ဒံယေလ ၈:၁-၂၇

  • သိုးထီးနဲ့ ဆိတ်ထီးအကြောင်း စိတ်အာရုံ (၁-၁၄)

    • ချိုငယ် မာန်ထောင်လာ (၉-၁၂)

    • ညဦးနဲ့ မနက်ပေါင်း ၂,၃၀၀ (၁၄)

  • စိတ်အာရုံအဓိပ္ပာယ်ကို ဂါဗြေလ ရှင်းပြ (၁၅-၂၇)

    • သိုးထီးနဲ့ ဆိတ်ထီးရဲ့ အဓိပ္ပာယ်ကို ရှင်းပြ (၂၀၊ ၂၁)

    • ကြမ်းကြုတ်တဲ့ဘုရင်တစ်ပါး ပေါ်လာ (၂၃-၂၅)

 ငါဒံယေလက ဗေလရှာဇာမင်း+ နန်းစံသုံးနှစ်မှာ စိတ်အာရုံ နောက်တစ်ခုကို မြင်တယ်။+ ၂  မြင်ရတဲ့ စိတ်အာရုံမှာ ငါဟာ ဧလံခရိုင်မှာရှိတဲ့+ ရှုရှန်နန်းတော်ထဲ+ ရောက်နေတယ်။ ဥလဲမြစ်ဘေးမှာ* စိတ်အာရုံကို ငါမြင်တယ်။ ၃  ငါလှမ်းကြည့်လိုက်တဲ့အခါ  အဲဒီမြစ်ရှေ့မှာ သိုးထီးတစ်ကောင်+ ရပ်နေတာကို မြင်တယ်။ သူ့မှာ ဦးချိုနှစ်ချောင်း ရှိတယ်။+ ချိုနှစ်ချောင်းစလုံး ရှည်ပေမဲ့ တစ်ချောင်းက ပိုရှည်တယ်။ ပိုရှည်တဲ့ချိုက နောက်မှ ပေါက်လာတယ်။+ ၄  အဲဒီသိုးထီးကအနောက်ဘက်၊ မြောက်ဘက်၊ တောင်ဘက်ကို ဝှေ့နေတာ ငါမြင်တယ်။ သူ့ရှေ့မှာ သားရဲတစ်ကောင်မှ မရပ်တည်နိုင်ဘူး။ သူ့လက်ကလွတ်အောင် ဘယ်သူမှ မကယ်နိုင်ဘူး။+ အလိုရှိတဲ့အတိုင်း လုပ်ပြီး မာန်ထောင်နေတယ်။ ၅  ငါဆက်ကြည့်နေတုန်း ဆိတ်ထီးတစ်ကောင်က+ အနောက်ဘက်ကနေ ရောက်လာတယ်။  မြေကို  မနင်းဘဲ မြေတစ်ပြင်လုံးကို  ဖြတ်ကျော်လာတယ်။ သူ့မျက်စိနှစ်လုံးကြားမှာ သိသာထင်ရှားတဲ့ ချိုတစ်ချောင်းရှိတယ်။+ ၆  အဲဒီဆိတ်ထီးက ချိုနှစ်ချောင်းနဲ့ သိုးထီးဆီ ဒေါသတကြီး ပြေးလာတယ်။ အဲဒီသိုးဟာ မြစ်ရှေ့မှာရပ်နေတာကို ငါမြင်ခဲ့တဲ့ သိုးထီးပဲ။ ၇  ဆိတ်ထီးက သိုးထီးနား ရောက်တဲ့အခါ ဒေါသတကြီး ဝှေ့ပြီး သိုးထီးရဲ့ ချိုနှစ်ချောင်းကို ချိုးပစ်တာ ငါမြင်တယ်။ သိုးထီးဟာ ဆိတ်ထီးရှေ့မှာ ရပ်တည်နိုင်စွမ်း မရှိဘူး။ ဆိတ်ထီးက သိုးထီးကို မြေပေါ်လှဲချပြီး နင်းခြေပစ်တယ်။ သူ့လက်ကနေ ဘယ်သူမှ မကယ်နိုင်ဘူး။ ၈  ဆိတ်ထီးက အကြီးအကျယ် မာန်ထောင်လာတယ်။ ဒါပေမဲ့ ခွန်အားကြီးလာတာနဲ့ တစ်ပြိုင်နက် သူ့ချိုကြီး ကျိုးသွားတယ်။ အဲဒီနေရာမှာ သိသာထင်ရှားတဲ့ချို ၄ ချောင်းက အရပ်လေးမျက်နှာဆီ* မျက်နှာမူပြီး ပေါက်လာတယ်။+ ၉  အဲဒီချို ၄ ချောင်းထဲက တစ်ချောင်းကနေ ချိုငယ်တစ်ချောင်း ထပ်ပေါက်လာတယ်။ အဲဒီချိုငယ်က တောင်ဘက်၊ အရှေ့ဘက်နဲ့ သာယာလှပတဲ့ ပြည်ဘက်ကို မျက်နှာမူပြီး တန်ခိုးကြီးလာတယ်။+ ၁၀  ကောင်းကင်ဗိုလ်ခြေကို မီတဲ့အထိ တန်ခိုးကြီးလာတော့ ဗိုလ်ခြေတချို့နဲ့ ကြယ်တချို့ကို မြေပေါ်ဆွဲချပြီး နင်းခြေပစ်တယ်။ ၁၁  အဲဒီချိုငယ်ဟာ မာန်ထောင်လာပြီး ဗိုလ်ခြေတို့ရဲ့မင်းကိုတောင် အန်တုလာတယ်။ ပုံမှန်ဆက်သရမယ့် ပူဇော်သက္ကာကို ဗိုလ်ခြေတို့ရဲ့ မင်းဆီကနေ ဖယ်ရှားပစ်ပြီး တည်ထားတဲ့ သန့်ရှင်းရာဌာနတော်ကိုလည်း ဖြိုချလိုက်တယ်။+ ၁၂  အဲဒီပြစ်မှားမှုကြောင့် ဗိုလ်ခြေတစ်တပ်နဲ့ ပုံမှန်ဆက်သရမယ့် ပူဇော်သက္ကာဟာ ချိုငယ်လက်ထဲ ရောက်သွားတယ်။ ချိုငယ်က အမှန်တရားကို မြေပေါ် ပစ်ချတယ်။ လုပ်လေသမျှ အောင်မြင်တယ်။ ၁၃  သန့်ရှင်းသူတစ်ယောက် စကားပြောနေတာကို ငါကြားတယ်။ သန့်ရှင်းသူနောက်တစ်ယောက်က သူ့ကို “ဒီစိတ်အာရုံမှာပါတဲ့ ပုံမှန်ဆက်သရမယ့် ပူဇော်သက္ကာ၊ ပျက်စီးစေတဲ့ပြစ်မှားမှု၊ သန့်ရှင်းရာအရပ်နဲ့ ဗိုလ်ခြေတစ်တပ် နင်းခြေခံရတာတွေဟာ ဘယ်လောက်ကြာကြာ ဖြစ်နေမှာလဲ”+ လို့မေးတယ်။ ၁၄  ဒါနဲ့ သူက “ညဦးနဲ့မနက် ပေါင်း ၂,၃၀၀ ကြာလိမ့်မယ်။ ပြီးမှ သန့်ရှင်းရာအရပ်ဟာ အခြေအနေမှန်ကို ပြန်ရောက်လိမ့်မယ်” လို့ ငါ့ကိုပြောတယ်။ ၁၅  ငါဒံယေလက  စိတ်အာရုံကို ကြည့်ပြီး နားလည်ဖို့ ကြိုးစားနေတုန်း လူသဏ္ဌာန်ရှိသူတစ်ယောက် ငါ့ရှေ့မှာ ရပ်နေတာကို မြင်တယ်။ ၁၆  အဲဒီနောက် ဥလဲမြစ်လယ်မှာရှိတဲ့+ လူတစ်ယောက်က “ဂါဗြေလ၊+ သူမြင်ရတာတွေကို နားလည်အောင် ရှင်းပြလိုက်ပါ”+ ဆိုပြီး လှမ်းပြောတာကို ငါကြားတယ်။ ၁၇  ဒါနဲ့ လူသဏ္ဌာန်ရှိသူဟာ ငါရပ်တဲ့နေရာနားကို ရောက်လာတဲ့အတွက်  ငါလည်း  ကြောက်လွန်းလို့ ပျပ်ဝပ်လိုက်တယ်။ သူက “လူသား၊  ဒီစိတ်အာရုံဟာ  အဆုံးပိုင်းကာလမှာ ပြည့်စုံမယ်ဆိုတာ သိထားပါ”+ လို့ပြောတယ်။ ၁၈  သူစကားပြောနေတုန်း မြေပေါ် မျက်နှာအပ်ပြီး ငါအိပ်မောကျသွားတယ်။ ဒါကြောင့် သူက ငါ့ကို လက်နဲ့တို့ပြီး နဂိုနေရာမှာ ပြန်ရပ်ခိုင်းတယ်။+ ၁၉  အဲဒီနောက် သူပြောတာက– “ပြစ်ဒဏ်စီရင်ချိန်ရဲ့ အဆုံးပိုင်းကာလမှာ ဘာဖြစ်လာမယ်ဆိုတာ ခင်ဗျားကို ကျုပ်ပြောပြမယ်။ အဆုံးပိုင်းကာလ သတ်မှတ်ထားချိန်မှာ အဲဒီအတိုင်း ဖြစ်လာမယ်။+ ၂၀  “ခင်ဗျားမြင်ရတဲ့ ချိုနှစ်ချောင်းနဲ့ သိုးထီးက မီးဒီးယားနဲ့ ပါးရှားဘုရင်တွေကို ဆိုလိုတယ်။+ ၂၁  အမွေးထူတဲ့ ဆိတ်ထီးဟာ ဂရိဘုရင်ကို ဆိုလိုတယ်။+ သူ့မျက်စိနှစ်လုံးကြားက ချိုကြီးဟာ ပထမဘုရင်ကို ဆိုလိုတယ်။+ ၂၂  အဲဒီချို ကျိုးသွားပြီး အဲဒီနေရာမှာ ချို ၄ ချောင်း ပေါက်လာတယ်ဆိုတော့+ သူ့လူမျိုးထဲကနေ နိုင်ငံ ၄ ခု ပေါ်လာမယ်။ ဒါပေမဲ့ သူ့လောက် တန်ခိုးကြီးမှာ မဟုတ်ဘူး။ ၂၃  “ပြစ်မှားသူတွေဟာ မိမိတို့အုပ်ချုပ်ချိန် အဆုံးပိုင်းမှာ ကမ်းကုန်အောင် အပြစ်ကျူးလွန်ကြလိမ့်မယ်။ အဲဒီအချိန်မှာ မျက်နှာထား ကြမ်းကြုတ်ပြီး ရှုပ်ထွေးတဲ့ စကားတွေကို နားလည်တဲ့* ဘုရင်တစ်ပါး ပေါ်လာမယ်။ ၂၄  အဲဒီဘုရင်ဟာ ကိုယ်ပိုင်အစွမ်းအစကြောင့် မဟုတ်ဘဲ တန်ခိုးကြီးမားလာပြီး သိမ်းရုံးဖျက်ဆီးမယ်။ လုပ်ဆောင်လေသမျှ အောင်မြင် ထိရောက်မယ်။ ခွန်အားကြီးသူတွေကိုရော သန့်ရှင်းသူတွေကိုပါ ဖျက်ဆီးမယ်။+ ၂၅  လူတွေကို ကလိမ်ဉာဏ်နဲ့ လှည့်စားနိုင်လိမ့်မယ်။ စိတ်နေမြင့်လာမယ်။ ဘေးကင်းလုံခြုံနေချိန်မှာ*  လူအများကြီးကို  ဖျက်ဆီးလိမ့်မယ်။ ဘုရင်တို့ရဲ့ဘုရင်ကိုတောင် အန်တုလိမ့်မယ်။ ဒါပေမဲ့ လူ့လက်နဲ့မဟုတ်ဘဲ ကျိုးပဲ့ပျက်စီးရလိမ့်မယ်။ ၂၆  “ညဦးနဲ့ မနက်တွေအကြောင်း စိတ်အာရုံမှာ  ပြောခဲ့တဲ့အချက်ဟာ မှန်ကန်တယ်။ ဒီစိတ်အာရုံဟာ နောင်အနာဂတ်နဲ့ သက်ဆိုင်တဲ့အတွက် လျှို့ဝှက်ထားပါ။”+ ၂၇  ငါဒံယေလက မောပန်းနွမ်းနယ်ပြီး ရက်အတော်ကြာ ဖျားနေတယ်။+ အဲဒီနောက် ထပြီး မင်းကြီးဆီမှာ ပြန်အမှုထမ်းတယ်။+ ဒါပေမဲ့ မြင်ခဲ့ရတဲ့အရာကြောင့် မိန်းမောတွေဝေနေတုန်းပဲ။ အဲဒီစိတ်အာရုံအကြောင်း ဘယ်သူမှ နားမလည်နိုင်ဘူး။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဥလဲတူးမြောင်းဘေးမှာ။”
မူရင်း၊ “မိုးကောင်းကင် လေ ၄ မျိုးဆီ။”
ဒါမှမဟုတ်၊ “ဉာဏ်နီဉာဏ်နက်များတဲ့။”
“ကြိုတင်သတိမပေးဘဲ” လည်းဖြစ်နိုင်။