ဒံယေလ ၅:၁-၃၁
၅ ဘုရင်ဗေလရှာဇာက+ မှူးမတ်တစ်ထောင်အတွက် စားသောက်ပွဲကြီး ကျင်းပပြီး သူတို့နဲ့အတူ စပျစ်ဝိုင် သောက်နေတယ်။+
၂ ဗေလရှာဇာဟာ ဝိုင်မူးလာတဲ့အခါ ဂျေရုဆလင် ဗိမာန်တော်ကနေ ခမည်းတော်* နေဗုခဒ်နေဇာ သိမ်းယူခဲ့တဲ့ ရွှေခွက်ဖလားတွေ၊ ငွေခွက်ဖလားတွေကို ယူခဲ့ဖို့ အမိန့်ပေးတယ်။+ ဘုရင်ရော မှူးမတ်တွေ၊ မောင်းမတွေ၊ မိဖုရားငယ်တွေပါ အဲဒီခွက်ဖလားတွေနဲ့ စပျစ်ဝိုင်သောက်ကြဖို့ပဲ။
၃ ဒါနဲ့ ဂျေရုဆလင်မှာရှိတဲ့ ဘုရားသခင့် ဗိမာန်တော်ကနေ သိမ်းယူခဲ့တဲ့ ရွှေခွက်ဖလားတွေကို ယူလာကြတယ်။ ဘုရင်နဲ့ မှူးမတ်တွေ၊ မောင်းမတွေ၊ မိဖုရားတွေက အဲဒီခွက်ဖလားတွေနဲ့ ဝိုင်သောက်ကြတယ်။
၄ သူတို့ စပျစ်ဝိုင်သောက်ပြီး ရွှေဘုရား၊ ငွေဘုရား၊ ကြေးနီဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို ချီးမွမ်းကြတယ်။
၅ အဲဒီအချိန်မှာပဲ လူ့လက်တစ်ဖက် ပေါ်လာပြီး ဆီမီးတိုင်နားက နန်းတော်နံရံပေါ်မှာ စာရေးတော့တယ်။ ဘုရင်ဗေလရှာဇာက စာရေးနေတဲ့လက်ကို မြင်ရတဲ့အတွက်၊
၆ မျက်နှာသွေးဆုတ်ပြီး ထိတ်လန့်လာတယ်။ တင်ပါး တဆတ်ဆတ်တုန်ပြီး+ ဒူးချင်းရိုက်နေတယ်။
၇ ဘုရင်ဗေလရှာဇာက မျက်လှည့်ဆရာတွေ၊ ခါလဒဲလူတွေ၊* နက္ခတ်ဗေဒင်ဆရာတွေကို ဆင့်ခေါ်စေဆိုပြီး အော်ပြောတယ်။+ ပြီးတော့ “ဒီစာကိုဖတ်ပြီး အဓိပ္ပာယ် ပြောပြနိုင်သူကို ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ပေးပြီး ရွှေလည်ဆွဲ ဆွဲပေးမယ်။+ တတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်စေမယ်”+ လို့ အဲဒီပညာရှိတွေကို အမိန့်ထုတ်တယ်။
၈ ဒါနဲ့ ပညာရှိအားလုံး အခစားဝင်လာတယ်။ ဒါပေမဲ့ အဲဒီစာကို သူတို့မဖတ်နိုင်ဘူး။ အဓိပ္ပာယ်ကိုလည်း မပြောပြနိုင်ဘူး။+
၉ ဒါကြောင့် ဘုရင်ဗေလရှာဇာက အကြီးအကျယ် ထိတ်လန့်ပြီး မျက်နှာသွေးဆုတ်နေတယ်။ မှူးမတ်တွေလည်း ကြံရာမရ ဖြစ်ကုန်တယ်။+
၁၀ မိဖုရားက* ဘုရင်နဲ့ မှူးမတ်တွေပြောနေတာကို ကြားတဲ့အခါ စားသောက်ခန်းမထဲ ဝင်လာပြီး “အရှင်မင်းကြီး၊ အသက်တော် ထာဝစဉ် ရှည်ပါစေ။ အဲဒီလောက်ကြီး စိတ်မပူပါနဲ့။ မျက်နှာမပျက်ပါနဲ့။
၁၁ ခမည်းတော် လက်ထက်တုန်းက နိုင်ငံမှာ သန့်ရှင်းတဲ့ဘုရားတွေဆီက စွမ်းအားကို ရရှိထားသူတစ်ယောက် ရှိတယ်။ သူ့ဆီမှာ ဉာဏ်အလင်း၊ ထိုးထွင်းဉာဏ်၊ ဘုရားလိုဉာဏ်ပညာမျိုး ရှိတယ်။+ အရှင်မင်းကြီး၊ ခမည်းတော် နေဗုခဒ်နေဇာမင်းကြီးက သူ့ကို မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ၊ ခါလဒဲလူတွေ၊* နက္ခတ်ဗေဒင်ဆရာတွေရဲ့ ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။+
၁၂ ဗေလတရှာဇာလို့+ ခမည်းတော်နာမည် ပေးထားတဲ့ ဒံယေလဟာ ထူးခြားတဲ့ စိတ်သဘော၊ အသိပညာနဲ့ ထိုးထွင်းဉာဏ်ရှိသူပါ။ အိပ်မက်အဓိပ္ပာယ်ကို ဖွင့်ပြနိုင်တယ်။ ပဟေဠိတွေကို ရှင်းပြနိုင်တယ်။ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။*+ အခု၊ ဒံယေလကို ဆင့်ခေါ်လိုက်ပါ။ စာရဲ့အဓိပ္ပာယ်ကို ပြောပြပါလိမ့်မယ်” လို့ပြောတယ်။
၁၃ ဒါနဲ့ ဒံယေလကို ရှေ့တော်သွင်းကြတယ်။ ဘုရင်က ဒံယေလကို “ယုဒပြည်ကနေ ခမည်းတော်မင်းကြီး ဖမ်းခေါ်လာတဲ့+ ယုဒသုံ့ပန်းတွေထဲက ဒံယေလဆိုတာ မောင်မင်းလား။+
၁၄ ဘုရားတွေဆီက စွမ်းအားကို မင်း ရရှိထားတယ်၊+ ဉာဏ်အလင်း၊ ထိုးထွင်းဉာဏ်၊ ထူးခြားတဲ့ ဉာဏ်ပညာရှိတယ်လို့ ငါကြားတယ်။+
၁၅ ဒီစာကို ဖတ်ပြီး အဓိပ္ပာယ်ပြောပြဖို့ ပညာရှိတွေ၊ မျက်လှည့်ဆရာတွေကို ငါခေါ်ပေမဲ့ စာရဲ့အဓိပ္ပာယ်ကို သူတို့ မပြောပြနိုင်ဘူး။+
၁၆ မင်းကတော့ အဓိပ္ပာယ်ကို ပြောပြနိုင်တယ်၊+ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ငါကြားတယ်။ အခု၊ ဒီစာကိုဖတ်ပြီး အဓိပ္ပာယ် ပြောပြနိုင်မယ်ဆိုရင် မင်းကို ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ပေးပြီး ရွှေလည်ဆွဲ ဆွဲပေးမယ်။ တတိယအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်စေမယ်”+ လို့ပြောတယ်။
၁၇ အဲဒီအခါ ဒံယေလက “ဆုလက်ဆောင်တွေကို မင်းကြီးဆီမှာပဲ ထားပြီး တခြားသူတွေကို ပေးချင်ပေးလိုက်ပါ။ ဒီစာကိုတော့ ကျွန်တော်ဖတ်ပြပြီး အဓိပ္ပာယ် ပြောပြပါ့မယ်။
၁၈ အရှင်မင်းကြီး၊ အမြင့်ဆုံးဘုရားသခင်က မင်းကြီးရဲ့ ခမည်းတော် နေဗုခဒ်နေဇာကို နိုင်ငံ၊ ကြီးမြတ်မှု၊ ဂုဏ်ကျက်သရေ၊ ဘုန်းတန်ခိုးတွေ ပေးခဲ့တယ်။+
၁၉ ဘုရားပေးတဲ့ ကြီးမြတ်မှုကြောင့် ဘာသာစကားအမျိုးမျိုး ပြောတဲ့ လူမျိုးအားလုံး သူ့ကို ဖိမ့်ဖိမ့်တုန်အောင် ကြောက်ကြတယ်။+ ကွပ်မျက်ချင်ရင် ကွပ်မျက်နိုင်တယ်။ အသက်ချမ်းသာပေးချင်ရင် ပေးနိုင်တယ်။ ချီးမြှောက်ချင်တဲ့သူကို ချီးမြှောက်ပြီး နှိမ့်ချချင်တဲ့သူကို နှိမ့်ချနိုင်တယ်။+
၂၀ ဒါပေမဲ့ သူမောက်မာပြီး ခေါင်းမာလာတဲ့အတွက် အတင့်ရဲလာတယ်။+ ဒါကြောင့် သူ နန်းချခံရပြီး ဘုန်းတန်ခိုး ကွယ်ပျောက်ခဲ့ရတယ်။
၂၁ လူတောထဲကနေ နှင်ထုတ်ခံရတယ်။ တိရစ္ဆာန်စိတ် ဝင်လာပြီး မြည်းရိုင်းတွေနဲ့အတူ နေထိုင်ရတယ်။ နွားလို မြက်ကို စားရတယ်။ သူ့ခန္ဓာကိုယ်ဟာ ကောင်းကင်ကကျတဲ့ နှင်းတွေနဲ့ စိုစွတ်ခဲ့ရတယ်။ အမြင့်ဆုံးဘုရားသခင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်မှန်း၊ အလိုရှိတဲ့သူကို အုပ်စိုးစေနိုင်မှန်း သူသိလာတဲ့အချိန်အထိ အဲဒီလို ကြုံခဲ့ရတယ်။+
၂၂ “အရှင့်သားတော် ဗေလရှာဇာ၊ မင်းကြီးက ဒါတွေအားလုံးကို သိလျက်နဲ့ စိတ်မနှိမ့်ချဘူး။
၂၃ အဲဒီအစား ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တယ်။+ မင်းကြီးက အဲဒီအရှင်ရဲ့အိမ်တော်က ခွက်ဖလားတွေကို ယူလာခိုင်းပြီး+ မှူးမတ်တွေ၊ မောင်းမတွေ၊ မိဖုရားငယ်တွေနဲ့အတူ စပျစ်ဝိုင်သောက်တယ်။ ဘာမှ မမြင်နိုင်၊ မကြားနိုင်၊ မသိနိုင်တဲ့ ငွေဘုရား၊ ရွှေဘုရား၊ ကြေးနီဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို ချီးမွမ်းတယ်။+ အသက်ပေးရှင် ဘုရားသခင်၊ ဘဝလမ်းစဉ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့အရှင်ကိုတော့ ဂုဏ်မတင်ဘူး။+
၂၄ ဒါကြောင့် အဲဒီဘုရားသခင်က လက်တစ်ဖက်ကို စေလွှတ်ပြီး ဒီစာတွေ ရေးခိုင်းလိုက်တာပါ။+
၂၅ မေနေ၊ မေနေ၊ တေကလ၊ ဖေရက်လို့ ရေးထားပါတယ်။
၂၆ “စာရဲ့အဓိပ္ပာယ်ကတော့ မေနေဆိုတာ ဘုရားသခင်က မင်းကြီးရဲ့နန်းသက်ကို ရေတွက်ပြီး အဆုံးသတ်လိုက်ပြီ။+
၂၇ “တေကလဆိုတာကတော့ မင်းကြီးကို ချိန်ခွင်နဲ့ ချိန်ကြည့်တဲ့အခါ အလေးမပြည့်မှန်း သိလိုက်ရပြီ။
၂၈ “ဖာရက်ဆိုတာကတော့ မင်းကြီးရဲ့နိုင်ငံကို ခွဲဝေပြီး မီးဒီးယားနဲ့ ပါးရှားလူမျိုးကို ပေးလိုက်ပြီ။”+
၂၉ အဲဒီအခါ ဗေလရှာဇာ အမိန့်ပေးတဲ့အတွက် ဒံယေလကို ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ပေးပြီး ရွှေလည်ဆွဲ ဆွဲပေးတယ်။ ပြီးတော့ သူဟာ နိုင်ငံမှာ တတိယအကြီးဆုံး အုပ်စိုးရှင်ပဲဆိုပြီး ကြေညာကြတယ်။+
၃၀ အဲဒီညမှာပဲ ခါလဒဲဘုရင် ဗေလရှာဇာ ကွပ်မျက်ခံရတယ်။+
၃၁ အသက် ၆၂ နှစ်လောက်ရှိတဲ့ မီးဒီးယားလူမျိုး ဒါရိက+ နိုင်ငံကို သိမ်းပိုက်လိုက်တယ်။