နေဟမိ ၂:၁-၂၀
၂ အာတဇေရဇ်မင်း+ နန်းစံအနှစ် ၂၀၊+ နိသန်လမှာ* ကျွန်တော်က မင်းကြီးရှေ့မှာ တည်ခင်းထားတဲ့ စပျစ်ဝိုင်ကို ယူပြီး ခါတိုင်းလိုပဲ ဆက်သတယ်။+ ဒါပေမဲ့ ရှေ့တော်မှာ တစ်ခါမှ မျက်နှာမညှိုးဖူးတဲ့အတွက်၊
၂ မင်းကြီးက “နေကောင်းလျက်နဲ့ ဘာဖြစ်လို့ ဒီလောက် မျက်နှာညှိုးနေတာလဲ။ စိတ်ညစ်စရာ တစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်” ဆိုပြီးပြောတော့ ကျွန်တော် လန့်ဖျပ်သွားတယ်။
၃ ဒါနဲ့ကျွန်တော်က“အရှင်မင်းကြီး၊ အသက်တော် ရှည်ပါစေ။ ကျွန်တော့်ဘိုးဘေးတွေရဲ့ သင်္ချိုင်းရှိရာမြို့ဟာ ပျက်စီးနေပြီး မြို့တံခါးတွေလည်း မီးလောင်ပျက်စီးကုန်ပါပြီ။ ဒါကြောင့် ကျွန်တော် မျက်နှာမညှိုးဘဲ ဘယ်နေနိုင်ပါ့မလဲ”+ လို့လျှောက်တင်တယ်။
၄ ဒါနဲ့ မင်းကြီးက “မင်း ဘာဖြစ်စေချင်သလဲ” လို့မေးတော့ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ဆီ ကျွန်တော် ချက်ချင်း ဆုတောင်းလိုက်တယ်။+
၅ အဲဒီနောက် “မင်းကြီး အလိုတော်ရှိတယ်၊ ကျွန်တော့်ကို မင်းကြီးစိတ်နဲ့ တွေ့တယ်ဆိုရင် ယုဒပြည်၊ ဘိုးဘေးတွေရဲ့ သင်္ချိုင်းရှိရာမြို့ကို သွားခွင့်ပြုပါ။ မြို့ကို ပြန်တည်ဆောက်ချင်ပါတယ်” ဆိုပြီး ခွင့်တောင်းတယ်။+
၆ အဲဒီအခါ မိဖုရားနဲ့အတူ ထိုင်နေတဲ့ဘုရင်က “မင်းရဲ့ခရီးစဉ် ဘယ်လောက်ကြာမလဲ။ ဘယ်တော့ပြန်လာမလဲ” လို့မေးတယ်။ ဘုရင်က သွားခွင့်ပေးချင်နေတာကြောင့်+ ကျွန်တော်လည်း ခရီးစဉ်ကြာချိန်ကို ပြောပြလိုက်တယ်။+
၇ ပြီးတော့ “မင်းကြီး အလိုတော်ရှိမယ်ဆိုရင် ယုဒပြည်ကို ကျွန်တော် သွားတဲ့အခါ မြစ်ကြီး*+ တစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံတွေ သူတို့ပြည်ကို ဖြတ်သွားခွင့်ပြုစေဖို့ အမိန့်တော်စာတွေ ပေးသနားပါ။
၈ ဒါ့အပြင် ဗိမာန်တော်ရဲတိုက်ရဲ့+ တံခါးတွေအတွက်၊ မြို့ရိုးအတွက်၊+ ကျွန်တော်နေမယ့်အိမ်အတွက် သစ်တွေပေးဖို့ သစ်တောဝန် အာသပ်ဆီကို အမိန့်တော်စာ ပေးသနားပါ” လို့တောင်းဆိုတယ်။ ဘုရားသခင်ရဲ့ ထောက်မပေးမှုကြောင့်+ ကျွန်တော်တောင်းဆိုတာတွေကို မင်းကြီး ပေးသနားတယ်။+
၉ ကျွန်တော်က မင်းကြီးထည့်ပေးလိုက်တဲ့ ဗိုလ်ချုပ်တွေ၊ မြင်းစီးသူရဲတွေနဲ့အတူ မြစ်ကြီးတစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံတွေဆီ ရောက်လာပြီး အမိန့်တော်စာတွေကို ပေးလိုက်တယ်။
၁၀ အစ္စရေးတွေကို ကူညီဖို့ လူတစ်ယောက် လာနေပြီဆိုတဲ့ သတင်းကို ဗေသောရုန်မြို့သား သမ်ဘာလတ်၊+ အမ္မုန်အမျိုးသား+ အရာရှိတောဘိတို့+ ကြားတဲ့အခါ အရမ်း စိတ်အနှောင့်အယှက် ဖြစ်သွားကြတယ်။
၁၁ နောက်ဆုံးတော့ ဂျေရုဆလင်မြို့ကို ကျွန်တော်ရောက်လာပြီး အဲဒီမှာ သုံးရက်နေတယ်။
၁၂ ညအချိန်မှာ ကျွန်တော်ထပြီး လူတချို့ကို ခေါ်တယ်။ ဂျေရုဆလင်မြို့အတွက် လုပ်ဆောင်ရမယ့်အရာနဲ့ ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ ဘုရားသခင် ထည့်ပေးတဲ့ အကြံအစည်တွေကို ဘယ်သူ့ကိုမှ မပြောပြဘူး။ ကျွန်တော်စီးတဲ့ မြည်းကလွဲလို့ တခြားတိရစ္ဆာန် မပါဘူး။
၁၃ ညအချိန်မှာ ချိုင့်ဝှမ်းတံခါးကနေ+ ကျွန်တော် ထွက်လာတယ်။ မြွေကြီးစမ်းရေတွင်း* ရှေ့ကနေ ဖြတ်ပြီး ပြာပုံတံခါးအထိ+ သွားတယ်။ အဲဒီလိုသွားရင်းနဲ့ ပြိုပျက်နေတဲ့ မြို့ရိုးတွေ၊ မီးလောင်ပျက်စီးနေတဲ့ မြို့တံခါးတွေကို အသေအချာ စစ်ဆေးတယ်။+
၁၄ ပြီးတော့ စမ်းရေတွင်းတံခါးကို+ ဖြတ်ပြီး ဘုရင့်ရေကန်အထိ ဆက်သွားတယ်။ အဲဒီမှာ ကျွန်တော်စီးလာတဲ့မြည်း သွားစရာလမ်း မရှိတော့ဘူး။
၁၅ ဒါနဲ့ ချိုင့်ဝှမ်းဘက်ကို+ ဆက်တက်သွားပြီး မြို့ရိုးကို ကြည့်ရှုစစ်ဆေးတယ်။ ပြီးတဲ့နောက် ပြန်လှည့်လာပြီး ချိုင့်ဝှမ်းတံခါးကနေ ပြန်ဝင်လာခဲ့တယ်။
၁၆ ကျွန်တော်က ဂျူးတွေ၊ ပုရောဟိတ်တွေ၊ အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်တဲ့အလုပ်သမားတွေကို ဘာတစ်ခုမှ မပြောပြသေးတဲ့အတွက် ကျွန်တော် ဘယ်သွားမှန်း၊ ဘာလုပ်နေမှန်း အုပ်ချုပ်ရေးမှူးတွေ+ မသိကြဘူး။
၁၇ နောက်ဆုံးတော့ ကျွန်တော်က “ဂျေရုဆလင်မြို့ ပျက်စီးပြီး မြို့တံခါးတွေ မီးလောင်ကျွမ်းနေတာ၊ အခြေအနေ တော်တော်ဆိုးနေတာ ခင်ဗျားတို့အမြင်ပဲ။ ကျွန်တော်တို့ ဆက်ပြီး ကဲ့ရဲ့ရှုတ်ချမခံရအောင် အခု ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ဆောက်ကြစို့” ဆိုပြီး သူတို့ကိုပြောတယ်။
၁၈ ကျွန်တော့်ကို ဘုရားသခင် ဘယ်လို ထောက်မပေးနေတယ်၊+ မင်းကြီး ဘာပြောခဲ့တယ်ဆိုတာတွေကိုလည်း ပြောပြလိုက်တယ်။+ အဲဒီအခါ သူတို့က “အခုပဲ မြို့ရိုးကို ပြန်တည်ဆောက်ကြစို့” လို့ပြောပြီး လုပ်ငန်းစတင်ဖို့ အားတက်သရော ပြင်ဆင်ကြတော့တယ်။+
၁၉ ဒီအကြောင်းကို ဗေသောရုန်မြို့သား သမ်ဘာလတ်၊ အမ္မုန်အမျိုးသား+ အရာရှိတောဘိ၊+ အာရပ်လူ+ ဂေရှင်တို့ကြားတဲ့အခါ ကျွန်တော်တို့ကို လှောင်ပြောင်တယ်။+ “ဘာတွေ လျှောက်လုပ်နေတာလဲ။ မင်းကြီးကို ပုန်ကန်နေတာလား” ဆိုပြီး ကဲ့ရဲ့ပြောဆိုကြတယ်။+
၂၀ ကျွန်တော်ကလည်း “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က အောင်မြင်ခွင့် ပေးလိမ့်မယ်။+ ကျွန်တော်တို့ဟာ ဘုရားရဲ့ကျွန်တွေဖြစ်လို့ မြို့ရိုးကို စတင် တည်ဆောက်ကြမယ်။ ခင်ဗျားတို့ကတော့ ဂျေရုဆလင်မြို့နဲ့ ဘာမှမဆိုင်ဘူး။ ဘာပြောပိုင်ခွင့်မှ မရှိဘူး။ ဒီမြို့မှာ ခင်ဗျားတို့နဲ့ ပတ်သက်တဲ့ အမှတ်ရစရာ ဘာတစ်ခုမှမရှိဘူး”+ ဆိုပြီး သူတို့ကို ပြန်ပြောလိုက်တယ်။
အောက်ခြေမှတ်ချက်များ
^ နောက်ဆက်တွဲ ခ၁၅ ကိုကြည့်။
^ ယူဖရေးတီးမြစ်။
^ တချို့ကျမ်းစာမှာ “နဂါးစမ်းရေတွင်း။”