ဒံယေလ ၄:၁-၃၇
၄ “ဘုရင်နေဗုခဒ်နေဇာက ကမ္ဘာမြေတစ်ခွင်မှာ နေထိုင်တဲ့ ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအားလုံးကို မိန့်မှာလိုက်တယ်– မင်းတို့ဆီမှာ ငြိမ်သက်ခြင်း တိုးများပါစေ။
၂ ငါ့ကို အမြင့်ဆုံး ဘုရားသခင်ပြတဲ့ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေအကြောင်း မင်းတို့ကို ငါပြောပြချင်တယ်။
၃ အဲဒီဘုရားပြတဲ့ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေဟာ တန်ခိုးကြီးလှတယ်။ သူ့ရဲ့နိုင်ငံဟာ ထာဝစဉ်တည်မြဲတယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာလည်း လူမျိုးအဆက်ဆက် တည်တံ့တယ်။+
၄ “ငါနေဗုခဒ်နေဇာက နန်းတော်မှာ အပူအပင်မရှိဘဲ စည်းစိမ်အပြည့်နဲ့ စံမြန်းနေတုန်း၊
၅ ကြောက်စရာအိပ်မက်တစ်ခုကို မက်တယ်။ သလွန်ပေါ်မှာ လဲလျောင်းနေတုန်း ပုံရိပ်တွေ၊ စိတ်အာရုံတွေမြင်ပြီး ထိတ်လန့်သွားတယ်။+
၆ ဒါကြောင့် အိပ်မက်အဓိပ္ပာယ်ကို ပြောပြဖို့ ဗာဗုလုန်ပညာရှိအားလုံးကို ရှေ့တော်သွင်းစေလို့ ငါအမိန့်ထုတ်လိုက်တယ်။+
၇ “အဲဒီအခါ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ခါလဒဲလူတွေ၊* နက္ခတ်ဗေဒင်ဆရာတွေ ရောက်လာတယ်။+ အိပ်မက်အကြောင်း ငါပြောပြပေမဲ့ အဓိပ္ပာယ်ကို သူတို့ မပြောပြနိုင်ဘူး။+
၈ နောက်ဆုံးတော့ ငါ့ရှေ့ကို ဒံယေလ ရောက်လာတယ်။ ငါ့ဘုရားကို ဂုဏ်ပြုတဲ့အနေနဲ့+ ဗေလတရှာဇာလို့+ ငါနာမည်ပေးထားတဲ့သူ၊ သန့်ရှင်းတဲ့ ဘုရားတွေဆီက စွမ်းအားကို ရရှိထားသူပဲ။+ ငါ့အိပ်မက်အကြောင်း သူ့ကိုပြောပြလိုက်တယ်–
၉ “‘မှော်ဆရာတွေရဲ့ ဦးစီးချုပ်+ ဗေလတရှာဇာ၊ သန့်ရှင်းတဲ့ဘုရားတွေဆီက စွမ်းအားကို ရရှိထားတဲ့အတွက်+ မင်း မဖော်ထုတ်နိုင်တဲ့ လျှို့ဝှက်ချက်မရှိမှန်း+ ငါကောင်းကောင်းသိတယ်။ ဒါကြောင့် ငါမြင်မက်ခဲ့တဲ့ စိတ်အာရုံတွေကိုရော အဓိပ္ပာယ်ကိုပါ ရှင်းပြပါ။
၁၀ “‘သလွန်ပေါ်မှာ အိပ်နေတုန်း စိတ်အာရုံတွေကို ငါမြင်မက်တယ်။ ကမ္ဘာမြေရဲ့အလယ်မှာ မြင့်မားလှတဲ့ သစ်ပင်တစ်ပင် ပေါက်နေတာကို ငါမြင်တယ်။+
၁၁ အဲဒီသစ်ပင်က ကြီးထွားသန်မာလာပြီး အပင်ထိပ်ဖျားက မိုးကောင်းကင်အထိ မြင့်လာတယ်။ ကမ္ဘာ့အစွန်အဖျားကနေတောင် မြင်ရတယ်။
၁၂ အရွက်တွေ လှပဝေဆာတယ်။ အသီးတွေ လှိုင်လှိုင်သီးတဲ့အတွက် သတ္တဝါအားလုံး စားသုံးနိုင်တယ်။ သားရဲတွေ အပင်ရိပ်ကို ခိုတယ်။ အကိုင်းအခက်တွေပေါ် မိုးကောင်းကင်ငှက်တွေ နားတယ်။ သတ္တဝါအားလုံး အပင်ရဲ့အသီးကို စားကြတယ်။
၁၃ “‘သလွန်ပေါ်မှာ အဲဒီစိတ်အာရုံကို ငါမြင်နေတုန်း ကောင်းကင်ကနေ သန့်ရှင်းသူစေတမန်* ဆင်းလာတာကို တွေ့ရတယ်။+
၁၄ သူက “အဲဒီသစ်ပင်ကို ခုတ်ပစ်လိုက်။+ အကိုင်းအခက်တွေကို ခုတ်ပစ်ပါ။ အရွက်တွေကို ခြွေချပြီး အသီးတွေကို လွှင့်ပစ်ပါ။ အပင်ရိပ်ခိုနေတဲ့ သားရဲတွေ၊ အကိုင်းအခက်မှာ နားနေတဲ့ ငှက်တွေ ထွက်ပြေးပါစေ။
၁၅ မြေမှာအမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ သံကြိုး၊ ကြေးနီကြိုးနဲ့ ပတ်ချည်ပြီး မြက်ပင်တွေကြားမှာ ချန်ထားခဲ့ပါ။ သစ်ငုတ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ပါစေ။ သားရဲတွေနဲ့အတူ အပင်တွေကြားမှာ ဒီအတိုင်းရှိနေပါစေ။+
၁၆ လူစိတ်ပျောက်ပြီး တိရစ္ဆာန်စိတ် ဝင်ပါစေ။ ဒီလိုနဲ့ ခုနစ်ကာလ+ ကုန်လွန်သွားပါစေ။+
၁၇ ဒါဟာ စေတမန်တွေရဲ့ ကြေညာချက်ပဲ။+ သန့်ရှင်းသူတွေ ကြေညာတဲ့ စီရင်ဆုံးဖြတ်ချက်ပဲ။ အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်ပြီး+ နိုင်ငံကို သူပေးချင်တဲ့သူကို ပေးနိုင်မှန်း၊ အနိမ့်ကျဆုံးသူကိုတောင် အုပ်စိုးခွင့်ပေးနိုင်မှန်း အသက်ရှင်နေတဲ့ လူသားတွေသိစေဖို့ ဖြစ်တယ်” လို့ ကြွေးကြော်တယ်။
၁၈ “‘ဒါဟာ ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်တဲ့ အိပ်မက်ပဲ။ ဗေလတရှာဇာ၊ အိပ်မက်အဓိပ္ပာယ်ကို အခု ပြောပြပေတော့။ ငါ့နိုင်ငံထဲက ပညာရှိတွေ တစ်ယောက်မှ မပြောနိုင်ဘူး။+ မင်းကတော့ သန့်ရှင်းတဲ့ဘုရားတွေဆီက စွမ်းအားကို ရရှိထားသူဖြစ်လို့ ပြောပြနိုင်မှာပါ။’
၁၉ “အဲဒီအခါ ဗေလတရှာဇာလို့ခေါ်တဲ့+ ဒံယေလက ထိတ်လန့်ပြီး ခဏလောက် ကြက်သေသေသွားတယ်။
“ဘုရင်က ‘ဗေလတရှာဇာ၊ အိပ်မက်နဲ့ အဓိပ္ပာယ်ကြောင့် မကြောက်ပါနဲ့’ လို့ပြောတယ်။
“ဗေလတရှာဇာက ‘အရှင်မင်းကြီး၊ ဒီအိပ်မက်ဟာ မင်းကြီးကို မုန်းတီးနေသူတွေနဲ့ပဲ သက်ဆိုင်ပါစေ။ အိပ်မက်အဓိပ္ပာယ်ဟာ မင်းကြီးရဲ့ ရန်သူတွေနဲ့ပဲ သက်ဆိုင်ပါစေ။
၂၀ “‘မင်းကြီးက ကြီးထွားသန်မာတဲ့ သစ်ပင်ကို မြင်ရတယ်။ အပင်ထိပ်ဖျားက မိုးကောင်းကင်အထိ မြင့်တော့ မြေတစ်ပြင်လုံးကနေတောင် မြင်ရတယ်။+
၂၁ အရွက်တွေ လှပဝေဆာတယ်။ အသီးတွေ လှိုင်လှိုင်သီးတဲ့အတွက် သတ္တဝါအားလုံး စားသုံးနိုင်တယ်။ သားရဲတွေ အပင်ရိပ်ကို ခိုတယ်။ အကိုင်းအခက်တွေပေါ် မိုးကောင်းကင်ငှက်တွေ နားတယ်။+
၂၂ အဲဒီသစ်ပင်ဟာ အရှင်မင်းကြီးပါပဲ။ မင်းကြီးက ကြီးမြတ်ပြီး ခိုင်မာလာတယ်။ မင်းကြီးရဲ့ဂုဏ်ကျက်သရေဟာ မိုးကောင်းကင်အထိ ရောက်တယ်။+ အုပ်ချုပ်ခွင့်အာဏာကလည်း ကမ္ဘာ့အစွန်အဖျားအထိ သက်ရောက်တယ်။+
၂၃ “‘အဲဒီအချိန်မှာ ကောင်းကင်ကနေ သန့်ရှင်းသူစေတမန်+ ဆင်းလာပြီး “သစ်ပင်ကို ခုတ်လှဲပြီး ဖျက်ဆီးပစ်လိုက်။ မြေမှာအမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ သံကြိုး၊ ကြေးနီကြိုးနဲ့ ပတ်ချည်ပြီး မြက်ပင်တွေကြားမှာ ချန်ထားခဲ့ပါ။ သစ်ငုတ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ပါစေ။ သားရဲတွေကြားမှာ ဒီအတိုင်း ရှိနေပါစေ။ ခုနစ်ကာလ ကုန်လွန်သွားတဲ့အထိ အဲဒီအတိုင်း ဖြစ်နေပါစေ”+ လို့ပြောတာကို မင်းကြီး မြင်မက်ခဲ့တယ်။
၂၄ ကျွန်တော့်သခင် အရှင်မင်းကြီး၊ ဒါဟာ မင်းကြီးအပေါ်ကျရောက်စေဖို့ အမြင့်ဆုံးအရှင် ချမှတ်တဲ့အမိန့်ပါ။ အိပ်မက်အဓိပ္ပာယ်ကတော့–
၂၅ မင်းကြီးဟာ လူတောထဲကနေ နှင်ထုတ်ခံရပါလိမ့်မယ်။ သားရဲတွေနဲ့အတူ နေထိုင်ရပြီး နွားလို မြက်ကို စားရလိမ့်မယ်။ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ရလိမ့်မယ်။+ အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်မှန်း၊ နိုင်ငံကို ပေးချင်တဲ့သူကို ပေးနိုင်မှန်း+ မင်းကြီး သိလာတဲ့အချိန်အထိ ခုနစ်ကာလကြာအောင်+ အဲဒီလို နေရပါလိမ့်မယ်။
၂၆ “‘အမြစ်စွဲနေတဲ့ သစ်ငုတ်ကိုတော့ ချန်ထားပါလို့+ သူတို့ပြောတဲ့အတွက် ကောင်းကင်အုပ်စိုးရှင် ဘုရားတစ်ပါးရှိမှန်း မင်းကြီးသိလာပြီးတဲ့နောက် နိုင်ငံကို ပြန်အုပ်ချုပ်ရမယ်။
၂၇ အရှင်မင်းကြီး၊ ကျွန်တော် အကြံပေးတာကို လက်ခံပါ။ မှန်ရာကို လုပ်ပြီး အပြစ်တွေကို ကျောခိုင်းပါ။ ဆင်းရဲသားတွေကို ကရုဏာပြပြီး အမှားတွေကို စွန့်ပစ်ပါ။ ဒါဆိုရင် စည်းစိမ်ချမ်းသာနဲ့ ဆက်ပြီး စံမြန်းနိုင်မယ်။”+
၂၈ ဒါတွေအားလုံးကို ဘုရင်နေဗုခဒ်နေဇာ ကြုံတွေ့ရတယ်။
၂၉ နောက်ဆယ့်နှစ်လအကြာမှာ ဘုရင်က ဗာဗုလုန်နန်းတော် အမိုးပေါ်မှာ လမ်းလျှောက်ရင်း၊
၃၀ “ဒီမြို့ဟာ ငါကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ဗာဗုလုန်မြို့ကြီးပဲ။ ငါ့ဘုန်းတန်ခိုး ထင်ရှားစေဖို့ ငါ့အစွမ်းခွန်အားနဲ့ မင်းနေပြည်တော်အဖြစ် ငါတည်ဆောက်ထားတာပဲ” လို့ပြောတယ်။
၃၁ အဲဒီလိုပြောလို့ မဆုံးခင်မှာပဲ ကောင်းကင်ကနေ စကားသံတစ်ခု ထွက်လာတယ်– “အို ဘုရင်နေဗုခဒ်နေဇာ၊ နားထောင်ပါ။ ‘နိုင်ငံကို မင်းဆီကနေ ရုပ်သိမ်းလိုက်ပြီ။+
၃၂ မင်းဟာ လူတောထဲကနေ နှင်ထုတ်ခံရလိမ့်မယ်။ သားရဲတွေနဲ့အတူ နေထိုင်ရပြီး နွားလို မြက်ကို စားရလိမ့်မယ်။ အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်မှန်း၊ နိုင်ငံကို ပေးချင်တဲ့သူကို ပေးနိုင်မှန်း မင်းသိလာတဲ့အချိန်အထိ ခုနစ်ကာလ ကြာအောင် အဲဒီလို နေရလိမ့်မယ်။’”+
၃၃ နေဗုခဒ်နေဇာဟာ အဲဒီစကားအတိုင်း ချက်ချင်းကြုံရတယ်။ လူတောထဲကနေ နှင်ထုတ်ခံရပြီး နွားလို မြက်ကိုစားရတယ်။ သူ့ခန္ဓာကိုယ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ပြီး ဆံပင်တွေလည်း လင်းယုန်အမွေးအတောင်တွေလို ရှည်လာတယ်။ လက်သည်းခြေသည်းတွေလည်း ငှက်ခြေသည်းတွေလို ရှည်လာတယ်။+
၃၄ “ခုနစ်ကာလစေ့သွားတဲ့အခါ+ ငါနေဗုခဒ်နေဇာက ကောင်းကင်ကို မော့ကြည့်ပြီး စိတ်က ပုံမှန်ပြန်ဖြစ်လာတယ်။ ဒါကြောင့် အမြင့်ဆုံးအရှင်ကို ချီးမွမ်းပြီး ထာဝစဉ်အသက်ရှင်တဲ့အရှင်ကို ချီးမွမ်းဂုဏ်တင်တယ်။ အဲဒီဘုရားရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ ထာဝစဉ်တည်တံ့တယ်။ သူ့နိုင်ငံလည်း လူမျိုးအဆက်ဆက် တည်မြဲတယ်။+
၃၅ ကမ္ဘာသူကမ္ဘာသားအားလုံးဟာ အဲဒီဘုရားရှေ့မှာ ဘာမှမဟုတ်တဲ့ သူတွေပဲ။ အဲဒီဘုရားဟာ ကောင်းကင်ဗိုလ်ခြေတွေနဲ့ ကမ္ဘာမြေပေါ် နေထိုင်သူတွေကို အလိုရှိတဲ့အတိုင်း လုပ်နိုင်တယ်။ သူ့ကို တားဆီးနိုင်တဲ့သူ၊+ ‘ဘယ်လိုလုပ်လိုက်တာလဲ’ ဆိုပြီး ပြောနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။+
၃၆ “အဲဒီအချိန်မှာ ငါ့စိတ်ဟာ ပုံမှန်ပြန်ဖြစ်လာတယ်။ ငါ့နိုင်ငံ ဂုဏ်ကျက်သရေ၊ ငါ့ရဲ့ခံ့ညားထည်ဝါမှု၊ ခမ်းနားမြင့်မြတ်မှုတွေကို ပြန်ရတယ်။+ မင်းအရာရှိတွေ၊ မှူးမတ်တွေက ငါ့ကို အပူတပြင်း လိုက်ရှာပြီး ထီးနန်းပြန်အပ်တဲ့အတွက် ငါဟာ အရင်ကထက် ဘုန်းတန်ခိုးကြီးလာတယ်။
၃၇ “အခု ငါနေဗုခဒ်နေဇာက ကောင်းကင်အုပ်စိုးရှင် ဘုရင်မင်းမြတ်ကို ချီးမွမ်းဂုဏ်တင်ပါတယ်။ ချီးမြှောက်ပါတယ်။+ အဲဒီဘုရားဟာ လုပ်ဆောင်လေသမျှ မှန်ကန်ပြီး နည်းလမ်းတော်တွေလည်း တရားမျှတတယ်။+ မာနကြီးသူတွေကို နှိမ့်ချနိုင်တယ်။”+