နေဟမိ ၉:၁-၃၈
၉ ခုနစ်လပိုင်း၊ ၂၄ ရက်နေ့မှာ အစ္စရေးတွေ စုရုံးပြီး အစာရှောင်ကြတယ်။ အထည်ကြမ်း* ဝတ်ပြီး ခေါင်းပေါ်မှာ မြေမှုန့်တွေ တင်တယ်။+
၂ အစ္စရေးမျိုးရိုးကနေ ဆင်းသက်လာသူတွေက တိုင်းတစ်ပါးသားတွေနဲ့ ကင်းကင်းရှင်းရှင်း နေတယ်။+ ကိုယ့်နေရာမှာ ရပ်ပြီး ကိုယ့်အပြစ်တွေ၊ ဘိုးဘေးတွေရဲ့ အမှားတွေကို ဝန်ချတောင်းပန်ကြတယ်။+
၃ ယေဟောဝါဘုရားရဲ့ ပညတ်ကျမ်းကို အသံကျယ်ကျယ်နဲ့ သုံးနာရီကြာ* ဖတ်ပြတယ်။+ နောက်ထပ်သုံးနာရီကြာ အပြစ်ဝန်ချတောင်းပန်ပြီး ယေဟောဝါဘုရားကို ဦးချပျပ်ဝပ်ကြတယ်။
၄ ယေရွှာ၊ ဗာနိ၊ ကာဒမေလ၊ ရှေဗနိ၊ ဗုနိ၊ ရှေရဘိ၊+ ဗာနိနဲ့ ခေနိတို့က လေဝိအမျိုးသားတွေအတွက် ဆောက်ထားတဲ့ စင်မြင့်ပေါ်မှာ ရပ်ပြီး+ ယေဟောဝါ ဘုရားဆီ အသံကျယ်ကျယ် ဆုတောင်းကြတယ်။
၅ လေဝိအမျိုးသားတွေဖြစ်တဲ့ ယေရွှာ၊ ကာဒမေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိနဲ့ ပေသဟိတို့က “မတ်တတ်ရပ်ကြပါ။ ယေဟောဝါဘုရားကို အစဉ်ထာဝရ ချီးမွမ်းကြပါ။+ အို ဘုရားသခင်၊ ဂုဏ်ကျက်သရေရှိလှတဲ့ နာမတော်ကို သူတို့ဂုဏ်တင်ကြပါစေ။ နာမတော်ဟာ ချီးမွမ်းဂုဏ်တင်လို့ မဆုံးနိုင်ပါဘူး။
၆ “ကိုယ်တော်တစ်ပါးတည်းသာ ယေဟောဝါဖြစ်တယ်။+ မိုးကောင်းကင်နဲ့ အမြင့်ဆုံးကောင်းကင်ကိုတောင် ကိုယ်တော်ဖန်ဆင်းတယ်။ ကောင်းကင်ပေါ်ကအရာတွေ၊* မြေကြီးနဲ့ မြေကြီးပေါ်ကအရာတွေ၊ ပင်လယ်နဲ့ ပင်လယ်ထဲက အရာတွေကိုလည်း ဖန်ဆင်းပြီး အဲဒါတွေအားလုံးကို အသက်ရှင်စေတယ်။ ကောင်းကင်ပေါ်ကအရာတွေက ကိုယ်တော့်ကို ပျပ်ဝပ်ကိုးကွယ်နေကြတယ်။
၇ ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရား ယေဟောဝါပါ။ အာဗြံကို ရွေးချယ်ပြီး+ ခါလဒဲပြည်၊ ဥရမြို့ကနေ ခေါ်ထုတ်လာပြီးနောက်+ အာဗြဟံလို့ နာမည်ပေးတယ်။+
၈ သူဟာ ရှေ့တော်မှာ သစ္စာရှိသူဖြစ်မှန်း ကိုယ်တော်တွေ့တဲ့အတွက်+ သူနဲ့ မျိုးနွယ်ကို ခါနန်၊ ဟိတ္တိ၊ အာမောရိ၊ ဖေရဇိ၊ ယေဗုသိ၊ ဂိရဂါရှိလူမျိုးတို့ရဲ့ ပြည်ကိုပေးမယ်ဆိုပြီး သူနဲ့ပဋိညာဉ်ဖွဲ့တယ်။+ ကိုယ်တော်ဟာ ဖြောင့်မတ်တဲ့အရှင် ဖြစ်တဲ့အတွက် ကတိတည်ခဲ့ပါတယ်။
၉ “အီဂျစ်ပြည်မှာ ဘိုးဘေးတွေ ဒုက္ခရောက်တာကို ကိုယ်တော်မြင်တယ်။+ ပင်လယ်နီမှာ အော်ဟစ်အကူအညီတောင်းတာကိုလည်း ကြားတယ်။
၁၀ ဖာရောနဲ့ မင်းမှုထမ်းတွေ၊ တိုင်းသူပြည်သားတွေက ကိုယ်တော့်လူမျိုးကို နှိပ်စက်မှန်း+ ကိုယ်တော်သိတဲ့အတွက် သူတို့ရှေ့မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြခဲ့တယ်။+ ဒီနည်းနဲ့ နာမတော်ကို ဒီနေ့အထိ ထင်ရှားစေခဲ့ပြီ။+
၁၁ သူတို့ရှေ့မှာ ပင်လယ်ကို နှစ်ခြမ်းခွဲလိုက်တဲ့အတွက် ခြောက်သွေ့တဲ့မြေပေါ်မှာ သူတို့ ဖြတ်လျှောက်သွားကြတယ်။+ နောက်ကနေလိုက်လာတဲ့ ရန်သူတွေကိုတော့ ရေနက်ထဲ ပစ်ချခဲ့တယ်။ လှိုင်းထန်တဲ့ ပင်လယ်ထဲ ကျောက်တုံးကို ပစ်ချသလိုပါပဲ။+
၁၂ နေ့အချိန်မှာ မိုးတိမ်တိုင်နဲ့ လမ်းပြပြီး ညအချိန်မှာ မီးတိုင်နဲ့ သူတို့သွားရမယ့်လမ်းကို အလင်းပေးတယ်။+
၁၃ ဆိုင်းနိုင်းတောင်ပေါ်+ ကိုယ်တော်ဆင်းလာပြီး ကောင်းကင်ကနေ စကားပြောတယ်။+ ဖြောင့်မတ်တဲ့ တရားစီရင်ချက်တွေ၊ မှန်ကန်တဲ့ဥပဒေတွေ၊ ကောင်းမွန်တဲ့ စည်းမျဉ်းတွေနဲ့ ပညတ်ချက်တွေကို ပေးတယ်။+
၁၄ ကိုယ်တော်ရဲ့ မြင့်မြတ်တဲ့ဥပုသ်နေ့ကို သိစေပြီး+ ကိုယ်တော့်ကျွန် မောရှေကတစ်ဆင့် ပညတ်ချက်တွေ၊ စည်းမျဉ်းတွေနဲ့ ပညတ်တရားကို ပေးခဲ့တယ်။
၁၅ သူတို့ဆာလောင်တဲ့အခါ ကောင်းကင်ကနေ မုန့်ချပေးတယ်။+ ရေငတ်တဲ့အခါ ကျောက်ဆောင်ထဲကနေ ရေထွက်စေတယ်။+ သူတို့ကိုပေးမယ်လို့ ကျိန်ဆိုခဲ့တဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်ပါဆိုပြီး ကိုယ်တော်ပြောခဲ့တယ်။
၁၆ “ဒါပေမဲ့ ဘိုးဘေးတွေဟာအတင့်ရဲတဲ့လုပ်ရပ်တွေ လုပ်ပြီး+ ခေါင်းမာတယ်။+ ပညတ်ချက်တွေကို နားမထောင်ဘူး။
၁၇ သူတို့မှာ နားထောင်ချင်စိတ် မရှိဘူး။+ ကိုယ်တော်လုပ်ပေးခဲ့တဲ့ ထူးဆန်းအံ့သြဖွယ် လုပ်ရပ်တွေကိုလည်း သတိမရတော့ဘဲ ခေါင်းမာတယ်။ ကျွန်ခံရာအီဂျစ်ပြည်ကို ပြန်ဖို့ ခေါင်းဆောင်တစ်ယောက်ကို ခန့်ထားတယ်။+ ဒါပေမဲ့ ကိုယ်တော်ဟာ ခွင့်လွှတ်ဖို့ အသင့်ရှိတဲ့ဘုရား၊ သနားစာနာပြီး ကရုဏာရှိတဲ့ဘုရား၊ ဒေါသထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြွယ်ဝတဲ့ ဘုရားဖြစ်တာကြောင့်+ သူတို့ကို မစွန့်ပစ်ခဲ့ဘူး။+
၁၈ နွားသငယ်ရုပ်တုကို သွန်းလုပ်ပြီးနောက် ‘ငါတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာ ဒီဘုရားသခင်ပဲ’+ လို့ပြောပြီး မထီလေးစား လုပ်ရပ်တွေကို သူတို့ ကျူးလွန်ကြတာတောင်၊
၁၉ ကိုယ်တော်ကတော့ ကြီးမားလှတဲ့ ကရုဏာကြောင့် သူတို့ကို တောကန္တာရမှာ မစွန့်ပစ်ခဲ့ဘူး။+ နေ့အချိန်မှာ လမ်းပြပေးတဲ့ မိုးတိမ်တိုင်ရော ညအချိန်မှာ သွားရမယ့်လမ်းကို အလင်းပေးတဲ့ မီးတိုင်ပါ သူတို့ပေါ်ကနေ မခွာခဲ့ဘူး။+
၂၀ သူတို့ထိုးထွင်းသိမြင်နိုင်ဖို့ ကောင်းမြတ်တဲ့ စွမ်းအားတော်ကို ပေးတယ်။+ မန္နမုန့်မကျွေးဘဲ မနေခဲ့ဘူး။+ ရေငတ်တဲ့အခါ ရေပေးတယ်။+
၂၁ တောကန္တာရမှာ နှစ်ပေါင်း ၄၀ လုံးလုံး အစာရေစာ ကျွေးမွေးခဲ့တယ်။+ သူတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ အဝတ်တွေ မဟောင်းနွမ်းခဲ့ဘူး၊+ ခြေထောက်တွေလည်း မရောင်ခဲ့ဘူး။
၂၂ “ကိုယ်တော်က တိုင်းနိုင်ငံတွေနဲ့ လူမျိုးတွေကို သူတို့လက်ထဲ ပေးအပ်တယ်။ အဲဒီလူမျိုးတွေရဲ့ နယ်မြေကို အပိုင်းလိုက် ခွဲဝေပေးတယ်။+ ဒါကြောင့် ဟေရှဘုန်ဘုရင်+ ရှိဟုန်ရဲ့ပြည်၊+ ဗာရှန်ဘုရင် သြဂတ်ရဲ့ပြည်ကို+ သူတို့ သိမ်းပိုက်ခဲ့တယ်။
၂၃ သူတို့ရဲ့သားသမီးတွေကို ကောင်းကင်ကြယ်တွေလို များပြားစေတယ်။+ အဲဒီနောက် ဘိုးဘေးတွေကို ကတိပေးခဲ့တဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့ အဲဒီပြည်ထဲ ခေါ်ဆောင်သွားတဲ့အတွက်၊+
၂၄ သူတို့ရဲ့ သားသမီးတွေ ဝင်ရောက်သိမ်းပိုက်ခဲ့ကြတယ်။+ အဲဒီပြည်မှာနေထိုင်တဲ့ ခါနန်လူတွေကို သူတို့ရှေ့မှာပဲ ကိုယ်တော်နှိမ်နင်းခဲ့တယ်။+ အဲဒီလူမျိုးရဲ့ ဘုရင်တွေ၊ ပြည်သူပြည်သားတွေကို စိတ်တိုင်းကျလုပ်နိုင်အောင် သူတို့လက်ထဲ အပ်လိုက်တယ်။
၂၅ သူတို့က ခံတပ်မြို့တွေနဲ့+ မြေသြဇာကောင်းတဲ့ပြည်ကို+ သိမ်းပိုက်တယ်။ ကောင်းမွန်ရာအမျိုးမျိုး ပြည့်နေတဲ့အိမ်၊ တူးပြီးသား ရေတွင်း၊ စပျစ်ခြံ၊ သံလွင်ခြံ၊+ လှိုင်လှိုင်သီးတဲ့ အပင်တွေကိုလည်း သိမ်းယူတယ်။ ဝဝလင်လင် စားသောက်ပြီး ဝဖြိုးလာကြတယ်။ ကိုယ်တော်ရဲ့ ကြီးမားလှတဲ့ ကောင်းမြတ်မှုကို ခံစားရတယ်။
၂၆ “ဒါပေမဲ့ သူတို့က ကိုယ်တော့်ကို မနာခံဘဲ ပုန်ကန်တယ်။+ ပညတ်တရားကို ကျောခိုင်းခဲ့တယ်။ ကိုယ်တော့်ဆီ ပြန်လှည့်လာဖို့ သတိပေးတဲ့ ပရောဖက်တွေကိုလည်း သတ်ပစ်တယ်။ မထီလေးစား လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်။+
၂၇ ဒါကြောင့် ဒုက္ခပေးတဲ့ ရန်သူတွေလက်ထဲ သူတို့ကို ကိုယ်တော် အပ်လိုက်တယ်။+ သူတို့ဒုက္ခရောက်ချိန်မှာ အော်ဟစ်အကူအညီတောင်းတဲ့အခါ ကောင်းကင်ကနေ ကိုယ်တော်ကြားတယ်။ ကရုဏာကြီးမားလှတဲ့အတွက် ရန်သူလက်ကနေ ကယ်တင်မယ့်သူတွေကို ပေါ်ထွန်းစေတယ်။+
၂၈ “ဒါပေမဲ့ သူတို့သက်သာရာရတဲ့အခါ ရှေ့တော်မှာ မကောင်းတာတွေ ပြန်လုပ်တဲ့အတွက်+ သူတို့ကိုကြီးစိုးမယ့် ရန်သူတွေလက်ထဲ ကိုယ်တော် အပ်လိုက်တယ်။+ အဲဒီအခါ ကိုယ်တော့်ဆီ ပြန်လှည့်လာပြီး အော်ဟစ်အကူအညီတောင်းတော့+ ကောင်းကင်ကနေ ကြားတယ်။ ကရုဏာ ကြီးမားလှတဲ့အတွက် သူတို့ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တယ်။+
၂၉ ပညတ်တရားကို လိုက်နာဖို့ သတိပေးပေမဲ့ သူတို့က ပညတ်ချက်တွေကို နားမထောင်ဘဲ အတင့်ရဲတဲ့ လုပ်ရပ်တွေ လုပ်တယ်။+ ကိုယ်တော့် စီရင်ဆုံးဖြတ်ချက်တွေကို မလိုက်နာဘဲ ပြစ်မှားခဲ့ကြတယ်။ အဲဒီအတိုင်းသာ လိုက်နာမယ်ဆိုရင် အသက်ရှင်ကြမှာ။+ ဒါပေမဲ့ သူတို့ ကလန်ကဆန်လုပ်ပြီး ကျောခိုင်းကြတယ်။ ခေါင်းမာတဲ့အပြင် နားထောင်ချင်စိတ်လည်းမရှိဘူး။
၃၀ သူတို့ကို နှစ်ပေါင်းများစွာ ကိုယ်တော် သည်းခံခဲ့တယ်။+ စွမ်းအားတော်ရထားတဲ့ ပရောဖက်တွေကတစ်ဆင့် အမြဲသတိပေးပေမဲ့ သူတို့ နားမထောင်ကြဘူး။ နောက်ဆုံးတော့ ပတ်ဝန်းကျင်လူမျိုးတွေလက်ထဲ အပ်လိုက်တယ်။+
၃၁ ဒါပေမဲ့ ကရုဏာတော် ကြီးမားလှတဲ့အတွက် သူတို့ကို မစွန့်ပစ်ဘူး။ အစတုံး မဖျက်ဆီးခဲ့ဘူး။+ ကိုယ်တော်ဟာ သနားစာနာပြီး ကရုဏာရှိတဲ့ ဘုရားသခင် ဖြစ်လို့ပါပဲ။+
၃၂ “ဘုရားသခင်၊ ကိုယ်တော်ဟာ ကြီးမြတ်တဲ့အရှင်၊ တန်ခိုးကြီးပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ဘုရားသခင်၊ ပဋိညာဉ်ကို တည်စေပြီး ခိုင်မြဲသောမေတ္တာပြတဲ့ အရှင်ပါ။+ အဆီးရီးယားဘုရင်တွေ လက်ထက်ကစပြီး+ အခုချိန်အထိ ကျွန်တော်တို့ရဲ့ ဘုရင်တွေ၊ မှူးမတ်တွေ၊+ ပုရောဟိတ်တွေ၊+ ပရောဖက်တွေ၊+ ဘိုးဘေးတွေနဲ့ ကိုယ်တော့်လူမျိုးတွေ ကြုံရတဲ့ ဆင်းရဲဒုက္ခကို အသေးအဖွဲလို့ သဘောမထားပါနဲ့။
၃၃ ကျွန်တော်တို့ကို ကိုယ်တော် ပြစ်ဒဏ်ပေးတာ တရားပါတယ်။ ကိုယ်တော်က သစ္စာရှိရှိ လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ကသာ မိုက်မိုက်မဲမဲ လုပ်ခဲ့တာပါ။+
၃၄ ကျွန်တော်တို့ရဲ့ ဘုရင်တွေ၊ မှူးမတ်တွေ၊ ပုရောဟိတ်တွေ၊ ဘိုးဘေးတွေက ပညတ်တရားကို မလိုက်နာကြဘူး။ ကိုယ်တော့်ပညတ်ချက်တွေ၊ သတိပေးချက်တွေကိုလည်း အာရုံမစိုက်ကြဘူး။
၃၅ သူတို့ရဲ့နိုင်ငံမှာ နေထိုင်ပြီး ကိုယ်တော်ပေးတဲ့ ကောင်းချီးတွေကို အလျှံပယ် ခံစားနေချိန်၊ ကျယ်ဝန်းပြီး မြေသြဇာကောင်းတဲ့ပြည်မှာ ရှိနေချိန်မှာတောင် ကိုယ်တော့်ကို ဝတ်မပြုကြဘူး။+ အကျင့်ဆိုးတွေကို မစွန့်ပစ်ဘူး။
၃၆ ဒါကြောင့် အခုချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တွေဖြစ်နေရပြီ။+ ပြည်ထွက်သီးနှံတွေ၊ ကောင်းမွန်တဲ့ အရာတွေကို စားသုံးဖို့ ဘိုးဘေးတွေကို ကိုယ်တော်ပေးခဲ့တဲ့ ပြည်မှာ ကျွန်တွေ ဖြစ်နေပါပြီ။
၃၇ ကျွန်တော်တို့ရဲ့ အပြစ်ကြောင့် ကျွန်တော်တို့ကို အုပ်ချုပ်ဖို့ ကိုယ်တော်ခန့်ထားတဲ့ တိုင်းတစ်ပါးဘုရင်တွေက ဒီပြည်ထွက်သီးနှံတွေကို စားသုံးနေကြပြီ။+ သူတို့က ကျွန်တော်တို့ကိုရော တိရစ္ဆာန်တွေကိုပါ ကြိုက်သလို ခိုင်းစားနေတဲ့အတွက် အကြီးအကျယ် ဒုက္ခရောက်နေကြပါပြီ။
၃၈ “ဒါတွေအားလုံးကြောင့် ကျွန်တော်တို့က ကတိခံဝန်ချက်ကို ရေးသားပြီး+ မှူးမတ်တွေ၊ လေဝိအမျိုးသားတွေ၊ ပုရောဟိတ်တွေက တံဆိပ်ခတ်နှိပ်ကြတယ်။”+