာရှိတဲ့ ရေတွေသာမက သစ်သားအိုးခွက်၊ ကျောက်အိုးခွက်ထဲက ရေတွေလည်း သွေးဖြစ်သွားမယ်” လို့ပြောတယ်။ ၂၀  မောရှေနဲ့ အာရုန်လည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း ချက်ချင်းလုပ်ကြတယ်။ ဖာရောနဲ့ မင်းမှုထမ်းတွေရှေ့မှာ နိုင်းမြစ်ရေကို တောင်ဝှေးနဲ့ ရိုက်လိုက်တဲ့အခါ မြစ်ရေဟာ သွေးဖြစ်သွားတယ်။+ ၂၁  ငါးတွေသေကုန်တော့+ မြစ်ရေ ပုပ်စော်နံလာတယ်။ အီဂျစ်တွေလည်း နိုင်းမြစ်ရေကို မသောက်နိုင်ကြတော့ဘူး။+ အီဂျစ်တစ်ပြည်လုံးမှာ သွေးတွေချည်းပဲ ဖြစ်နေတယ်။ ၂၂  အီဂျစ်မှော်ဆရာတွေလည်း မှော်ပညာသုံးပြီး ထပ်တူလုပ်ပြကြတယ်။+ ဒါကြောင့် ဖာရောဟာ ခေါင်းမာနေတုန်းပဲ။ ယေဟောဝါ ပြောခဲ့တဲ့အတိုင်း နားမထောင်ဘူး။+ ၂၃  ဒီနောက် ဖာရောက နန်းတော်ကို ပြန်သွားတယ်။ ဒီကိစ္စကို လုံးဝအရေးမလုပ်ဘူး။ ၂၄  အီဂျစ်လူတွေက နိုင်းမြစ်ရေကို မသောက်နိုင်တော့လို့ နိုင်းမြစ်အနီးတစ်ဝိုက်မှာ သောက်ရေတွင်းတွေ တူးကြတယ်။ ၂၅  ဒီလိုနဲ့ နိုင်းမြစ်ကို ယေဟောဝါရိုက်ခဲ့တာ ခုနစ်ရက်တိတိ ကြာသွားပြီ။

အောက်ခြေမှတ်ချက်များ