ထွက်မြောက်ရာ ၈:၁-၃၂
၈ အဲဒီနောက် ယေဟောဝါက မောရှေကို ပြောတယ်– “ဖာရောကို သွားပြောပါ။ ‘ယေဟောဝါက “ငါ့ကိုဝတ်ပြုဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ။+
၂ မလွှတ်ပေးဘဲ ငြင်းဆန်နေဦးမယ်ဆိုရင် အီဂျစ်ပြည်ကို ဒဏ်ခတ်ဖို့ ဖားတွေကို ငါလွှတ်လိုက်မယ်။+
၃ နိုင်းမြစ်မှာ ဖားတွေ ပြည့်နေလိမ့်မယ်။ နန်းတော်၊ အိပ်ခန်း၊ အိပ်ရာ၊ မင်းမှုထမ်းတွေရဲ့အိမ်၊ လူ၊ မီးဖို၊ အိုးခွက်ပန်းကန်တွေပေါ် ဖားတွေ တက်လာမယ်။+
၄ မင်းနဲ့မင်းရဲ့လူတွေ၊ မင်းမှုထမ်းတွေအပေါ် ဖားတွေတက်လာမယ်”’ လို့ပြောတယ်။”
၅ ပြီးတော့ ယေဟောဝါက မောရှေကို “‘မြစ်တွေ၊ နိုင်းမြစ်တူးမြောင်းတွေ၊ စိမ့်တောတွေပေါ် တောင်ဝှေးကို ဆန့်လိုက်။ အီဂျစ်တစ်ပြည်လုံးပေါ် ဖားတွေတက်လာလိမ့်မယ်’ လို့ အာရုန်ကို ပြောလိုက်ပါ” ဆိုပြီးပြောခိုင်းတယ်။
၆ အာရုန်လည်း အီဂျစ်ပြည်ရဲ့ ရေတွေပေါ် လက်ကိုဆန့်လိုက်တော့ ဖားတွေတက်လာပြီး တစ်ပြည်လုံး ပြည့်သွားတယ်။
၇ မှော်ဆရာတွေလည်း မှော်အတတ်သုံးပြီး အီဂျစ်ပြည်ပေါ် ဖားတွေတက်လာအောင် လုပ်ပြတယ်။+
၈ နောက်တော့ ဖာရောမင်းက မောရှေနဲ့အာရုန်ကို ခေါ်ပြီး “ယေဟောဝါဆီ ပူဇော်သက္ကာဆက်သဖို့ မင်းရဲ့လူမျိုးတွေကို ငါလွှတ်ပေးမယ်။ ငါတို့ဆီကနေ ဖားတွေဖယ်ရှားပေးဖို့ ယေဟောဝါကို အသနားခံပေးပါ” လို့ပြောတယ်။+
၉ မောရှေက “ဖားတွေကို မင်းကြီးနဲ့ မင်းမှုထမ်းတွေ၊ လူတွေ၊ နန်းဆောင်တွေဆီကနေ ဖယ်ရှားပြီး နိုင်းမြစ်ထဲမှာပဲ နေစေဖို့ ဘယ်အချိန်မှာ အသနားခံပေးရမယ်ဆိုတာ မင်းကြီးကိုယ်တိုင် ဆုံးဖြတ်ပါ” လို့ပြောတော့၊
၁၀ ဖာရောက “မနက်ဖြန် အသနားခံပေးပါ” လို့ပြောတယ်။ မောရှေက “ယေဟောဝါလို ဘုရားမျိုး မရှိဘူးဆိုတာ မင်းကြီးသိစေဖို့ အမိန့်တော်အတိုင်း အသနားခံပေးပါ့မယ်။+
၁၁ ဖားတွေက မင်းကြီးနဲ့ နန်းဆောင်တွေ၊ မင်းမှုထမ်းတွေနဲ့ လူတွေဆီမှာ မရှိတော့ဘဲ နိုင်းမြစ်ထဲမှာပဲ ရှိပါလိမ့်မယ်”+ လို့လျှောက်တင်တယ်။
၁၂ မောရှေနဲ့ အာရုန်လည်း ဖာရောမင်းရှေ့ကနေ ထွက်သွားတယ်။ ဖားတွေကို ဖာရောမင်းဆီကနေ ဖယ်ရှားပေးဖို့ ယေဟောဝါကို မောရှေအသနားခံတယ်။+
၁၃ ယေဟောဝါက မောရှေ အသနားခံတဲ့အတိုင်း လုပ်ပေးတဲ့အတွက် အိမ်တွေ၊ ခြံဝင်းတွေနဲ့ လယ်ပြင်မှာရှိတဲ့ ဖားတွေ သေကုန်တယ်။
၁၄ ဖားအသေတွေကို အများကြီးစုပုံလိုက်တဲ့အခါ များလွန်းလို့ တစ်ပြည်လုံး ပုပ်စော်နံနေတာပဲ။
၁၅ ဖားတွေမရှိတော့မှန်း ဖာရောမြင်တဲ့အခါ ခေါင်းမာလာပြန်တယ်။+ ယေဟောဝါပြောခဲ့သလိုပဲ သူတို့စကားကို နားမထောင်ဘူး။
၁၆ ဒါနဲ့ ယေဟောဝါက “‘မြေမှုန့်ကို တောင်ဝှေးနဲ့ရိုက်ပါ။ အီဂျစ်တစ်ပြည်လုံးမှာ ဖြုတ်တွေ ထွက်လာမယ်’ လို့ အာရုန်ကိုပြောလိုက်” ဆိုပြီး မောရှေကို ပြောခိုင်းတယ်။
၁၇ အဲဒီအတိုင်း သူတို့လုပ်တယ်။ အာရုန်က မြေမှုန့်ကို တောင်ဝှေးနဲ့ ရိုက်လိုက်တဲ့အခါ အီဂျစ်တစ်ပြည်လုံးမှာရှိတဲ့ မြေမှုန့်က ဖြုတ်တွေ ဖြစ်လာပြီး လူနဲ့တိရစ္ဆာန်ကို ကိုက်တော့တယ်။+
၁၈ မှော်ဆရာတွေလည်း မှော်ပညာသုံးပြီး+ ဖြုတ်တွေ ဖြစ်လာအောင် ကြိုးစားပေမဲ့ မလုပ်နိုင်ကြဘူး။ ဖြုတ်တွေက လူနဲ့တိရစ္ဆာန်ကိုကိုက်တယ်။
၁၉ မှော်ဆရာတွေက “ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးကြောင့်ပဲ”*+ လို့ပြောပေမဲ့ ဖာရောကတော့ ခေါင်းမာနေတုန်းပဲ။ ယေဟောဝါပြောခဲ့သလို သူတို့စကားကို နားမထောင်ဘူး။
၂၀ ဒါနဲ့ ယေဟောဝါက မောရှေကို ပြောတယ်– “မနက်ကျရင် နိုင်းမြစ်ကို သွားပါ။ နိုင်းမြစ်ကို ဖာရောလာတဲ့အခါ သူ့ကိုပြောလိုက်။ ‘ယေဟောဝါ ပြောတယ်– “ငါ့ကိုဝတ်ပြုဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ။
၂၁ ငါ့လူမျိုးကို မလွှတ်ပေးရင် မင်းနဲ့ မင်းမှုထမ်းတွေ၊ လူတွေ၊ နန်းဆောင်တွေဆီ မှက်တွေ လွှတ်လိုက်မယ်။ အီဂျစ်တွေရဲ့အိမ်နဲ့ မြေတစ်ပြင်လုံးမှာ မှက်တွေ ပြည့်နေမယ်။
၂၂ အဲဒီနေ့မှာ ငါ့လူမျိုးနေထိုင်တဲ့ ဂေါရှင်အရပ်ကိုတော့ ငါကာကွယ်မှာဖြစ်လို့ သူတို့ဆီမှာ မှက်တစ်ကောင်မှ မရှိစေရဘူး။+ ဒီပြည်မှာ ငါယေဟောဝါရှိတယ်ဆိုတာ ဒီနည်းနဲ့ မင်းသိရလိမ့်မယ်။+
၂၃ ငါ့လူမျိုးကို မင်းရဲ့လူမျိုးနဲ့ သီးခြားခွဲထားမယ်။ မနက်ဖြန်ကျရင် ဒီအံ့ဖွယ်အမှု ဖြစ်လိမ့်မယ်။”’”
၂၄ အဲဒီအတိုင်း ယေဟောဝါလုပ်တဲ့အတွက် ဖာရောရဲ့နန်းတော်၊ မင်းမှုထမ်းတွေရဲ့အိမ်တွေနဲ့ အီဂျစ်တစ်ပြည်လုံးကို မှက်တွေ အုပ်လိုက်ဝင်လာတယ်။+ မှက်တွေကြောင့် တစ်တိုင်းပြည်လုံး ဒုက္ခရောက်ကုန်တယ်။+
၂၅ နောက်ဆုံး၊ ဖာရောမင်းက “ဒီပြည်မှာပဲ မင်းတို့ဘုရားသခင်ဆီ ပူဇော်သက္ကာဆက်သကြ” လို့မောရှေနဲ့ အာရုန်ကို ခေါ်ပြောတယ်။
၂၆ ဒါပေမဲ့ မောရှေက “မင်းကြီး၊ မဖြစ်ဘူးထင်ပါတယ်။ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါဆီ ဆက်သမယ့် ပူဇော်သက္ကာတွေဟာ အီဂျစ်တွေအတွက် ရွံမုန်းစရာ ဖြစ်နေပါတယ်။+ အီဂျစ်တွေ ရွံမုန်းတာကို သူတို့ရှေ့မှာပဲ ပူဇော်မယ်ဆိုရင် ကျွန်တော်တို့ကို ကျောက်ခဲနဲ့ ပေါက်ကြမှာပါ။
၂၇ ဒါကြောင့် တောကို သုံးရက်ခရီးသွားပြီး ယေဟောဝါဘုရား မိန့်မှာတဲ့အတိုင်း ပူဇော်ချင်ပါတယ်”+ လို့လျှောက်တင်တယ်။
၂၈ ဖာရောက “ငါ့အတွက် အသနားခံပေးဦး။ တောမှာ မင်းတို့ရဲ့ဘုရား ယေဟောဝါဆီ ပူဇော်သက္ကာဆက်သဖို့ ငါလွှတ်ပေးမယ်။ ဝေးဝေးတော့ မသွားကြနဲ့”+ လို့ပြောတယ်။
၂၉ မောရှေက “အခုပဲ မင်းကြီးရှေ့ကနေ ထွက်သွားပြီး ယေဟောဝါကို အသနားခံပေးပါ့မယ်။ မနက်ဖြန်ကျရင် မင်းကြီးနဲ့ မင်းမှုထမ်းတွေ၊ လူတွေဆီကနေ မှက်တွေ ထွက်သွားမှာပါ။ မင်းကြီးကသာ ယေဟောဝါဆီ ပူဇော်သက္ကာဆက်သဖို့ လူတွေကို မလွှတ်ပေးတော့ဘူးဆိုပြီး ထပ်မလှည့်စားပါနဲ့”+ လို့ပြောတယ်။
၃၀ အဲဒီနောက် မောရှေက ဖာရောမင်းရှေ့ကနေ ထွက်သွားပြီး ယေဟောဝါကို အသနားခံတယ်။+
၃၁ ယေဟောဝါလည်း မောရှေအသနားခံတဲ့အတိုင်း လုပ်ပေးတဲ့အတွက် ဖာရောနဲ့ မင်းမှုထမ်းတွေ၊ လူတွေဆီကနေ မှက်တွေ တစ်ကောင်မကျန် ထွက်သွားတယ်။
၃၂ ဒါပေမဲ့ ဒီတစ်ခေါက်လည်း ဖာရောဟာ ခေါင်းမာမာနဲ့ လူတွေကို မလွှတ်ပေးပြန်ဘူး။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “လက်ညှိုး။”