နေဟမိ ၁၃:၁-၃၁
၁၃ အဲဒီနေ့မှာ မောရှေရဲ့ ပညတ်ကျမ်းကို လူတွေကြားအောင် ဖတ်ပြတဲ့အခါ+ အမ္မုန်လူမျိုးနဲ့ မောဘလူမျိုး+ တစ်ယောက်မှ ဘုရားသခင့်လူမျိုး အစုအဝေးထဲ မပါရဘူးဆိုပြီး+ ရေးထားတာကို တွေ့ရတယ်။
၂ သူတို့က အစ္စရေးတွေကို အစာရေစာ မထောက်ပံ့ပေးတဲ့အပြင် ကျိန်စာတိုက်ဖို့ ဗာလမ်ကို ငှားရမ်းခဲ့ကြတယ်။+ ဒါပေမဲ့ ဘုရားသခင်က ကျိန်စာကို ကောင်းချီးအဖြစ် ပြောင်းလဲပေးခဲ့တယ်။+
၃ အဲဒီပညတ်ကို ကြားတဲ့အခါ တိုင်းတစ်ပါးမျိုးနွယ်က ဆင်းသက်လာသူတွေကို အစ္စရေးတွေထဲကနေ ပယ်ထုတ်လိုက်ကြတယ်။+
၄ အဲဒီမတိုင်ခင်မှာ ဘုရားသခင့်အိမ်တော် သိုလှောင်ခန်းတာဝန်ခံ+ ပုရောဟိတ် ဧလျာရှိပ်က+ တောဘိနဲ့ အမျိုးတော်တဲ့အတွက်၊+
၅ တောဘိကို သိုလှောင်ခန်းကြီးတစ်ခန်း ပေးထားတယ်။ အရင်တုန်းက အဲဒီအခန်းမှာ ကောက်နှံအလှူ၊ လောဗန်၊* အသုံးအဆောင်ပစ္စည်းတွေအပြင် လေဝိအမျိုးသားတွေ၊+ သီချင်းသည်တွေနဲ့ တံခါးစောင့်တွေ ရထိုက်တဲ့ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ရဲ့+ ဆယ်ဖို့တစ်ဖို့၊ ပုရောဟိတ်တွေအတွက်ပေးတဲ့ အလှူပစ္စည်းတွေကိုပါ ထားလေ့ရှိတယ်။+
၆ အဲဒီအတောအတွင်း ကျွန်တော် ဂျေရုဆလင်မြို့မှာ မရှိဘူး။ ဗာဗုလုန်ဘုရင် အာတဇေရဇ်+ နန်းစံ ၃၂ နှစ်မှာ+ ဘုရင့်ဆီ ပြန်သွားလိုက်တာ။ အတော်လေးကြာတော့ ကျွန်တော်က ဘုရင့်ဆီ ခွင့်ပြုချက်တောင်းပြီး၊
၇ ဂျေရုဆလင်မြို့ကို ပြန်ရောက်လာတဲ့အခါ ဧလျာရှိပ်က+ ဘုရားသခင်ရဲ့အိမ်တော် ဝင်းထဲမှာ တောဘိအတွက်+ အခန်းတစ်ခန်းပေးထားမှန်း ကျွန်တော် သိလိုက်ရတယ်။ ဒါဟာ တော်တော်ဆိုးတဲ့လုပ်ရပ်ပဲ။
၈ ကျွန်တော်လည်း ဒေါသထွက်လွန်းလို့ အဲဒီအခန်းထဲက တောဘိရဲ့ ပရိဘောဂအားလုံးကို အပြင်ထုတ်ပစ်လိုက်တယ်။
၉ အဲဒီနောက် သိုလှောင်ခန်းတွေကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်တယ်။ ဘုရားသခင့်အိမ်တော် အသုံးအဆောင်ပစ္စည်းတွေ၊+ ကောက်နှံအလှူတွေ၊ လောဗန်တွေကို+ အဲဒီအခန်းမှာ ပြန်ထားလိုက်တယ်။
၁၀ လေဝိအမျိုးသားတွေလည်း ရထိုက်တဲ့ဝေစုတွေ+ မရကြဘူး။+ ဒါကြောင့် အမှုဆောင်နေတဲ့ လေဝိအမျိုးသားတွေ၊ သီချင်းသည်တွေက ကိုယ့်လယ်မြေဆီ ပြန်သွားနေရမှန်း ကျွန်တော်သိလိုက်ရတယ်။+
၁၁ ဒါနဲ့ အုပ်ချုပ်ရေးမှူးတွေကို “စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ကို ဘာလို့ပစ်ထားကြတာလဲ”+ ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုလိုက်တယ်။+ လေဝိအမျိုးသားတွေကို ပြန်စုစည်းပြီး တာဝန်ထမ်းဆောင်ခိုင်းတယ်။
၁၂ ယုဒလူတွေကလည်း ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ရဲ့ ဆယ်ဖို့တစ်ဖို့ကို+ သိုလှောင်ခန်းတွေဆီ ယူလာကြတယ်။+
၁၃ အဲဒီနောက် ကျွန်တော်က ပုရောဟိတ်ရှေလမိ၊ ကျမ်းကူးသူ ဇာဒုတ်နဲ့ လေဝိအမျိုးသား ပေဒါယကို သိုလှောင်ခန်းတာဝန်ခံအဖြစ် ခန့်ထားတယ်။ မသနိရဲ့မြေး၊ ဇက္ကုရရဲ့သား ဟာနန်က လက်ထောက်ဖြစ်တယ်။ သူတို့ဟာ ယုံကြည်စိတ်ချထိုက်သူတွေဖြစ်ပြီး ညီအစ်ကိုတွေအတွက် ဝေစုခွဲဝေပေးရတဲ့တာဝန် ရထားကြတယ်။
၁၄ ဘုရားသခင်၊ ဒီအတွက် ကျွန်တော့်ကို သတိရပေးပါ။+ ဘုရားသခင့်အိမ်တော်နဲ့ အိမ်တော်လုပ်ငန်းတွေအတွက် ကျွန်တော်လုပ်ခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာပါလုပ်ရပ်တွေကို မမေ့လိုက်ပါနဲ့။+
၁၅ အဲဒီအချိန်တုန်းက ယုဒလူတွေဟာ ဥပုသ်နေ့မှာ+ စပျစ်သီးနယ်တာ၊ မြည်းတွေပေါ် ကောက်နှံတွေ တင်လာတာ၊ စပျစ်ဝိုင်၊ စပျစ်သီးတွေ၊ သဖန်းသီးတွေနဲ့ ဝန်ထုပ်အမျိုးမျိုးကို ဂျေရုဆလင်မြို့ထဲ သယ်လာတာကို ကျွန်တော် တွေ့တယ်။+ ဒါကြောင့် ဥပုသ်နေ့မှာ အစားအစာတွေ မရောင်းကြဖို့ သတိပေးခဲ့တယ်။*
၁၆ ဂျေရုဆလင်မြို့မှာ နေထိုင်တဲ့ တိုင်ရာလူမျိုးတွေကလည်း ငါးနဲ့ ကုန်ပစ္စည်း အမျိုးမျိုးကို ယူလာပြီး မြို့ထဲက ယုဒလူတွေကို ဥပုသ်နေ့မှာ ရောင်းကြတယ်။+
၁၇ အဲဒီအခါ ကျွန်တော်က ယုဒအရာရှိတွေကို “ခင်ဗျားတို့လုပ်ပုံက ဆိုးရွားလိုက်တာ။ ဥပုသ်နေ့ကိုတောင် မစောင့်ထိန်းကြပါလား။
၁၈ ဘိုးဘေးတွေ အဲဒီလိုလုပ်ခဲ့လို့ ဘုရားသခင်က ကျွန်တော်တို့နဲ့ ဒီမြို့အပေါ်မှာ အခုလို ဘေးဆိုးတွေ ကျရောက်စေခဲ့တယ် မဟုတ်လား။ ဒါတောင် ခင်ဗျားတို့က ဥပုသ်နေ့ကို မစောင့်ထိန်းဘဲ အစ္စရေးတွေကို ဘုရားသခင် ပိုပြီးအမျက်ထွက်အောင် လုပ်နေကြပါလား” ဆိုပြီး ပြင်းပြင်းထန်ထန် အပြစ်တင်တယ်။+
၁၉ အဲဒီနောက် ကျွန်တော်က ဥပုသ်နေ့မစခင် ဂျေရုဆလင်မြို့တံခါးတွေမှာ မှောင်ရိပ်ကျတာနဲ့ တံခါးတွေ ပိတ်ခိုင်းလိုက်တယ်။ ဥပုသ်နေ့ မကုန်မချင်း တံခါးမဖွင့်ရဘူးလို့လည်း မှာထားတယ်။ ပြီးတော့ ဥပုသ်နေ့မှာ ဘာပစ္စည်းမှ မြို့ထဲ မသယ်လာနိုင်အောင် ကျွန်တော့်နောက်လိုက်တချို့ကို မြို့တံခါးတွေမှာ အစောင့်ချထားတယ်။
၂၀ ဒါကြောင့် ကုန်သည်တွေနဲ့ ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသူတွေက မြို့ပြင်မှာ တစ်ကြိမ်နှစ်ကြိမ် ညအိပ်သေးတယ်။
၂၁ အဲဒီအခါ ကျွန်တော်က “မြို့ရိုးရှေ့မှာ ဘာလို့ အိပ်ကြတာလဲ။ နောက်တစ်ခါတွေ့ရင်တော့ ဖမ်းမယ်” ဆိုပြီး သူတို့ကို သတိပေးလိုက်တယ်။ အဲဒီအချိန်ကစပြီး ဥပုသ်နေ့မှာ မလာကြတော့ဘူး။
၂၂ ပြီးတော့ လေဝိအမျိုးသားတွေကို ပုံမှန် ကိုယ်ကိုစင်ကြယ်စေပြီး မြို့တံခါးတွေမှာ လာစောင့်ကြပ်ရမယ်လို့ ကျွန်တော်မှာထားတယ်။ ဒါမှ ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းနိုင်မယ်။+ ဘုရားသခင်၊ ကျွန်တော် အခုလို လုပ်ဆောင်တာကိုလည်း သတိရပေးပါ။ ကိုယ်တော်ရဲ့ ခိုင်မြဲသောမေတ္တာ ကြီးမားလှတဲ့အတွက် ကျွန်တော့်ကို သနားပါ။+
၂၃ ဒါ့အပြင် အဲဒီအချိန်တုန်းက ဂျူးတွေဟာ အာဇုတ်မြို့သူတွေ၊+ အမ္မုန်အမျိုးသမီးတွေ၊ မောဘအမျိုးသမီးတွေနဲ့+ လက်ထပ်ထားမှန်း+ ကျွန်တော် သိလိုက်ရတယ်။
၂၄ သူတို့ရဲ့သားသမီးတစ်ယောက်မှ ဂျူးဘာသာစကားကို မပြောတတ်ဘူး။ တစ်ဝက်လောက်က အာဇုတ်စကားကို ပြောတယ်။ ကျန်တာတွေကတော့ တခြားဘာသာစကားကို ပြောကြတယ်။
၂၅ ဒါကြောင့် ကျွန်တော်က သူတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြီး ဘုရားသခင် ဆုံးမတာ ခံရမယ်လို့ သတိပေးလိုက်တယ်။ တချို့ကို ရိုက်နှက်ပြီး+ ဆံပင်ဆွဲနုတ်ပစ်တယ်။ အဲဒီနောက် ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုခိုင်းတယ်– “ကိုယ့်သမီးတွေကို သူတို့ရဲ့သားတွေနဲ့ မပေးစားနဲ့။ သူတို့ရဲ့သမီးတွေကို ကိုယ်တိုင်လည်း မယူနဲ့။ ကိုယ့်သားတွေနဲ့လည်း မပေးစားနဲ့။+
၂၆ အစ္စရေးဘုရင် ရှောလမုန်က အဲဒီလိုလုပ်ပြီး ပြစ်မှားခဲ့တယ် မဟုတ်လား။ လူမျိုးတွေထဲမှာ သူ့လိုဘုရင်မျိုး မရှိဘူး။+ ဘုရားသခင်က သူ့ကို ချစ်တဲ့အတွက်+ အစ္စရေးဘုရင်အဖြစ် ခန့်အပ်တယ်။ ဒါပေမဲ့ တိုင်းတစ်ပါးမိန်းမတွေက သူအပြစ်ကျူးလွန်အောင် လုပ်နိုင်ခဲ့တယ်။+
၂၇ အခု ခင်ဗျားတို့က တိုင်းတစ်ပါးမိန်းမတွေနဲ့ လက်ထပ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြပြီ။ ဒီလောက်ဆိုးရွားတဲ့လုပ်ရပ်ဟာ လူကြားလို့မှ ကောင်းသေးရဲ့လား”+ ဆိုပြီး ပြောလိုက်တယ်။
၂၈ ပြီးတော့ ပုရောဟိတ်မင်း ဧလျာရှိပ်ရဲ့မြေး၊+ ယောယဒရဲ့+ သားတစ်ယောက်ဟာ ဟောရုန်မြို့သား သမ်ဘာလတ်ရဲ့ သမက်ဖြစ်နေလို့+ အဲဒီသားကို ကျွန်တော် မောင်းထုတ်လိုက်တယ်။
၂၉ ဘုရားသခင်၊ သူတို့က ပုရောဟိတ်တာဝန်ကို ညစ်ညူးစေတဲ့အပြင် လေဝိအမျိုးသားတွေ၊+ ပုရောဟိတ်တွေနဲ့ဖွဲ့တဲ့ ပဋိညာဉ်ကိုလည်း+ ညစ်ညူးစေခဲ့တဲ့အတွက် သူတို့ကို အပြစ်ဒဏ်ပေးဖို့ သတိရပါ။
၃၀ အဲဒီနောက် ကျွန်တော်က လူတွေကို တိုင်းတစ်ပါး လွှမ်းမိုးမှုမှန်သမျှကနေ ကင်းစင်သွားအောင် လုပ်ပေးတယ်။ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေကို တာဝန်ကိုယ်စီ ခွဲဝေပေးတယ်။+
၃၁ သီးဦးသီးဖျား အမှည့်တွေ၊ သတ်မှတ်ထားချိန်မှာ ယူလာရမယ့် ထင်းတွေအတွက် စီစဉ်ပေးတယ်။+
ဘုရားသခင်၊ ကျွန်တော့်ကို သတိရပေးပါ။ မျက်နှာသာ ပေးတော်မူပါ။+