ဒေသနာ ၂:၁-၂၆
၂ “ငါအပျော်အပါး လိုက်စားကြည့်ဦးမယ်။ ဒါမှ ဘာကောင်းကျိုးရမလဲ သိနိုင်မှာပေါ့” လို့ ငါ့စိတ်ထဲတွေးမိတယ်။ ဒါပေမဲ့ ဒါလည်း အချည်းနှီးပါပဲ။
၂ “ရယ်မောတာဟာ ရူးသွပ်နေတာပဲ” လို့ ငါပြောတယ်။
“အပျော်အပါးကကော ဘာများကောင်းကျိုးပေးလို့လဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။
၃ စပျစ်ဝိုင်တမြမြနဲ့ ကြည်နူးနေရင် ဘာကောင်းကျိုးများရမလဲ သိအောင်လုပ်ဦးမှပဲဆိုပြီး ငါဆုံးဖြတ်လိုက်တယ်။+ အဲဒီအတောအတွင်း ငါ့စိတ်ကို ဉာဏ်ပညာနဲ့ ထိန်းကွပ်ထားတယ်။ ကမ္ဘာပေါ်မှာနေရတဲ့ သက်တမ်းတိုလေးအတွင်း လူသားတွေ လုပ်ဆောင်ရမယ့် အကောင်းဆုံးအလုပ်ဟာ ဘာများလဲသိနိုင်ဖို့ မိုက်မဲခြင်းကိုတောင် ငါလက်ခံထားခဲ့တယ်။
၄ ကြီးမားတဲ့အလုပ်တွေ ငါလုပ်တယ်။+ ငါ့အတွက် နန်းတော်တွေ တည်ဆောက်တယ်။+ စပျစ်ခြံတွေ စိုက်ပျိုးတယ်။+
၅ ဥယျာဉ်တွေ၊ ပန်းခြံတွေလုပ်ပြီး သီးပင်အမျိုးမျိုး စိုက်ပျိုးတယ်။
၆ စိမ်းလန်းနေတဲ့ တောအုပ်ကို ရေပေးဖို့ ရေကန်တွေ တည်ဆောက်တယ်။
၇ ကျွန်ယောက်ျား၊ ကျွန်မိန်းမတွေ ရယူထားတယ်။+ ငါ့နန်းတော်မှာပဲ မွေးလာတဲ့ ကျွန်တွေလည်း ရှိတယ်။ သိုးနွားဆိတ်စတဲ့ ခြံမွေးတိရစ္ဆာန်တွေကိုလည်း အများကြီးပိုင်တယ်။+ အရင်က ဂျေရုဆလင်မြို့မှာ ရှိခဲ့သူတွေ ပိုင်ဆိုင်တာထက် ပိုများတယ်။
၈ ရွှေငွေတွေ၊+ ဘုရင်တွေနဲ့ ပြည်နယ်တွေဆီကရတဲ့ ဘဏ္ဍာတွေကို ငါစုဆောင်းတယ်။+ သီချင်းသည် အမျိုးသား အမျိုးသမီးတွေကို ခစားစေတယ်။ ယောက်ျားတွေကို ပျော်ရွှင်ကြည်နူးစေတဲ့ မိန်းမတစ်ယောက်မက အများကြီးကိုလည်း ငါသိမ်းယူတယ်။
၉ ငါဟာ အရင်က ဂျေရုဆလင်မြို့မှာ ရှိခဲ့သူအားလုံးထက် ဘုန်းတန်ခိုးကြီးပြီး သာလွန်ခဲ့တယ်။+ ဒါပေမဲ့ ငါ့မှာ ဉာဏ်ပညာရှိနေဆဲပါပဲ။
၁၀ ငါ့အလိုဆန္ဒတစ်ခုကိုမှ မဖြည့်ဆည်းပဲ မနေခဲ့ဘူး။+ အပျော်အပါးမှန်သမျှကိုလည်း မလိုက်စားဘဲ မနေခဲ့ဘူး။ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ရာအားလုံးကြောင့် ငါရွှင်လန်းခဲ့ရတယ်။ ဒါဟာ ကြိုးစားပမ်းစား လုပ်ကိုင်လို့ရတဲ့ အကျိုးကျေးဇူးပဲ။+
၁၁ ဒါပေမဲ့ ကိုယ်တိုင်လုပ်ခဲ့သမျှ၊ ပင်ပင်ပန်းပန်းနဲ့ ပြီးမြောက်အောင်မြင်ခဲ့သမျှတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ+ အားလုံးဟာ အချည်းနှီးပဲ၊ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲဆိုတာ ငါသိလာတယ်။+ နေအောက်မှာ တကယ် အဖိုးတန်တဲ့အရာ မရှိပါလား။+
၁၂ အဲဒီနောက် ဉာဏ်ပညာ၊ ရူးသွပ်ခြင်း၊ မိုက်မဲခြင်းအကြောင်း ငါစူးစမ်းမိပြန်တယ်။+ (နောက်မှပေါ်လာမယ့် လူတစ်ယောက်က ဘာများစူးစမ်းနိုင်မှာလဲ။ အားလုံးဟာ လူတွေ စူးစမ်းပြီးသားအရာတွေချည်းပဲ။)
၁၃ အလင်းဟာ အမှောင်ထက် ပိုအကျိုးရှိသလို ဉာဏ်ပညာဟာ မိုက်မဲခြင်းထက် ပိုအကျိုးရှိတယ်ဆိုတာ ငါသိလိုက်ရတယ်။+
၁၄ ဉာဏ်ပညာရှိသူက သွားနေတဲ့လမ်းကို ရှင်းရှင်းလင်းလင်း မြင်တယ်။+ ဉာဏ်တိမ်သူကတော့ အမှောင်ထဲမှာ လျှောက်နေတယ်။+ နောက်ဆုံးမှာ နှစ်ယောက်စလုံးဟာ ရလဒ်တစ်မျိုးတည်းကိုပဲ ကြုံရမှန်း ငါသဘောပေါက်လာတယ်။+
၁၅ “ဉာဏ်တိမ်သူ ကြုံရတဲ့အရာကို ငါလည်း ကြုံရမှာပဲ”+ ဆိုပြီး တွေးမိတယ်။ ဒါဆိုရင် ဉာဏ်ပညာ အလွန်အကျွံရှိတော့ကော ငါဘာများအကျိုးရလို့လဲ။ “ဒါလည်း အချည်းနှီးပါပဲ” လို့ တစ်ကိုယ်တည်း ပြောနေမိတယ်။
၁၆ ဉာဏ်ပညာရှိသူကိုဖြစ်စေ၊ ဉာဏ်တိမ်သူကိုဖြစ်စေ အမြဲသတိရကြမှာ မဟုတ်ဘူး။+ အနာဂတ်မှာ လူတိုင်းဟာ မေ့လျော့ခံရမှာပဲ။ ဉာဏ်ပညာရှိသူဟာ ဘယ်လိုသေဆုံးမလဲ။ ဉာဏ်တိမ်တဲ့သူလိုပဲ သေဆုံးမှာပေါ့။+
၁၇ နေအောက်မှာ လုပ်နေတဲ့အရာမှန်သမျှ စိတ်ဆင်းရဲစရာကောင်းလွန်းလို့ အသက်ရှင်ရတာကိုတောင် ငါမုန်းလာတယ်။+ အားလုံးဟာ အချည်းနှီးပဲ၊+ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။+
၁၈ နေအောက်မှာ ငါကြိုးစားပမ်းစား လုပ်ဆောင်ခဲ့သမျှ+ နောက်လူအတွက် ချန်ထားခဲ့ရမှာဖြစ်လို့ အဲဒီအလုပ်တွေကို ငါမုန်းလာတယ်။+
၁၉ အဲဒီလူက ဉာဏ်ပညာရှိမလား၊ ဉာဏ်တိမ်မလား ဘယ်သူသိလို့လဲ။+ နေအောက်မှာ ငါ ရေကုန်ရေခန်း ကြိုးစားပြီး၊ ဉာဏ်ပညာသုံးပြီး ရယူခဲ့ရာအားလုံးကို သူ ထိန်းချုပ်လိမ့်မယ်။ ဒါလည်း အချည်းနှီးပါပဲ။
၂၀ ဒါကြောင့် နေအောက်မှာ ငါ ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့ရာမှန်သမျှကို စိတ်ပျက်လာပြီ။
၂၁ လူတစ်ယောက်က ဉာဏ်ပညာ၊ အသိပညာ၊ တတ်ကျွမ်းမှုတွေသုံးပြီး ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပေမဲ့ လုံ့လမစိုက်ခဲ့တဲ့ တခြားလူတစ်ယောက်လက်ထဲ အဲဒါတွေအားလုံး အပ်ခဲ့ရလိမ့်မယ်။+ ဒါလည်း အချည်းနှီးပါပဲ။ ဝမ်းနည်းစရာ ကောင်းလိုက်တာ။
၂၂ လူဟာ နေအောက်မှာ ကြိုးစားပမ်းစား လုပ်ဆောင်ရာမှန်သမျှ၊ ကြိုးစားပမ်းစားလုပ်ဖို့ သူ့ကို တွန်းအားပေးခဲ့တဲ့ ရည်မှန်းချက်မှန်သမျှကနေ ဘာများအကျိုးရလို့လဲ။+
၂၃ အလုပ်ကြောင့် စိတ်ဆင်းရဲစရာ၊ စိတ်ပျက်စရာတွေကိုပဲ သူတစ်သက်လုံး ခံစားရတယ်။+ ညဘက်မှာတောင် စိတ်အေးလက်အေး မအိပ်ရဘူး။+ ဒါလည်း အချည်းနှီးပါပဲ။
၂၄ စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက်ကောင်းတာ ဘာမှမရှိဘူး။+ ဒါဟာ စစ်မှန်တဲ့ဘုရားသခင် ပေးသနားတဲ့အရာပဲ ဆိုတာကိုလည်း ငါသဘောပေါက်လာတယ်။+
၂၅ ငါ့ထက်ပိုပြီး စားနိုင်၊ သောက်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။+
၂၆ စစ်မှန်တဲ့ ဘုရားသခင်က မိမိနှစ်သက်တဲ့သူကို ဉာဏ်ပညာ၊ အသိပညာ၊ ပျော်ရွှင်ရတဲ့အခွင့် ပေးသနားတယ်။+ အပြစ်လုပ်တဲ့သူကိုတော့ ရှာဖွေစုဆောင်းရမယ့် အလုပ်ကို ပေးတယ်။ သူရှာဖွေစုဆောင်းပြီးရင် ဘုရားနှစ်သက်တဲ့သူကို ပေးလိုက်ရမှာပဲ။+ ဒါလည်း အချည်းနှီးပါပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။