နေဟမိ ၄:၁-၂၃
၄ ကျွန်တော်တို့ မြို့ရိုးပြန်တည်ဆောက်နေတာကို သမ်ဘာလတ်+ ကြားတဲ့အခါ အကြီးအကျယ် စိတ်ဆိုးပြီး မကျေမနပ်ဖြစ်တယ်။ ဒါနဲ့ ဂျူးတွေကို သူ လှောင်ပြောင်တော့တယ်။
၂ သူ့ညီအစ်ကိုတွေနဲ့ ရှမာရိတပ်ရှေ့မှာ “ချည့်နဲ့နေတဲ့ ဒီဂျူးတွေ ဘာလုပ်နေကြတာလဲ။ သူတို့အစွမ်းအစနဲ့ ဒါကြီးကို ဆောက်မယ်တဲ့လား။ ပူဇော်သက္ကာတွေ ဆက်သကြမယ်တဲ့လား။ တစ်ရက်တည်းနဲ့ အပြီးဆောက်မယ်တဲ့လား။ အုတ်ကျိုးအုတ်ပဲ့တွေကြားထဲက မီးကျွမ်းနေတဲ့ ကျောက်တုံးတွေကို သူတို့ပြန်အသက်သွင်းနိုင်မှာမို့လို့လား”+ ဆိုပြီးပြောတယ်။
၃ ဘေးမှာရပ်နေတဲ့ အမ္မုန်အမျိုးသား+ တောဘိကလည်း+ “သူတို့ဆောက်နေတဲ့ ကျောက်မြို့ရိုးက မြေခွေးတစ်ကောင် တက်ရင်တောင် ပြိုကျသွားမှာပါကွာ” ဆိုပြီး လှောင်ပြောင်တယ်။
၄ ဒါနဲ့ ကျွန်တော်က “ဘုရားသခင်၊ နားထောင်ပေးပါ။ ကျွန်တော်တို့ မထီလေးစား လုပ်ခံနေရလို့ပါ။+ သူတို့ကဲ့ရဲ့တဲ့အတိုင်း သူတို့ကို ပြန်ဆပ်ပေးပါ၊+ တိုက်ရာပါဥစ္စာတွေလို အသိမ်းခံရပြီး သုံ့ပန်းဘဝ ရောက်စေပါ။
၅ သူတို့ရဲ့အမှားကို မဖုံးထားပါနဲ့။ သူတို့ရဲ့အပြစ်ကို ရှေ့တော်ကနေ မဖျက်ပစ်လိုက်ပါနဲ့။+ မြို့ရိုးတည်ဆောက်သူတွေကို သူတို့ စော်ကားနေလို့ပါ” ဆိုပြီး ဆုတောင်းတယ်။
၆ ကျွန်တော်တို့က မြို့ရိုးကို ဆက်ပြီး ပြုပြင်ကြတဲ့အတွက် မြို့ရိုးတစ်ခုလုံး အမြင့်တစ်ဝက်အထိ ပြီးသွားတယ်။ လူတွေလည်း အလုပ်ထဲမှာ စိတ်ကိုနှစ်ပြီး လုပ်ဆောင်ကြတယ်။
၇ ဂျေရုဆလင်မြို့ရိုးကို ဆက်ပြီး ပြုပြင်နေတဲ့အကြောင်း၊ မြို့ရိုးပြိုပျက်တဲ့ နေရာတွေကို ဖာထေးနေတဲ့အကြောင်း သမ်ဘာလတ်၊ တောဘိ၊+ အာရပ်လူတွေ၊+ အမ္မုန်လူတွေ၊ အာဇုတ်မြို့သားတွေ+ ကြားတဲ့အခါ ဒေါသထွက်ကြတယ်။
၈ ဒါကြောင့် ဂျေရုဆလင်မြို့ကို လာတိုက်ပြီး မြို့ထဲမှာ ဆူဆူပူပူ ဖြစ်အောင်လုပ်ဖို့ သူတို့ ပူးပေါင်းကြံစည်ကြတယ်။
၉ ဒါပေမဲ့ ကျွန်တော်တို့က ဘုရားသခင်ဆီ ဆုတောင်းပြီး သူတို့ရန်ကို ကာကွယ်ဖို့ နေ့ရောညပါ အစောင့်ချထားလိုက်တယ်။
၁၀ ဒါပေမဲ့ ယုဒလူတွေက “မြို့ရိုးဆောက်နေသူတွေ သိပ်ပင်ပန်းနေပြီ။ ရှင်းထုတ်ရမယ့် အုတ်ကျိုးအုတ်ပဲ့တွေလည်း အများကြီးရှိသေးတယ်။ ငါတို့ချည်းပဲဆိုရင် မြို့ရိုးကို ဆောက်နိုင်မှာမဟုတ်ဘူး” လို့ပြောနေကြတယ်။
၁၁ ရန်သူတွေကလည်း “သူတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေချိန်မှာ ငါတို့ဝင်သွားပြီး သတ်ပစ်မယ်။ အလုပ်ရပ်ဆိုင်းသွားအောင် လုပ်မယ်” ဆိုပြီး ကြိမ်းနေကြတယ်။
၁၂ ရန်သူတွေအနီးမှာ နေထိုင်တဲ့ ဂျူးတွေကလည်း ရောက်လာတဲ့အခါတိုင်း “ပတ်ဝန်းကျင် အရပ်ရပ်ကနေ ရန်သူတွေ လာတိုက်နိုင်တယ်” ဆိုပြီး အကြိမ်ကြိမ် သတိပေးကြတယ်။
၁၃ ဒါကြောင့် ကျွန်တော်က မြို့ရိုးအနောက်ဘက် နိမ့်တဲ့နေရာတွေ၊ မြေကွက်လပ်တွေမှာ အစောင့်တွေ ချထားလိုက်တယ်။ သူတို့ကို ဓားတွေ၊ လှံတွေ၊ လေးတွေပေးပြီး ဆွေမျိုးစုအလိုက် နေရာချထားတယ်။
၁၄ သူတို့ ကြောက်လန့်နေတာကို မြင်တော့ ချက်ချင်းပဲ အရာရှိတွေ၊+ အုပ်ချုပ်ရေးမှူးတွေနဲ့ လူတွေကို “ရန်သူတွေကို မကြောက်ပါနဲ့။+ ကြီးမြတ်ပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ယေဟောဝါဘုရားကို သတိရကြပါ။+ ကိုယ့်ညီအစ်ကိုတွေ၊ သားမယားတွေ၊ ကိုယ့်အိုးကိုယ့်အိမ်တွေအတွက် တိုက်ခိုက်ကြပါ” လို့ အားပေးတယ်။
၁၅ ရန်သူတွေက သူတို့အကြံကို ကျွန်တော်တို့ သိသွားမှန်း၊ သူတို့အကြံအစည်ကို စစ်မှန်တဲ့ဘုရားသခင် ဖျက်ဆီးလိုက်မှန်း ကြားသိသွားတယ်။ ကျွန်တော်တို့ကတော့ မြို့ရိုးဆောက်တဲ့ အလုပ်ကို ဆက်လုပ်ကြတယ်။
၁၆ အဲဒီနေ့ကစပြီး လူတစ်ဝက်က အလုပ်လုပ်တယ်။+ ကျန်တစ်ဝက်က လှံတွေ၊ ဒိုင်းလွှားတွေ၊ လေးတွေကိုင်ပြီး ချပ်ဝတ်တန်ဆာတွေ ဝတ်ထားကြတယ်။ ခေါင်းဆောင်တွေကလည်း+ ဂျူးတွေရဲ့နောက်မှာ ရပ်ပြီး ထောက်မပေးကြတယ်။
၁၇ အဲဒီဂျူးတွေဟာ မြို့ရိုးတည်ဆောက်နေကြလို့ပဲ။ အထမ်းသမားတွေက လက်တစ်ဖက်နဲ့ အလုပ်လုပ်ပြီး ကျန်တစ်ဖက်နဲ့ လက်နက်ကိုင်ထားကြတယ်။
၁၈ မြို့ရိုးဆောက်လုပ်သူတိုင်းက ခါးမှာ ဓားကိုယ်စီ ချိတ်ဆွဲပြီး အလုပ်လုပ်ကြတယ်။ တံပိုးမှုတ်မယ့်သူက+ ကျွန်တော့်နားမှာ ရပ်နေရတယ်။
၁၉ အဲဒီနောက် ကျွန်တော်က အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လူတွေကို “အလုပ်က ကြီးမားကျယ်ပြန့်ပြီး မြို့ရိုးပေါ်မှာ တစ်ကွဲတစ်ပြားစီ လုပ်နေရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးနေတယ်။
၂၀ ဒါကြောင့် တံပိုးမှုတ်သံကြားရင် ကျွန်တော်တို့ရှိတဲ့ နေရာမှာ လာစုကြပါ။ ကျွန်တော်တို့အတွက် ဘုရားသခင် တိုက်ခိုက်ပေးလိမ့်မယ်”+ လို့မှာထားတယ်။
၂၁ အဲဒီနောက် အရုဏ်တက်ချိန်ကနေ ကြယ်ထွက်ချိန်အထိ လူတစ်ဝက်က မြို့ရိုးကိုတည်ဆောက်ပြီး ကျန်တစ်ဝက်က လှံတွေ ကိုင်ဆောင်ထားကြတယ်။
၂၂ ကျွန်တော်က “ခင်ဗျားတို့အားလုံး ညဘက်မှာ ကိုယ့်နောက်လိုက်နဲ့အတူ ဂျေရုဆလင်မြို့ထဲမှာ ရှိနေရမယ်။ ညအချိန်မှာ ကင်းစောင့်ပြီး နေ့အချိန်မှာ အလုပ်လုပ်ရမယ်” လို့ လူတွေကို ပြောတယ်။
၂၃ ကျွန်တော်အပါအဝင် ညီအစ်ကိုတွေ၊ နောက်လိုက်တွေ၊+ ကျွန်တော့်ရဲ့ နောက်လိုက်အစောင့်တွေ အားလုံးက ကိုယ့်အဝတ်ကို မချွတ်တမ်းဝတ်ထားပြီး ညာလက်မှာ လက်နက်ကိုယ်စီ ကိုင်ထားကြတယ်။