ဒံယေလ ၃:၁-၃၀

  • နေဗုခဒ်နေဇာရဲ့ ရွှေရုပ်တု (၁-၇)

    • ရုပ်တုကိုဦးချဖို့ အမိန့်ချ (၄-၆)

  • ဟီဘရူးလူငယ်သုံးယောက်ကို မနာခံသူလို့ စွပ်စွဲ (၈-၁၈)

    • ‘မင်းကြီးရဲ့ဘုရားတွေကို ကျွန်တော်တို့ မကိုးကွယ်ဘူး’ (၁၈)

  • မီးဖိုထဲ ပစ်ချ (၁၉-၂၃)

  • မီးထဲမှ အံ့ဖွယ်နည်းနဲ့ကယ်တင် (၂၄-၂၇)

  • ဟီဘရူးတို့ရဲ့ဘုရားကို ချီးမွမ်း (၂၈-၃၀)

 ဘုရင်နေဗုခဒ်နေဇာက  အမြင့်အတောင် ၆၀၊* အနံ ၆ တောင်* ရှိတဲ့ ရွှေရုပ်တုတစ်ခု လုပ်ပြီး ဗာဗုလုန်ခရိုင်၊ ဒုရလွင်ပြင်မှာ တည်ထားတယ်။ ၂  အဲဒီနောက် ဘုရင်ခံချုပ်၊ ဝန်ကြီး၊ ဘုရင်ခံ၊ အကြံပေးအရာရှိ၊ ဘဏ္ဍာထိန်း၊ တရားသူကြီး၊ လက်ထောက်တရားသူကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေ အားလုံးကို သူတည်ထားတဲ့ ရုပ်တုကို ဆက်ကပ်တဲ့ အခမ်းအနားမှာ လာရောက်စုဝေးကြဖို့ ဆင့်ခေါ်လိုက်တယ်။ ၃  ဒါကြောင့် ဘုရင်ခံချုပ်၊ ဝန်ကြီး၊ ဘုရင်ခံ၊ အကြံပေးအရာရှိ၊ ဘဏ္ဍာထိန်း၊ တရားသူကြီး၊ လက်ထောက်တရားသူကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေက ရုပ်တုဆက်ကပ်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ စုဝေးလာပြီး နေဗုခဒ်နေဇာ တည်ထားတဲ့ ရုပ်တုရှေ့မှာ ရပ်နေကြတယ်။ ၄  အဲဒီအခါ သံတော်ဆင့်က “ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းတို့၊ အမိန့်တော်ကို နားထောင်ကြ။ ၅  တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာ၊ အိတ်ပလွေနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို မင်းတို့ကြားတဲ့အခါ ဘုရင်နေဗုခဒ်နေဇာ တည်ထားတဲ့ ရွှေရုပ်တုကို ဦးချရှိခိုးရမယ်။ ၆  ဦးမချ ဝတ်မပြုတဲ့သူကို တောက်လောင်နေတဲ့ မီးဖိုကြီးထဲချက်ချင်းပစ်ချမယ်”+ လို့ကြေညာတယ်။ ၇  ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းက တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို ကြားတဲ့အခါ ဘုရင်နေဗုခဒ်နေဇာ တည်ထားတဲ့ ရွှေရုပ်တုကို ဦးချဝတ်ပြုကြတယ်။ ၈  အဲဒီအချိန်မှာ ခါလဒဲလူတချို့ ရှေ့ထွက်လာပြီး ဂျူးတွေကို စွပ်စွဲကြတယ်။ ၉  ဘုရင်နေဗုခဒ်နေဇာကို “အရှင်မင်းကြီး၊ အသက်တော် ထာဝစဉ်ရှည်ပါစေ။ ၁၀  တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာ၊ အိတ်ပလွေနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို ကြားတဲ့အခါ ရွှေရုပ်တုကို ဦးချဝတ်ပြုရမယ်၊ ၁၁  ဦးမချ ဝတ်မပြုတဲ့သူကို တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချမယ်ဆိုပြီး မင်းကြီး အမိန့်ထုတ်ပါတယ်။+ ၁၂  ဒါပေမဲ့ အရှင်မင်းကြီး၊ ဗာဗုလုန်ခရိုင်မှာ အုပ်ချုပ်ရေးမှူးတွေအဖြစ် မင်းကြီးခန့်ထားတဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါလို့ခေါ်တဲ့+ ဂျူးတွေက မင်းကြီးရဲ့အမိန့်ကို အရေးမလုပ်ပါဘူး။ မင်းကြီးရဲ့ ဘုရားတွေကို မကိုးကွယ်တဲ့အပြင် တည်ထားတဲ့ ရွှေရုပ်တုကိုလည်း ဝတ်မပြုကြပါဘူး” လို့လျှောက်တင်တယ်။ ၁၃  အဲဒီအခါ  နေဗုခဒ်နေဇာက အကြီးအကျယ် ဒေါသထွက်ပြီး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ရှေ့တော်သွင်းစေလို့ အမိန့်ပေးတဲ့အတွက် သူတို့ ရှေ့တော်ကို ရောက်လာကြတယ်။ ၁၄  နေဗုခဒ်နေဇာက  “ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့၊ မင်းတို့က ငါ့ဘုရားတွေကို မကိုးကွယ်တဲ့အပြင်+ ငါတည်ထားတဲ့ ရွှေရုပ်တုကိုလည်း ဝတ်မပြုကြဘူးဆို ဟုတ်လား။ ၁၅  အခု တံပိုး၊ ပလွေ၊ ဒုံမင်း၊ ဗျပ်စောင်း၊ ကြိုးတပ်တူရိယာ၊ အိတ်ပလွေနဲ့ တူရိယာအမျိုးမျိုး တီးမှုတ်သံကို ကြားတာနဲ့ ငါတည်ထားတဲ့ ရုပ်တုကို ဦးချရှိခိုးဖို့ အသင့်ဖြစ်နေမယ်ဆိုရင် မင်းတို့အတွက် ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ချက်ချင်းပစ်ချမယ်။ ဘယ်ဘုရားက ငါ့လက်ကနေ မင်းတို့ကို ကယ်တင်နိုင်မလဲ”+ လို့ပြောတယ်။ ၁၆  ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့က “အရှင်မင်းကြီး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လျှောက်တင်စရာ ဘာမှမရှိပါဘူး။ ၁၇  ကျွန်တော်တို့ကို မီးဖိုထဲ ပစ်ချလိုက်ရင် ကျွန်တော်တို့ကိုးကွယ်တဲ့ ဘုရားသခင်က မီးဖိုကြီးထဲကနေရော မင်းကြီးရဲ့လက်ကနေပါ ကျွန်တော်တို့ကို ကယ်တင်နိုင်ပါတယ်။+ ၁၈  မကယ်တင်ခဲ့ရင်တောင် မင်းကြီးရဲ့ဘုရားတွေကို ကျွန်တော်တို့ ကိုးကွယ်မှာ မဟုတ်ပါဘူး၊ မင်းကြီးတည်ထားတဲ့ ရွှေရုပ်တုကိုလည်း ဝတ်ပြုမှာ မဟုတ်ဘူးဆိုတာ သိမှတ်တော်မူပါ”+ လို့လျှောက်တင်တယ်။ ၁၉  အဲဒီအခါ နေဗုခဒ်နေဇာက ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို အကြီးအကျယ် ဒေါသထွက်ပြီး မျက်နှာပျက်သွားတယ်။* ဒါနဲ့ မီးဖိုကြီးကို အခုထက် ခုနစ်ဆပူအောင်လုပ်ဖို့ အမိန့်ပေးတယ်။ ၂၀  ပြီးတော့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို တုပ်နှောင်ပြီး တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချဖို့ ခွန်အားကြီး စစ်သည်တချို့ကို အမိန့်ပေးလိုက်တယ်။ ၂၁  သူတို့ကို ဝတ်ရုံ၊ အဝတ်၊ ခေါင်းပေါင်း၊ ဝတ်ထားတဲ့ အဝတ်တွေနဲ့အတူ တုပ်နှောင်ပြီး တောက်လောင်နေတဲ့ မီးဖိုကြီးထဲ ပစ်ချကြတယ်။ ၂၂  အမိန့်တော် ပြင်းထန်လွန်းတဲ့အတွက်၊ မီးဖိုကြီးကလည်း အပူရှိန်ပြင်းလွန်းတဲ့အတွက် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ပစ်ချတဲ့လူတွေ မီးဟပ်ပြီး သေကုန်တယ်။ ၂၃  ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ သုံးယောက်ကတော့ တောက်လောင်နေတဲ့ မီးဖိုကြီးထဲ တုပ်နှောင်လျက်သား ကျသွားတယ်။ ၂၄  နောက်တော့ ဘုရင်နေဗုခဒ်နေဇာ လန့်ဖျပ်သွားပြီး ချက်ချင်း ထရပ်တယ်။ ပြီးတော့  “လူသုံးယောက်ကို တုပ်နှောင်ပြီး မီးထဲချလိုက်တာ မဟုတ်လား” လို့မေးတဲ့အခါ မင်းအရာရှိတွေက “မှန်လှပါ။ အရှင်မင်းကြီး” လို့ဖြေကြတယ်။ ၂၅  ဘုရင်ကြီးက “ကြည့်စမ်း။ လူလေးယောက် မီးထဲမှာ နှောင်ကြိုးမရှိ၊ မီးမထိဘဲ လမ်းလျှောက်နေတာကို  ငါမြင်နေရပါလား။  လေးယောက်မြောက်လူဟာ ဘုရားရဲ့သားနဲ့ တူတယ်” လို့ပြောတယ်။ ၂၆  အဲဒီနောက် နေဗုခဒ်နေဇာက တောက်လောင်နေတဲ့ မီးဖိုကြီးရဲ့ တံခါးနားကို သွားပြီး “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊  အမြင့်ဆုံး  ဘုရားသခင်ရဲ့+ ကျွန်တို့၊ ထွက်လာကြ” လို့ပြောတဲ့အခါ  ရှာဒရက်၊  မေရှက်၊ အဗေဒနေဂေါတို့  မီးထဲကနေ   ထွက်လာတယ်။ ၂၇  သူတို့ရဲ့ခန္ဓာကိုယ် မီးမစွဲတာ၊+ ဆံချည်တစ်မျှင်တောင် မီးမကျွမ်းတာ၊ ဝတ်ရုံလည်း ဘာမှမဖြစ်တဲ့အပြင် မီးလောင်ထားတဲ့အနံ့တောင် မထွက်တာကို  စုဝေးရောက်ရှိနေတဲ့ ဘုရင်ခံချုပ်၊ ဝန်ကြီး၊ ဘုရင်ခံ၊ မင်းအရာရှိတွေအားလုံး+ တွေ့သွားတယ်။ ၂၈  အဲဒီအခါ  နေဗုခဒ်နေဇာက “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ရဲ့ ဘုရားသခင်ကို ချီးမွမ်းကြ။+ အဲဒီဘုရားက ကောင်းကင်တမန်ကို လွှတ်ပြီး သူ့ကျွန်တွေကို ကယ်တင်လိုက်တာပဲ။ သူတို့က အဲဒီဘုရားကို ကိုးစားကြတယ်။ တခြားဘုရားကို ကိုးကွယ်မယ့်အစား  ကိုယ့်ဘုရားသခင်ကိုပဲ ကိုးကွယ်ကြတယ်။  အမိန့်တော်ကို ဖီဆန်ပြီး  အသေခံဖို့  အသင့်ရှိကြတယ်။+ ၂၉  ဒါကြောင့် ငါအမိန့်ထုတ်ပြန်မယ်– ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ရဲ့ ဘုရားသခင်ကို ပြစ်မှားပြောဆိုတဲ့သူ၊ ဘာသာစကား အမျိုးမျိုးပြောတဲ့ ဘယ်လူမျိုးကိုမဆို အပိုင်းပိုင်း ခုတ်ဖြတ်စေ။ သူတို့ရဲ့အိမ်တွေလည်း မစင်စွန့်တဲ့နေရာ* ဖြစ်စေ။ ဒီဘုရားလိုမျိုး ဘယ်ဘုရားကမှ မကယ်တင်နိုင်ဘူး”+ လို့အမိန့်ချလိုက်တယ်။ ၃၀  အဲဒီနောက် ဘုရင်က ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်ခရိုင်မှာ ချီးမြှင့်မြှောက်စားတယ်။+

အောက်ခြေမှတ်ချက်များ

၈၈ ပေခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
၈.၈ ပေခန့်။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဒါမှမဟုတ်၊ “သဘောထား လုံးလုံးပြောင်းသွားတယ်။”
“အမှိုက်ပုံ၊ နောက်ချေးပုံ” လည်းဖြစ်နိုင်။