နာဟုံ ၂:၁-၁၃

  • နိနဝေမြို့ ပျက်စီးခြင်း (၁-၁၃)

    • “မြစ်ရေတံခါးတွေ ပွင့်သွားမယ်”()

၂  ကွဲလွင့်စေသူက မင်းကို* တိုက်ဖို့ ရောက်လာပြီ။+ ခံတပ်တွေကို ကာကွယ်ထားပါ။ လမ်းကို စောင့်ကြည့်နေပါ။ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။ အားအင်ရှိသမျှ စုစည်းထားပါ။  ၂  ဖျက်ဆီးသူတွေက သူတို့ကို ဖျက်ဆီးလိုက်ပြီ။+ သူတို့ရဲ့အညွန့်တွေကိုလည်း ဖျက်ဆီးလိုက်ပြီ။ ဒါကြောင့် ယေဟောဝါက ယာကုပ်ရဲ့ ဂုဏ်ကျက်သရေနဲ့ အစ္စရေးရဲ့ ဂုဏ်ကျက်သရေကို ပြန်ပေးလိမ့်မယ်။  ၃  ခွန်အားကြီးသူတွေ ကိုင်ထားတဲ့ ဒိုင်းလွှားဟာ နီရဲနေတယ်။ စစ်သူရဲတွေ ကြက်သွေးရောင် ဝတ်ဆင်ထားတယ်။ စစ်ပွဲအတွက် အသင့်ပြင်တဲ့နေ့မှာ စစ်မြင်းရထားမှာတပ်ထားတဲ့ သံချပ်တွေဟာ မီးလို ဖိတ်ဖိတ်တောက်နေတယ်။ ဂျူနီပါထင်းရှူးသားနဲ့ လုပ်ထားတဲ့ လှံတွေကို ဝှေ့ယမ်းနေတယ်။  ၄  စစ်မြင်းရထားတွေက လမ်းတစ်လျှောက် ဒုန်းစိုင်းနှင်နေတယ်။ လူထုရင်ပြင်တွေမှာ သွားချည်လာချည်နဲ့ ကဆုန်ပေါက်နေတယ်။ မီးတုတ်လို တောက်ပပြီး လျှပ်စီးလို လက်နေတယ်။  ၅  သူက* တပ်မှူးတွေကို ဆင့်ခေါ်လိမ့်မယ်။ သူတို့ချီတက်လာတဲ့အခါ တိုက်မိလဲကုန်မယ်။ မြို့ရိုးဆီ ပြေးလာပြီး အဆီးအတားတွေ ချထားလိမ့်မယ်။  ၆  မြစ်ရေတံခါးတွေ ပွင့်သွားမယ်။ နန်းတော်လည်း ပြိုကျသွားမယ်။  ၇  ထုတ်ပြန်ထားတဲ့ အမိန့်ကတော့– သူဟာ လူပုံအလယ်မှာ အရှက်ကွဲရမယ်။ သုံ့ပန်းဘဝ ရောက်ရမယ်။ သူ့ရဲ့ကျွန်မတွေ ရင်ဘတ်ထုပြီး ချိုးငှက်တွေလို ညည်းတွားရမယ်။  ၈  နိနဝေမြို့ဟာ+ တစ်ဘဝလုံး ရေကန်နဲ့ တူခဲ့တယ်။ အခုတော့ ရေတွေ စီးထွက်ကုန်ပြီ။ “ရပ်ကြ။ ရပ်ကြ” လို့အော်ပြောပေမဲ့ ဘယ်သူမှ ပြန်မလှည့်လာကြဘူး။+  ၉  ငွေကို လုယက်ကြ။ ရွှေကိုလည်း လုယက်ကြ။ ရတနာတွေ မကုန်နိုင်ဘူး။ အဖိုးတန်ပစ္စည်း အမျိုးမျိုးကလည်း မနည်းမနောပဲ။ ၁၀  မြို့က ဟာလာဟင်းလင်း ဖြစ်သွားပြီ။ လူသူကင်းမဲ့ပြီး ပျက်စီးသွားပြီ။+ သူတို့ရဲ့စိတ်နှလုံးဟာ ကြောက်စိတ်ကြောင့် အရည်ပျော်ကုန်ပြီ။ ဒူးချင်းရိုက်ပြီး တင်ပါး တဆတ်ဆတ်တုန်နေပြီ။ မျက်နှာတွေ နီရဲနေပြီ။ ၁၁  ခြင်္သေ့အောင်းတဲ့ ဂူက ဘယ်မှာလဲ။+ အဲဒီမှာ ခြင်္သေ့က သားပေါက်တွေကို ကျွေးမွေးခဲ့တယ်။ ခြောက်လှန့်သူမရှိဘဲ သားပေါက်တွေနဲ့အတူ ဝင်ထွက်သွားလာခဲ့တယ်။ ၁၂  ခြင်္သေ့က သားပေါက်တွေ စားနိုင်သလောက် သားကောင်ကို အပိုင်းပိုင်း ဆွဲဖဲ့ပေးခဲ့တယ်။ ခြင်္သေ့မတွေအတွက် သားကောင်ရဲ့လည်မျိုကို ကိုက်ဖြတ်ပေးခဲ့တယ်။ သူ့ရဲ့တွင်းတွေကို သားကောင်တွေနဲ့၊သူ့ရဲ့ဂူတွေကိုလည်း အပိုင်းပိုင်း ဆွဲဖဲ့ထားတဲ့ တိရစ္ဆာန်တွေနဲ့ ဖြည့်ထားခဲ့တယ်။ ၁၃  “မင်းကို ငါတိုက်ခိုက်မယ်။+ မင်းရဲ့ စစ်မြင်းရထားတွေကို မီးရှို့မယ်။+ ဓားဘေးက မင်းရဲ့ ခြင်္သေ့ပျိုတွေကို ဝါးမျိုလိမ့်မယ်။ ကမ္ဘာမြေပေါ်မှာ မင်းအတွက် သားကောင်မရှိအောင် ငါလုပ်မယ်။ စေတမန်တွေရဲ့အသံကို မင်း ထပ်ကြားရတော့မှာ မဟုတ်ဘူး”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်။

အောက်ခြေမှတ်ချက်များ

နိနဝေမြို့။
 အဆီးရီးယားဘုရင် ဖြစ်နိုင်။