ဒေသနာ ၆:၁-၁၂
၆ နေအောက်မှာ ငါမြင်ရတဲ့ အဖြစ်ဆိုးနောက်တစ်ခု ရှိတယ်။ လူသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ။
၂ စစ်မှန်တဲ့ဘုရားသခင်က စည်းစိမ်၊ ပစ္စည်းဥစ္စာ၊ ဂုဏ်ကျက်သရေ ပေးသနားတဲ့အတွက် လူတစ်ယောက်ဟာ လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံနေတယ်။ ဒါပေမဲ့ ဘုရားသခင်က သူ့ကို အဲဒါတွေခံစားခွင့်မပေးဘဲ သူစိမ်းတစ်ယောက်ကို ခံစားခွင့်ပေးလိုက်တယ်။ ဒါဟာ အချည်းနှီးပဲ။ ဆိုးဝါးလှတဲ့ဒုက္ခပဲ။
၃ သားသမီး အယောက်တစ်ရာရပြီး အသက်ကြီးတဲ့အထိ နှစ်ပေါင်းများစွာ အသက်ရှင်ရတယ်။ ဒါပေမဲ့ ကောင်းတဲ့အရာတွေကို မခံစားလိုက်ရဘဲ သင်္ချိုင်းကို ရောက်သွားတယ်ဆိုရင် အဲဒီလူထက် အသေမွေးလာတဲ့ ကလေးဟာ ပိုကောင်းတယ်လို့ ငါပြောမယ်။+
၄ အဲဒီကလေးက လူ့လောကထဲကို အချည်းနှီးရောက်လာပြီး အမှောင်ထဲကို ထွက်သွားရတယ်။ သူ့နာမည်ဟာ အမှောင်ထဲမှာပဲ ပျောက်ပျက်သွားတယ်။
၅ နေရောင်ကို တစ်ခါမှ မမြင်လိုက်ရတဲ့အပြင် ဘာကိုမှလည်း မသိလိုက်ရပေမဲ့ အဲဒီကလေးက ခုနကလူထက်တော့ ပိုသာတယ်။+
၆ နှစ်ပေါင်းနှစ်ထောင် အသက်ရှင်ရပေမဲ့ ပျော်ရွှင်မှု မခံစားလိုက်ရဘူးဆိုရင် ဘာများအကျိုးရှိလို့လဲ။ အားလုံး တစ်နေရာတည်းကိုပဲ သွားရတယ် မဟုတ်လား။+
၇ လူတစ်ယောက် ကြိုးစားပမ်းစား လုပ်ကိုင်သမျှဟာ သူ့ဝမ်းရေးအတွက်ချည်းပဲ။+ ဒါတောင် ဘယ်တော့မှ အာသီသမပြေနိုင်ဘူး။
၈ ဉာဏ်ပညာရှိသူဟာ လူမိုက်ထက် ဘာများ အကျိုးပိုရလို့လဲ။+ ဆင်းရဲသားက ဘယ်လိုရှင်သန်ရမယ်ဆိုတာ သိလာလို့ကော ဘာများ အကျိုးရှိလို့လဲ။
၉ မရနိုင်တဲ့အရာကို လိုချင်နေတာထက်စာရင် မြင်နေရတဲ့အရာကို ခံစားကျေနပ်နေတာ ပိုကောင်းတယ်။ ဒါလည်း အချည်းနှီးပဲ။ လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။
၁၀ အခု ရှိနေတဲ့အရာတိုင်းဟာ အရင်တုန်းက နာမည်နဲ့တကွ ဖော်ပြပြီးသား အရာတွေချည်းပါပဲ။ လူ့သဘောသဘာဝကလည်း ထင်ရှားပြီးသားပဲ။ လူဟာ မိမိထက် တန်ခိုးကြီးတဲ့သူနဲ့ မငြင်းခုံနိုင်ဘူး။
၁၁ စကားများလေ အချည်းနှီးဖြစ်လေပဲ။ လူကို ဘာများ အကျိုးပြုလို့လဲ။
၁၂ အရိပ်လို ကွယ်ပျောက်ပြီး အချည်းနှီးဖြစ်သွားမယ့် သက်တမ်းတိုလေးအတွင်းမှာ လူတစ်ယောက်အတွက် အကောင်းဆုံးအလုပ်ဟာ ဘာလဲဆိုတာ ဘယ်သူသိလို့လဲ။+ သေဆုံးသွားတဲ့ လူတစ်ယောက်ကို နေအောက်မှာ ဖြစ်ပျက်လာတဲ့အကြောင်းတွေ ဘယ်သူ အသိပေးနိုင်မှာလဲ။